close

စစ်ဘေးရှောင်ဒုက္ခသည်

close

December 2, 2021

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ် မပြန်နိုင်သေး

ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ၂၀၂၀ နိုဝင်ဘာ ၁၁ ရက်နေ့က စတင်ပြီး အပစ်အခတ် ရပ်စဲခဲ့ကြတာ တစ်နှစ်ကျော်အထိ ကြာမြင့်လာပေမယ့် စစ်ဘေးရှောင်တွေ ဒီကနေ့အထိ အိမ်မပြန်နိုင်သေးဘဲ ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်စဲနေတာ တစ်နှစ်ကျော်လာပေမယ့် စစ်ကောင်စီ နဲ့ အေအေဘက်ကပါ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဘာမှ လာရောက် အကြောင်းကြားတာ မရှိသေးပါဘူးလို့ စခန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါကြောင့် နှစ်ဖက်စလုံးက တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ စစ်ရှောင်တွေ မိမိတို့မူလနေရပ် ပြန်နိုင်ရေး ဆောင်ရွက်ပေးတာမျိုး ဖြစ်စေချင်တယ်လို့ ဘူးသီးတောင်မြို့နယ် လမ်းမကျောင်း စစ်ဘေးရှောင်စခန်းဒုတာဝန်ခံ ဦးကျော်ဝင်းက ပြောပါတယ်။

လက်ရှိမှာတော့ သူတို့ကျေးရွာအနီးအနားမှာ တိုက်ပွဲတချို့ ပြန်ဖြစ်ခဲ့တာတွေရှိတဲ့အတွက် စစ်ကောင်စီဘက်က တပ်စွဲထားတာတွေရှိပြီး ရွာမှာရှိတဲ့ နေအိမ်တွေကလည်း မီးရှို့ခံထားရကာ သုံးနှစ်လောက် လူနေထိုင်ခြင်း မရှိသေးတဲ့အတွက် အားလုံးနီးပါး ပျက်စီးသွားကြပြီလို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ အေအေတို့အကြား မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေမှာ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလကစပြီး ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့အထိ ၂ နှစ်ကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြပါတယ်။

အဲ့ဒီ တိုက်ပွဲတွေကြောင့် အပြစ်မဲ့အရပ်သား ရခိုင်ပြည်သူ ၃ဝဝ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၇ဝဝ ကျော်အထိ ရှိခဲ့ပါတယ်။

အေအေနဲ့ ပတ်သက်တယ်ဆိုပြီး သံသယနဲ့ဖမ်းဆီးခံခဲ့ကြရပြီး အကြမ်းဖက်မှု ပုဒ်မတွေနဲ့ တရားစွဲခံခဲ့ ၂ဝဝ ကျော်အထိ ရှိခဲ့သလို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင်စုစုပေါင်း ၂ သိန်းလောက်အထိ ရှိခဲ့တာပါ။

လမ်းမကျောင်း စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ဦးအောင်ကျော်ထွန်းက "ကျနော်တို့ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့ ဗျူဟာနဲ့ ထွေအုပ်က စာရင်းတွေ တောင်းခဲ့ပါတယ်။ ကျနော်တို့က  နေရပ်ပြန်ဖို့ အချက် ၅ ချက်ကို တောင်းဆိုခဲ့ပါတယ်။ နေထိုင်ရန်အိမ်တွေ ဆောက်ပေးရမယ်။ စားနပ်ရိက္ခာထောက်ပံ့ရမယ်။ စစ်လက်နက် အကြွင်းအကျန်တွေ ရှင်းလင်းပေးရမယ်။ နှစ်ဖက်စလုံးက ကျနော်တို့ရဲ့ အသက်အိုးအိမ်တွေကို တာဝန်ယူပေးရမယ်။ နောက်တစ်ခုက ကျေးရွာအတွင်းနဲ့ ကျေးရွာတွေအနီးက စစ်စခန်းတွေကို ရုပ်သိမ်းပေးရမယ်ဆိုပြီး တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအထိ ပြန်လည်အကြောင်းကြားတာ မရှိဘူး"လို့ ဆိုပါတယ်။

အဲဒီစစ်ဘေးရှောင်တွေထဲမှာ ရပ်ရွာအနီးတိုက်ပွဲတွေ ဖြစ်လို့  နေအိမ်တွေ မီးလောင်ပျက်စီးသွားခံခဲ့ရသူတွေ ပါဝင်သလို ရပ်ရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်တွေ ကျရောက်ပေါက်ကွဲလို့  မိသားစုတွေ သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးခဲ့ရသူတွေလည်း ပါဝင်ကြပါတယ်။

