close

စစ်ဘေးရှောင်

close

May 8, 2023

စစ်တပ်စစ်ကြောင်းထိုးသဖြင့် ဆားလင်းကြီးဒေသခံ ၃,ဝဝဝ ကျော် ထပ်မံစစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက အင်အား ၂ဝဝ ခန့်နဲ့ မြေပြင်စစ်ကြောင်းတွေ ထိုးနေတဲ့အတွက် ဒေသခံပြည်သူ ၃,ဝဝဝ ကျော် ထပ်မံထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၈ ရက် ဒီနေ့မနက်အစောပိုင်းမှာ စတင်စစ်ကြောင်းထိုးလာတာဖြစ်ပြီး မြိုင်မြို့ကနေလာတဲ့ စစ်ကြောင်းဖြစ်ကာ ဆားလင်းကြီးမြို့ပေါ်မှာ ညအိပ်ပြီး ဒီမနက်မှာ ဆားလင်းကြီးမြို့ထဲကို ပုသိမ်-မုံရွာ လမ်းအတိုင်း စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ ဆားလင်းကြီးမြို့မှ အမည်မဖော်လိုသူ ရဟန်းတပါးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်သားအင်အား ၂၀၀ နဲ့ မြိုင်မြို့ကနေ ဆားလင်းကြီးမြို့ပေါ် ညအိပ်၊ ဒီနေ့မနက် ပုသိမ်-မုံရွာလမ်းအတိုင်း ဝင်လာတာပါပဲ။ လောလောဆယ်တော့ ညောင်ပင်ကြီးကျေးရွာမှာ နားနေကြတယ်။ ဦးဇင်းတို့ရွာဘက်ကိုတော့ စစ်ကြောင်းထိုးတာက ‌၈ ကြိမ်ရှိပြီ။ ဆားလင်းကြီးမြို့နယ်ထဲမှာဆို ၁၅ ကြိမ်နီးပါးပဲ စစ်ကြောင်းထိုးနေတာ။ ပြည်သူတွေ ထပ်ပြီးပြေးရပြီ။”

National Revolutionary Guards - NRG (Salingyi) တပ်ဖွဲ့မှ ဗိုလ်သူရိန်က “၆ ရက်နေ့က မြိုင်နယ်ကနေ ထိုးလာတဲ့ စစ်ကြောင်းပါ။ မြိုင်ကနေ ရေစကြို၊ အဲ့ကနေမှ စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ်ထဲက လင်းစားကျက်၊ ဘုတ်စုရွာကို တညအိပ်ပြီး ဆားလင်းကြီးမြို့ကို မနက်စောစော ထိုးလာတယ်။ ဆားလင်းကြီးကို တညအိပ်ပြီး ဒီမနက်မှာ ဆားလင်းကြီးမြောက်ဘက်ကို ဆက်ထိုးနေရာ ခုလက်ရှိ ဆားလင်းကြီးမြို့နယ် ထန်းတော အိုမရွာမှာ ရောက်ရှိနေပါတယ်။ စစ်ရေးအရတော့ တင်းမာလျက်ပါပဲဗျ။ ဒီကောင်တွေ တခုလုပ်တာနဲ့ ကျနော်တို့လည်း တိုက်မှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီိစစ်ကြောင်းက ညောင်ပင်ကြီးကျေးရွာ၊ ညောင်ပင်ကြီးရဲစခန်းမှာ စခန်းချထားပြီး ဝမ်ပေါင်ကြက်ခြံဘက်ကို သွားဖို့ အလားအလာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမည်မဖော်လိုသူ ရဟန်းတပါးက “မနှစ် ၅ လပိုင်းလောက်ကတည်းက ပထမဆုံး စစ်ကြောင်းထိုးပြီး ဖိုလ်ဝင်တောင်အရှေ့ဘက်မှာ လူငယ်နှစ်ယောက်ကို ဖမ်းသွားပြီး တောင်အနောက်ဘက်က မင်စုရွာအနားမှာ နှစ်ယောက်စလုံးကို သတ်ထားခဲ့တယ်လေ။ အခုစစ်ကြောင်းက ဝမ်ပေါင်ဘက်သွားမယ်လို့တော့ ယူဆရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ကစတင်ကာ ဆားလင်းကြီးမြို့ထဲကို စစ်ကြောင်းထိုးခဲ့တဲ့အတွက် အခုတကြိမ်နဲ့ပါဆိုရင် ဒေသခံပြည်သူ သောင်းဂဏန်းအထိ စစ်ဘေးရှောင်နေရပြီး အဆိုပါ စစ်ကောင်စီစစ်ကြောင်းတွေက ရွာတွေကို ကွင်းသွားတဲ့ စစ်ကြောင်းရှိသလို မီးရှို့သွားတဲ့ စစ်ကြောင်းတွေလည်း ရှိပြီး စစ်အုပ်ချုပ်ရေးဒေသဖြစ်တဲ့အတွက် ဖမ်းဆီးရမိတဲ့ လူငယ်တွေကို ပစ်သတ်ထားခဲ့တာနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ၊ ပစ္စည်းတွေ ယူဆောင်သွားတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

