စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ညောင်ပင်သာရွာကို အာဏာသိမ်စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မတ်လက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ နေထိုင်စားသောက်စရာမရှိ ဖြစ်နေပြီး ပူပြင်းတဲ့ အပူဒဏ်ကိုလည်း ခံစားနေကြရကာ အသက်ကြီးရင့်သူတွေ သေဆုံးတာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်တပ်က ညောင်ပင်သာရွာမှာရှိတဲ့ အိမ်တွေအားလုံးနီးပါး မီးရှို့သွားတော့ ရွာသားတွေမှာ နေစရာမရှိတော့ဘူး။ ရွာကနေ စစ်ကြောင်းပြန်ထွက်သွားတော့ ရွာသားတွေ အားလုံး ကိုယ်ခြံ၀န်းထဲမှာပဲ ဖြစ်သလို တဲထိုးပြီး ပြန်နေနေကြတယ်။ အသက်ကြီးရွယ်နဲ့ ကလေးငယ်တွေ အခုပူပြင်းတဲ့ဒဏ်ကို တော်တော်ခံစားနေရတယ်။ ရာသီဥတုဒဏ်မခံနိုင်တဲ့ သက်ကြီးရွယ်အို နှစ်ယောက်တော့ သေသွားတာရှိတယ်။ ဒီလိုသာ ဆက်ပူနေရင် အသက်ဆုံးရှုံးမယ့်သူတွေ ပိုများလာနိုင်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဟာ ညောင်ပင်သာကျေးရွာကို မတ် ၃၀ ရက်က ရောက်ရှိလာပြီး မတ် ၃၁ ရက်နေ့မှာ ကျေးရွာမှာရှိတဲ့ တိုက်နယ်ဆေးရုံအပါအ၀င် နေအိမ် ၂၅၀ ကျော်ကို မီးရှိုးဖျက်ဆီးခဲ့ပါတယ်။
ဒါ့အပြင် ကျွဲ၊ နွားနဲ့ အိမ် မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်ခဲ့ကာ အဖိုးတန်ပစ္စည်းတွေလည်း ယူဆောင်သွားခဲ့ပါတယ်။ ညောင်ပင်သာတိုက်နယ်ဆေးကို မီးရှိုးခံရတဲ့အထဲ ဆေးဝါးပစ္စည်းတွေလည်း မီးလောင်ပျက်စီးသွားတာကြောင့် စစ်ဘေးဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ခက်ခဲနေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
“တိုက်နယ်ဆေးရုံးကို စစ်တပ်က မီးတင်ရှို့တော့ ဆေးပစ္စည်းတွေလည်း အားလုံးမီးလောင်တဲ့အထဲ ပါသွားတယ်။ အဲ့ဒီတော့ ရွာသားတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဆေးက ပြတ်လပ်သွားတယ်။ ရွာသားတွေထဲမှာ ကိုယ်၀န်ဆောင်တွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ နာတာရှည်ရောဂါခံစားနေရသူတွေ အစုံရှိနေတော့ သူတို့အတွက် အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတယ်” လို့ ကူညီနေသူတဦးက ပြောပါတယ်။
ညောင်ပင်သာကျေးရွာက တိုက်နယ်ဆေးရုံအပါအ၀င် နေအိမ် ၂၅၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာသူ ရွာသား ၅၀၀၀ ကျော် အိုမဲ့ အိမ်မဲ့ဖြစ်ကာ စာ၀တ်နေရေးလည် ခက်ခဲနေပြီး ကျန်းမာရေးစောင့် ရှောက်မှုလည်း လိုအပ်နေပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ဟာ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေအပြင် အရပ်သားနေအိမ်ပေါင်း ၆၀,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ဘေးဒုက္ခသည်ပေါင်း ၁,၃၇၄,၀၈၃ ရှိပြီး တနိုင်ငံလုံး အတိုင်း အတာမှာတော့ ၆၈၂၃၄၄ ထိ တိုးများလာခဲ့တယ်လို့ ISP- Myanmar က ထုတ်ပြန်ထားပါတယ်။