ကျေးရွာအနီး၊ တောတောင်တွေမှာ မိုင်းပေါက်ကွဲမှုတွေကြောင့် သေဆုံး၊ ဒဏ်ရာသူတွေလည်း အများအပြား ရှိခဲ့ပါသေးတယ်။ ရခိုင်မှာ တစ်နှစ်ကျော်အထိ တိုက်ပွဲတွေ မဖြစ်ဘဲ တည်ငြိမ်နေချိန်မှာ စစ်ဘေးရှောင် အများအပြားဟာ မိမိရပ်ရွာတွေကို ပြန်ချင်ကြပေမယ့်  မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ပစ္စည်းတွေကို အစိုးရက ရှင်းလင်း မပေးသေးသလို့ ကျေးရွာတွေအနီး စခန်းချနေရာမှုတွေ ရှိနေကြတာကြောင့် နေရပ်မပြန်နိုင်သေးပဲ ဖြစ်နေကြတာပါ။

ကောက်ယူရရှိထားတဲ့ စာရင်းအရ ‌စစ်ရှောင်စခန်းတွေဟာ စစ်တွေမြို့နယ်အတွင်း စခန်း ၉ ခု၊ ပုဏ္ဏားကျွန်း မြို့နယ်အတွင်း စခန်း ၇ ခု၊ ရသေ့တောင်မြို့နယ်အတွင်း စခန်း ၂၈ ခု၊ ပေါက်တောမြို့ နယ်အတွင်း စခန်း ၄ ခု၊ မြောက်ဦးမြို့ နယ်အတွင်း စခန်း ၂၆ ခု၊ မင်းပြားမြို့နယ်အတွင်း စခန်း ၁၆ ခု၊ ကျောက်တော်မြို့နယ်အတွင်း စခန်း ၄ ခု၊ မြေပုံမြို့နယ်အတွင်း စခန်း ၆ ခု၊ ဘူးသီးတောင်မြို့နယ်အတွင်း စခန်း ၂၀ ခု၊ အမ်းမြို့နယ်အတွင်း စခန်း ၅ ခုတို့ ရှိတယ်လို့ သိရပါတယ်။

