close

စစ်ဘေးရှောင်နေအိမ်များ

close

October 31, 2021

လေးကေကော် စစ်​ဘေးရှောင်နေအိမ်များကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေး

ကရင်​ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေကော်မြို့သစ် ​(ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ) မှာရှိတဲ့ ကရင်စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၅၆၀ ခြေလျင်တပ်ရင်း ရှေ့တန်း စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး ထင်လင်းဇော် ဦးစီးတဲ့ တပ်ဖွဲ့ဝင် အင်အား ၄၀ လောက်ဟာ စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို ဝင်ရောက်ပြီး စစ်ဆေးမေးမြန်း ရှာဖွေတာတွေ ပြုလုပ်ခဲ့တာပါ။

​လေးကေကော်မြို့သစ် စစ်ဘေးရှောင်တစ်ဦးက "လက်နက်ကိုင်ပြီး ဝင်လာတော့ လန့်သွားတာပေါ့။ အိမ်တွေမှာ လူပိုရှိ၊ မရှိ မေးမြန်းပြီး အိမ်ထဲအထိ ဝင်ရှာတယ်။ အဓိက က သူတို့သိချင်တာ  PDF တွေကို လက်ခံထားလား မထားလား သိချင်လို့ဖြစ်မယ်။ ကျနော်တို့ နေရာက စစ်ဘေးရှောင်သက်သက်ပဲနေတာ။ နောက်ပြီး ကေအန်ယူ ထိန်းချုပ်နယ်မြေလေ" လို့ ပြောပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီရဲ့  စစ်ကြောင်းဟာ စစ်​ဘေးရှောင်အိမ်ရာ စခန်းကနေ မေတ္တာလင်းမြိုင်ကျေးရွာဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ကေအန်ယူထိန်းချုပ်နယ်မြေကို စစ်ကောင်စီတပ်တွေ ကျူးကျော်ဝင်ရောက်လာတဲ့အတွက် နှစ်ဘက် တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားမှာကို  စိုးရိမ်တယ်လို့ ​ ​ဒေသခံတွေက ဆိုပါတယ်။

Photo-CJ

12 hours Ago
Up