14 mins Ago

ခင်ဦးမြို့နယ် ကျေးရွာများကို စစ်တပ်က ထပ်မံမီးရှို့နေသဖြင့် ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အရှေ့ခြမ်း ကဘွက်ရွာနဲ့ ကုတ်တက်ရွာအပါအဝင် အနီးနားကကျေးရွာတွေကို  မေ ၇ ရက် မနက် ၁၀ နာရီမှာ စစ်ကောင်စီက မီးရှို့ခဲ့လို့ ရွာသား ၃၀၀၀ လောက် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ မေ ၆ ရက်က မန္တလေးမြို့ကနေ စဉ်ကူးမြို့နယ်အတွင်းက နွယ်ရုံကျေးရွာ၊ ကျည်တောက်ပေါက်ကျေးရွာ၊ ချောင်းသလဲကျေးရွာ၊ ရွှေကျင်ကျေးရွာ၊ အင်းဇောက်ကြီးကျေးရွာ စတဲ့ ရွာတွေဆီကို စစ်ကြောင်းသုံးကြောင်းဖြန့်ပြီး စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

ခင်ဦးမြို့နယ် စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးပရဟိတ ရွားသားတဦးက “ရွှေကျင်ကျေးရွာနဲ့ အင်းဇောက်ကြီးကျေးရွာ နှစ်ရွာကို မီးရှို့ဖျက်ဆီးတာက စစ်ကြောင်းတကြောင်း၊ အဲတာပြီးတော့ ရေမြက်ကျေးရွာ၊ မင်းမရုံကျေးရွာဘက်က တက်လာတာက စစ်ကြောင်းတကြောင်း၊ ကျောက်မြောင်း၊ လေမသိန်းဘက်က တက်လာတာက စစ်ကြောင်းတကြောင်း စုစုပေါင်း စကစ စစ်ကြောင်း ၃ ကြောင်းပေါင်းပြီး ပတ်ပြီးထိုးလာတယ်။ အဲဒီကနေ ဧရာဝတီမြစ်အရှေ့ဘက် သပိတ်ကျင်းနယ်ကနေ မြစ်အနောက်ဘက် ကျနော်တို့ခင်ဦးမြို့နယ်ဘက်ကို  မြစ်ကူးကာ ခြေလျင်စစ်ကြောင်းထိုးလာတာ” လို့ ပြောပါတယ်။

အဆိုပါစစ်ကြောင်းမှာ စစ်သားအင်အား ၂၀၀ လောက် ပါတယ်လို့လည်း ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။ 

“သူတို့လာပြီဆိုရင် အရပ်သားပြည်သူတွေကတော့ အကုန်ထွက်ပြေးရတယ်။ နွေရာသီလည်းဖြစ်တော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပါတော့ အတော်လေးဒုက္ခရောက်ပါတယ်။ သူတို့ အဲလို စစ်ကြောင်းထိုးလာပြီး မနက် ၁၀ နာရီလောက်ရောက်တော့ ကဘွတ်ရွာကို စမီးရှို့တယ်၊ ညနေပိုင်းရောက်တော့ ကုတ်တက်ရွာကို လက်နက်ကြီးငယ် ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူနေအိမ်တွေကို မီးရှို့တာ။ ရွာသားတွေကတော့ ဘယ်သူမှ ကိုယ့်ရွာထဲကို ပြန်မဝင်ရဲသေးဘူး။ စစ်ကောင်စီကလည်း ကုတ်တက်ရွာမှာပဲ ရှိနေသေးတယ်။” 

စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့နေသလို  ဒေသခံကာကွယ်ရေးတပ်နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ပြည်သူကာကွယ်ရေးအဖွဲ့ကရဲဘော် ၁ ဦး ကျဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးခေါင်းဆောင်က ပြောပါတယ်။