စစ်ဘေးရှောင်တွေကို တိုက်ရိုက်အကူအညီတွေ ရောက်ရှိစေဖို့ နယ်စပ်ဒေသတွေမှာရှိတဲ့ အရပ်ဘက်လူထုအဖွဲ့အစည်းတွေကတဆင့် ကူညီထောက်ပံ့ပေးဖို့ နိုင်ငံတကာနဲ့ အလှူရှင်တွေကို ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က တိုက်တွန်းလိုက်ပါတယ်။
အောက်တိုဘာ ၂၇ ရက် ဒီကနေ့ပြုလုပ်တဲ့ ကရင်လူသားချင်းစာနာထောက်ထားမှု အကူအညီ အကျပ်အတည်းနဲ့ ပတ်သက်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) မှ စောအဲလက်စ်ထူးက ပြောပါတယ်။
“နံပါတ် ၁ အနေနဲ့ နယ်စပ်အခြေစိုက် လူမှုအဖွဲ့အစည်းဟာ ကျနော်တို့ နှစ်ပေါင်းများစွာ ဒီအလုပ်ကို လုပ်ခဲ့တယ်။ ကျနော်တို့ ထောက်ပံ့ကူညီမှုတွေကို အချိန်မီရောက်အောင် ကူညီပေးနေတယ်။ နံပါတ် ၂ အချက်က ကျနော်တို့ အကူအညီတွေက စစ်ကောင်စီနဲ့ စစ်တပ်တွေ မရောက်ဘူး။ တိုက်ရိုက် အိုင်ဒီပီ လိုအပ်တဲ့ဆီကို ရောက်တယ်ပေါ့နော်။ နောက်တခုက နယ်စပ်ကနေ ပေးခြင်းအားဖြင့် မလိုလားအပ်တဲ့ တားဆီးမှုတွေ၊ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေကို အများကြီးကာကွယ်ပေးလို့ ရတယ်ပေါ့နော်။”
ဒါ့အပြင် လက်ရှိအခြေအနေအရ နိုင်ငံကာအကူအညီတွေဟာ ပြည်တွင်းကနေတဆင့် ဝင်ရောက်ဖို့ရှိနေပြီး အဲဒီအကူအညီတွေဟာ စစ်ကောင်စီရဲ့ ကန့်သတ်ချက်ကြောင့် အမှန်တကယ် လိုအပ်တဲ့သူဆီရောက်ဖို့ စိုးရိမ်စရာဖြစ်တယ်လို့ KPSN ဒုတာဝန်ခံ စောလေးကပေါ်က ပြောပါတယ်။
“အဓိက ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် အကူအညီတွေကို ထောက်ပံ့ပေးနေတာက ဘယ်နေရာမဆို ဒုက္ခသည်တွေရှိနေတဲ့ နေရာအားလုံးကို ပေးနေတာက လူထုအခြေပြု အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်း အထူးသဖြင့် ရန်ကုန်မှာ အခြေစိုက်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း တော်တော်များများက လိုအပ်နေတဲ့သူတွေဆီကို တိုက်ရိုက်ရောက်တာကို ကျနော်တို့ သိပ်မရှိသလောက်ပါပဲ။ ဆိုတော့ အဓိက ဒုက္ခသည်တွေကို ကူညီပေးနေတာက ကျနော်တို့ CSO တွေပဲဖြစ်ပါတယ်။ ဆိုတော့ နိုင်ငံတကာ အထူးသဖြင့် ယူအန်တို့လို အန်ဂျီအိုတို့လိုပဲပြောပြော သူတို့ကို ကူညီပေးချင်တယ်ဆိုလို့ရှိရင် ကျနော်တို့ CB, CSO ကနေတဆင့် သွားနေရတယ်။ အဲတော့ first hand ကူညီပေးနေတဲ့သူတွေကို တိုက်ရိုက်ထောက်ပံ့မယ်ဆိုရင်တော့ ပိုပြီးတော့ ဒုက္ခသည်တွေဆီကို လျင်မြန်ပြီး ပိုပြီးအကျိုးရှိမယ်။ နောက်တခုက ပြည်တွင်းကနေတဆင့် ကျနော်တို့ သွားမယ်ဆိုရင် အဆင့်ဆင့်သွားရမှာဖြစ်တဲ့အပြင် နေရာတော်တော်များများက စစ်တပ်ရဲ့ အနှောင့်အယှက်ပေးမှုတွေ အများကြီးရှိနေတဲ့အခါမှာ အကူအညီတွေ ထိရောက်မှုက အင်မတန်မှ စိုးရိမ်ဖို့ကောင်းတယ်ပေါ့နော်။”