3 weeks Ago

July 28, 2020

ကျောက်တော်မြို့နယ် စစ်ဘေးရှောင်ဒုက္ခသည် ကျောင်းသား ၅၀၀ ကျော် ပညာသင်ကြားရေး အခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ အထက်တန်းမှ KG တန်းအထိ ကျောင်းသား/ သူဦးရေ ၅၀၀ ကျော်မှာ ပညာသင်ကြားဖို့ အခက်အခဲဖြစ်နေကြတယ်လို့ စခန်းတာဝန်ခံနဲ့ ကျောင်းသားမိဘတွေက ပြောပါတယ်။ လက်ရှိ ညောင်ချောင်းကျေးရွာမှာရှိတဲ့ စာသင်ကျောင်းမှာကျောင်းသား/သူ ၃၀၀ ကျော်ရှိပြီး ညောင်းချောင်းကျေးရွာအနားမှာ တဲအိမ်တွေ ဆောက်လုပ်ကာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင် စခန်းမှာ ကျောင်းမတက်ရဘဲ ကျောင်းသား ၅၀၀ ကျော်ရှိနေတာပါ။ အဆိုပါစာသင်ကျောင်းမှာ ကျောင်းသားမဆန့်လို့ အချိန်နှစ်ချိန်ခွဲပြီးတော့ စာသင်ကြားရမှာ ဖြစ်တယ်လို့ ကျောင်းအုပ်ကြီး ပြောပြချက် အရသိရတာကြောင့် စစ်ဘေးရှောင်စခန်းမှာရှိတဲ့ ပညာသင်အရွယ်ကျောင်းသား/သူများမှာ ပညာသင်ကြားဖို့ ကျောင်းဆောင်အခက်အခဲ ဖြစ်နေတာ လို့ စခန်းတာဝန်ခံကပြောပါတယ်။ ညောင်ချောင်းစစ်ဘေးရှောင်ဒုက္ခသည်စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က “ကျနော်တို့မှာ ကျောင်းဆောင် ဆောက်ဖို့မြေ နေရာတော့ ရှိတယ်။ ဆောက်လုပ်ဖို့အတွက် ကျနော်တို့မှာ ရန်ပုံငွေ မရှိပါဘူး။ ကျောင်းသားအရေအတွက်နဲ့ တွက်ကြည့်လိုက်တော့ အဆောင် ၂၅ ဆောင်လိုအပ် ပါတယ်”လို့ ပြောပါတယ်။ အဆိုပါစစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ ပညာသင်အရွယ်ကျောင်းသား/သူ ၅၀၀ ကျော်ရှိပြီး အခုလိုပညာသင်ဖို့ အခက်အခဲဖြစ်နေတဲ့အတွက် ကျောင်းသားစားရင်းတွေကို မြို့နယ်ပညာရေးမှူး နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေကို ပေးပို့ထားပြီးတစ်စုံတရာ အကြောင်းပြန် လာတာ မရှိသေးဘူးလို့ စခန်းတာဝန်ခံကပြောပါတယ်။ “ကျောင်းသား/သူ ၅၀၀ ကျော်စာသင်ဖို့နေရာမရှိတာပါ။ အဲဒီကျောင်းသားစာရင်းကို သေချာပြုစုပြီးတော့မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ပညာရေးမှူးရုံးတွေကို ပို့ထားပါတယ်။ သူတို့ဖက်ကတော့ ဒီကနေ့အချိန်ထိတစ်စုံတရာ အကြောင်းပြန်မလာသေးဘူး”လို့ ဦးခိုင်မျိုးအောင် က ပြောပါတယ်။ အဆိုပါ စစ်ဘေးရှောင်စခန်းမှာ KG တန်းနဲ့ မူလတန်းကျောင်းသူ/သား ၂၉၀ ဦး၊ အလယ်တန်းကျောင်းသူ၊ ကျောင်းသား ၁၇၁ ဦးနဲ့ အထက်တန်းကျောင်းသူ/သား ၄၂ ဦးရှိပြီး ကျောင်းသား/သူစုစုပေါင်း ၅၀၃ ဦး ဖြစ်တယ်လို့သိရပါတယ်။ ညောင်းချောင်းကျေးရွာအနီးမှာထဲ အိမ်ဆောက်လုပ်ပြီးနေထိုင်နေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည် ကျောင်းသားတွေအနေနဲ့ တခြားနေရာတွေသွားပြီးတော့ ပညာသင်ကြားဖို့ ငွေကြေး မတတ်နိုင်သလို နယ်မြေမတည်ငြိမ်ကြောင့် တစ်ခြားတစ်နေရာကိုသွားရောက်ပြီး ပညာသင်ကြား ဖို့ ဆိုတာကလည်းမဖြစ်နိုင်သေးဘူးလို့ စခန်းတာဝန်ခ့တွေနဲ့ ကျောင်းသားမိဘတွေက ပြောပါတယ်။ ဒီလို အခက်အခဲဖြစ်နေတာနဲ့ပတ်သတ်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ“ ခင်ဗျားတို့ကို အဲဒါနဲ့ပတ်သတ်ပြီးပြောတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ ထပ်ထပ်ခါခါမေးမနေနဲ့။ သူတို့က နီးစပ်ရာကျောင်းတွေမှာ တက်တယ်” လို့ပြောပါတယ်။ မြန်မာနိုင်ငံတဝန်းမှာလည်း ဇူလိုင် ၂၁ ရက်ကစပြီး  ကျန်းမာရေးစည်းကမ်းနဲ့ ကိုက်ညီတဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေကိုသာ ကျောင်းချိန်တွေခွဲပြီးဖွင့်လှစ် သင်ကြားပေးနေတာဖြစ်ပြီး အလယ်တန်း၊  မူလတန်းနဲ့ KG တန်းကတော့ ပြန်ဖွင့်လှစ်ခြင်း မရှိသေးပါဘူး။  ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေပြီးတော့ ဒီကနေ့အချိန်ထိ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေ တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၂ သိန်းအထိရှိလာနေပြီး အဲဒီအထဲမှာ ပညာသင် အရွယ်ကျောင်း သား/သူ ၃၀ ရာခိုင်နှုန်းကျော်ပါဝင်နေတယ်လို့ ရခိုင်ပြည်နယ် လူမှု အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်အရ သိရပါတယ်။  
1 year Ago
Up