4 hours Ago

May 5, 2023

ရှမ်း-ကယားနယ်စပ်တိုက်ပွဲ၌ KNDF ရဲဘော် ၂ ဦးကျဆုံး၊ ကရင်နီစစ်ရှောင်စခန်းအနီး စစ်ကြောင်းထိုးလာသဖြင့် စစ်ဘေးရှောင်များ နေရာထပ်ပြောင်း

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နဲ့ ပင်လောင်းမြို့နယ်စပ်ရှိ တောင်စလုံးကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၁ က ရဲဘော် ၂ ဦး ကျဆုံးသွားတယ်လို့ KNDF တပ်ရင်း ၁၁ က ထုတ်ပြန်ပါတယ်။

မေလ ၃ ရက်က တောင်စလုံးကျေးရွာအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး KNDF တပ်ရင်း ၁၁ မှ အသက် ၂၀ အရွယ် ရဲဘော် စန်းမိုးကျော်နဲ့ အသက် ၁၇ နှစ်အရွယ် ရဲဘော် တင်အောင်မျိုးတို့ ကျဆုံးခဲ့တာဖြစ်ပြီး ရဲဘော် ၂ ဦးရဲ့ ဈာပနကို မေလ ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် ၂ ဦးဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားရင်း တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့တဲ့အတွက် အာဇာနည်သူရဲကောင်း တွေအဖြစ် အစဥ်အမြဲ မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ KNDF တပ်ရင်း ၁၁ က ပြောပါတယ်။

ရှမ်း-ကယား နယ်စပ်မှာ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ဒီနေ့အထိ ၂ လကျော်ကြာ နေ့စဥ်ရက်ဆက် တိုက်ပွဲတွေဖြစ်နေပြီး တိုက်ပွဲကာလ ကြာမြင့်လာတာနဲ့အမျှ ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီ လိုအပ်ချက်ရှိတာကြောင့် မိဘပြည်သူတွေ အားဖြည့်ကူညီ လှူဒါန်းပေးကြဖို့ KNFF တပ်ရင်း ၁၁ က မေတ္တာရပ်ခံထားပါတယ်။

ရှမ်း-ကယားနယ်စပ် ပင်လောင်-ဖယ်ခုံ မြို့နယ်တို့မှာ ဧပြီလအတွင်း တိုက်ပွဲပေါင်း အကြိမ် ၅၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇၀ ကျော်သေဆုံးကာ လက်နက်ကြီး ၇ လက်၊ လက်နက်ငယ် ၅၂ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ KNDF ပြန်ကြားရေးဗဟိုက ထုတ်ပြန်ပါတယ်။

ကရင်နီ(ကယား)ပြည်နယ်ရှိ စစ်ရှောင်စခန်းတခုအနီးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ဒုတိယအကြိမ် စစ်ဘေးထပ်ရှောင်နေရပြီး နေအိမ်တွေ ထပ်ဆောက်ပေးဖြစ်တယ်လို့ ရှမ်းတောင်ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU)  တာဝန်ရှိသူက ပြောပါတယ်။

“ပထမစစ်ရှောင်ထားတဲ့ နေရာကနေ စစ်ကြောင်းထိုးလာလို့ ထပ်ရွှေ့ရတာ၊ စစ်ရှောင်ဦးရေက ၁၀၀ ကျော်၊ အိမ်ဆောက်ပေးဖြစ်တာက အိမ်ခြေ ၅၀ ကျော်၊ အလှူရှင်တယောက်နဲ့ ပူးပေါင်းပြီး ငွေအား လုပ်အားနဲ့ ကူညီပေးဖြစ်တယ်။”

ရေကန်တွေနဲ့ အိမ်သာကျင်းတွေလည်း တူးကူခဲ့ပြီး လိုအပ်နေတဲ့ မိုးကာတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းခဲ့​တဲ့အပြင် စစ်ရှောင်စခန်းမှာရှိတဲ့ အသက် ၉၀ ကျော်၊ ၁၀၀ ကျော်ရှိ သက်ကြီးရွယ်အို အဘိုးအဘွားတွေကိုလည်း ရဲဘော်​တွေရရှိထားတဲ့ မုန့်ဖိုးတွေနဲ့ ကန်တော့ခဲ့တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ အစစအရာရာ ခက်ခဲနေကြပြီး အထူးသဖြင့် ရိက္ခာနဲ့ သောက်ရေ သုံးရေတွေ လိုအပ်နေလို့ ကူညီပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းခွဲကျော်ထိရှိနေပြီး စစ်ဘေးရှောင်ဦးရေ တနေ့ထက်တနေ့ များပြားလာကာ ခနခန နေရာပြောင်းရွှေ့ရတာတွေလည်း ရှိနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

3 days Ago
Up