နယ်စပ်အခြေစိုက် အဖွဲ့အစည်းတွေဟာ အစာမလုံလောက်မှုတွေ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ကျေးရွာသားတွေကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ဆယ်စုနှစ် ၃ ခုကျော်ကြာအောင် ပေးခဲ့သလို ၁၉၉၂ ခုနှစ်ကနေ ၂၀၂၀ အတွင်း နယ်စပ်အခြေစိုက် အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံအတွင်း နေထိုင်တဲ့ လူဦးရေ ၁ ဒသမ ၇ သန်းကို အဓိအားဖြင့် ဆန်အကူအညီ အမေရိကန် ဒေါ်လာ ၃၂ သန်းကျော်ဖိုး ပံ့ပိုးကူညီနိုင်ခဲ့ကြောင်း ရှင်းလင်းပွဲမှာ KPSN က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ဖော်ပြပါတယ်။
ဒါ့အပြင် ၂၀၂၁ ခု စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုပြင်းထန်လာတဲ့ ပဋိပက္ခနဲ့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေက မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက ရွာသား ၃၄၀,၀၀၀ ကျော် ရွှေ့ပြောင်းမှုနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေကို ဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၂ ဇူလိုင်လအထိ နယ်စပ်အခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းကနေတဆင့် လူပေါင်း ၃၈၈,၀၀၀ ကျော်ကို စားနပ်ရိက္ခာထောက်ပံ့မှု အမေရိကန်ဒေါ်လာ ၈ ဒသမ ၇ သန်းဖိုး ပေးနိုင်ခဲ့သလို ယန္တရားတွေကိုလည်း လျင်မြန်ထိရောက်အောင် ကူညီဖြန့်ဝေနိုင်ခဲ့ကြောင်းလည်း ဆိုပါတယ်။
အဲဒီထောက်ပံ့မှုတွေဟာ အဓိအားဖြင့် ပုဂ္ဂလိက အလှူရှင်ကနေသာ ရရှိနေတဲ့ အနေအထား ဖြစ်ကြောင်းလည်း ထောက်ပြပြောဆိုထားပါတယ်။
ဒါ့အပြင် လက်ရှိပဋိပက္ခတွေကြောင့် လယ်သမားတွေ ဆန်စပါးစိုက်ပျိုးနိုင်စွမ်း မရှိတော့တဲ့အတွက် ဖြစ်လာတဲ့ အစားအစာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ရေရှည်ထောက်ပံ့ ကူညီဖို့အတွက် လာမယ့် ၁၂ လ ကာလတခုအတွက် အစားအစောထောက်ပံ့မှု ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၇ သန်းအထိ လိုအပ်နေကြောင်းလည်း ထောက်ပြထားပါတယ်။
ဒီလိုအပ်မှုဟာ ကရင်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ လိုအပ်မှုဖြစ်ကြောင်းလည်း ပြောပါတယ်။
ကရင်ပြည်နယ် မူတြော်၊ ဖာပွန်မှာ ဒုက္ခသည် ၉၆,၁၇၉၊ ဒူပလာခရိုင်မှာ ၈၅,၄၈၂၊ ဒူသထူ (သထုံ) ခရိုင်မှာ ၇၄,၇၀၅ နဲ့ အများဆုံးဖြစ်နေပြီး ကျန်တဲ့ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်မှာတော့ စစ်ရှောင် ၆၁,၉၈၆၊ တနင်္သာရီမှာတော့ ၂၁,၆၁၄ နဲ့ တောင်ငူခရိုင်မှာ ၇,၅၃၇ ဦး စုစုပေါင်း ၃၄၇,၅၀၃ ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။