အမေရိကန်ပြည်ထောင်စုကို ဖြတ်ကျော်ပျံသန်းခဲ့တဲ့ တရုတ်မိုးပျံပူဖောင်းတစင်းဟာ အမေရိကန် စစ်ဘက်ဆိုင်ရာ နေရာအများအပြားကနေ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို စုဆောင်းပြီး တရုတ်ပြည်မကြီး အစိုးရဆီကို အချိန်နဲ့တပြေးညီ ပြန်လည်ပေးပို့နိုင်ခဲ့တယ်လို့ NBC သတင်းက ဧပြီ ၃ ရက်မှာ ဖော်ပြပါတယ်။
တရုတ်ပြည်မကြီးအစိုးရက ထိန်းချုပ်ထားတဲ့ မိုးပျံပူဖောင်းဟာ ဖေဖော်ဝါရီ ၄ ရက်က ပစ်ချမခံရမီ ဂဏန်းသင်္ချာ 8 ပုံစံနဲ့ တချို့နေရာ အများအပြားကို ဖြတ်သန်းနိုင်ခဲ့တယ်လို့ လက်ရှိ အမေရိကန် အကြီးတန်းအရာရှိနှစ်ဦးနဲ့ အကြီးတန်းအရာရှိဟောင်း တဦးတို့ကို ကိုးကားပြီး NBC က ပြောပါတယ်။
တရုတ်မိုးပျံပူဖောင်းဟာ သူစုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်တွေကို တရုတ်အစိုးရဆီ တိုက်ရိုက် ချက်ချင်းပေးပို့နိုင်ခဲ့တယ်လို့လည်း အရာရှိ ၃ ယောက်စလုံးက ပြောပါတယ်။
တရုတ်က ကောက်ယူသွားတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေဟာ ပုံရိပ်တွေထက်စာရင် အီလက်ထရောနစ် အချက်ပြစနစ်တွေဆီကနေ ကောက်ယူသွားတာပါ။
ဒါတွေကို အခြေစိုက်လူတွေဆီက ဆက်သွယ်ရေး အပါအဝင် လက်နက်စနစ်တွေ ဆီကနေလည်း ကောက်ယူနိုင်တယ်လို့ အရာရှိတွေကို ကိုးကားပြီး NBC က ပြောပါတယ်။
အမေရိကန် တာဝန်ရှိသူတွေဆီက မှတ်ချက်ကို ချက်ခြင်း မရနိုင်သေးပါဘူး။ တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဝါရှင်တန်မြို့တော်မှာရှိတဲ့ တရုတ်သံရုံးတို့က ရိုက်တာသတင်းဌာနရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ပါဘူး။
တရုတ်မိုးပူဖောင်းဖြစ်ရပ်ကြောင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ တရုတ်နိုင်ငံဆီ အလည်အပတ်ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ပြီး အမေရိကန်နဲ့ တရုတ်အစိုးရတို့ကြား ဆက်ဆံရေး ပိုတင်းမာလာခဲ့ပါတယ်။