ယူကရိန်းဟာ နိုင်ငံအရှေ့ပိုင်း ဘတ်ခ်မွတ်မြို့က ရုရှားစစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် အရှိဆုံး တပ်တွေကို ချေမှုန်းဖျက်ဆီးခဲ့တယ်လို့ ယူကရိန်း ထိပ်တန်းစစ်ဗိုလ်ချုပ်က ပြောကြားခဲ့ကြောင်း မေလ ၂ ရက်မှာ ဗွီဒီယိုနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
“ဘတ်ခ်မွတ်ကို ဆက်ထိန်းထားကြောင်းနဲ့ ကိုယ့်ရဲ့အရန်အင်အားတွေကို ပြင်ဆင်ဖို့ အခွင့်အရေးပေးထားပြီး နောက်ထပ် အရေးယူမှုတွေအတွက် ကျနော်တို့ကိုယ်တိုင် ပြင်ဆင်နေပါတယ်” လို့ ယူကရိန်းမြေပြင်တပ်ဖွဲ့မှူး ဆာစကီးက သူ့ရဲ့ တရားဝင် တယ်လီဂရမ်ချန်နယ်မှာ ထုတ်ပြန်တဲ့ ဗွီဒီယိုတခုမှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းအရှေ့ပိုင်းမြို့အတွက် ၁၀ လကြာ တိုက်ပွဲဟာ နှစ်ဖက်စလုံးအတွက် အရေးပါတဲ့ကိစ္စ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်နှောင်းပိုင်းက စတင်ပြီး ရှေ့တန်းစစ်မျက်နှာမှာ အပြောင်းအလဲ အနည်းငယ်သာ မြင်တွေ့ခဲ့ရကာ နှစ်ဖက်စလုံးက ထိုးဖောက်မှုရအောင်ရှာပြီး စစ်ပွဲတခုရဲ့ အဓိက ဟန်ချက်နေရာ ဖြစ်လာပါတယ်။
မေ ၁ ရက်နေ့က ပြင်းထန်တဲ့ တိုက်ပွဲတွေကြားမှာပဲ ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားတပ်ဖွဲ့တွေကို ဘတ်ခ်မွတ်ရှိ တချို့နေရာတွေကနေ မောင်းထုတ်ဖယ်ရှားခဲ့ကြောင်း ဆာစကီးဟာ ပြောပါတယ်။
ရုရှားရဲ့ ဝဂ္ဂနာအုပ်စုကလည်း သူ့အဖွဲ့တွေဟာ အဲဒီမှာ တဖြည်းဖြည်း ရှေ့တိုးသွားခဲ့ပြီး သူ့ရဲ့ တိုက်ခိုက်ရေးသမား ၈၆ ယောက် ကျဆုံးခဲ့တယ်လို့ ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံက စစ်ပွဲကာလအတွင်း အတင်းအကျပ် လုပ်အားပေး စေခိုင်းခံခဲ့ရသူတွေရဲ့ ကိုယ်စားလှယ်တွေဟာ အစိုးရရဲ့ လျော်ကြေးပေးရေးအစီအစဉ်ကို သဘောမတူဘူးလို့ မတ် ၆ ရက်မှာ ပြောပါတယ်။
၁၉၁၀ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ဂျပန်သိမ်းပိုက်မှုအောက်မှာ အတင်းအဓမ္မ စေခိုင်းခံခဲ့ရတဲ့ အလုပ်သမားတွေအတွက် တောင်ကိုရီးယားအစိုးရက နိုင်ငံပိုင် အများပြည်သူဆိုင်ရာ ဖောင်ဒေရှင်းကတဆင့် လျော်ကြေးပေးသွားဖို့ အဆိုပြုထားတာပါ။
အဓမ္မစေခိုင်းခံခဲ့ရသူတွေနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ အရပ်ဘက်အဖွဲ့တခုရဲ့ ဒါရိုက်တာဖြစ်သူ ကင်မ်ယောင်ဟွမ်က “ဂျပန်နိုင်ငံနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရရဲ့ နိမ့်ကျတဲ့ ရပ်တည်မှုကြောင့် ဒီနေ့လို အရှက်ရစရာ ဆုံးဖြတ်ချက်မျိုး ထွက်ပေါ်လာခဲ့တာပါ” လို့ ဆိုးလ်မြို့က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောသွားတာပါ။
အဆိုပြုထားတဲ့ အစိုးရအစီအစဉ်အရ တောင်ကိုရီးယား ပုဂ္ဂလိကကုမ္ပဏီတွေက ထည့်ဝင်ထားတဲ့ အများပြည်သူဆိုင်ရာ ဖောင်ဒေးရှင်းကတဆင့် အတင်းအဓမ္မ စေခိုင်းခံခဲ့ရသူတွေကို လျော်ကြေးပေးသွားမှာ ဖြစ်ပါတယ်။
တရားစွဲဆိုထားတဲ့ တရားလို ၁၅ ဦးကတော့ အစိုးရအစီအစဉ်ကို ငြင်းပယ်ဖို့ အပါအဝင် တရားဥပဒေကြောင်းအရ ဆက်လက်တိုက်ပွဲဝင်သွားမယ့် အလားအလာတွေအတွက် ပြင်ဆင်နေပါတယ်။
၂၀၁၈ ခုနှစ်မှာ တောင်ကိုရီးယား တရားရုံးချုပ်က အဓမ္မစေခိုင်းခံ အလုပ်သမားဟောင်းတွေအတွက် လျော်ကြေးငွေပေးဆောင်ဖို့ ဂျပန်ကုမ္ပဏီတွေကို အမိန့်ချမှတ်ခဲ့တာကြောင့် ဆယ်စုနှစ်များစွာအတွင်း ၂ နိုင်ငံအကြား ဆက်ဆံရေးဟာ အနိမ့်ဆုံးအခြေအနေအထိ ကျဆင်းသွားခဲ့ပါတယ်။
ဒီကိစ္စတွေအတွက် တောင်ကိုရီးယားနိုင်ငံသား ၁၅ ဦးက အမှုနိုင်ခဲ့ပေမဲ့ လျော်ကြေးငွေ မရရှိခဲ့ပါဘူး။