အမေရိကန်စစ်တပ် Black Hawk ရဟတ်ယာဉ် ၂ စင်းဟာ မတ်လ ၂၉ ရက် နှောင်းပိုင်းက ကင်တပ်ကီပြည်နယ်အပေါ် ပုံမှန်လေ့ကျင့်ရေး မစ်ရှင်တခုအတွင်း ပျက်ကျသွားပြီးနောက်မှာ အသေအပျောက်တွေ ရှိမယ်လို့ ခန့်မှန်းရကြောင်း ကင်တပ်ကီပြည်နယ် အုပ်ချုပ်ရေးမှူးက မတ်လ ၃၀ ရက်မှာ ပြောပါတယ်။
ရဟတ်ယာဉ်အမှုထမ်းတွေရဲ့ အခြေအနေကို ချက်ချင်းမသိရသေးကြောင်း ကင်တပ်ကီရှိ အမေရိကန်ကြည်းတပ်ရဲ့ ကမ့်ပ်ဘဲလ်ခံတပ်စခန်းမှ ရိုက်တာကိုပို့ပေးတဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပြီး ဘယ်နှစ်ယောက် လိုက်ပါလာကြောင်း လူအရေအတွက်ကို ဖော်ပြထားခြင်း မရှိပါဘူး။
ရဟတ်ယာဉ်အမှုထမ်းတွေဟာ အမှတ် ၁၀၁ လေကြောင်းချီတပ်က လုပ်ဆောင်တဲ့ လေ့ကျင့်မှုအတွင်း HH-60 Black Hawk ရဟတ်ယာဉ်နှစ်စင်း ပျံသန်းနေတာဖြစ်ပြီး ကင်တပ်ကီပြည်နယ်ရဲ့ ထရစ်ဂ်ကောင်တီမှာ အရှေ့ဘက်စံတော်ချိန် ည ၁၀း၀၀ နာရီလောက်မှာ ပျက်ကျခဲ့တာဖြစ်ကြောင်း ကမ့်ပ်ဘဲလ် ခံတပ်စခန်းရဲ့ ပြည်သူ့ရေးရာရုံးက ပြောပါတယ်။
HH-60 အမျိုးအစားဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ ဆေးဘက်ဆိုင်ရာ နေရာရွှေ့ပြောင်းတာတွေ အပါအဝင် စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးအမျိုးမျိုးအတွက် ပံ့ပိုးကူညီဖို့ ဒီဇိုင်းထုတ်ထားတဲ့ Black Hawk ရဟတ်ယာဉ်အမျိုးအစားဖြစ်ကြောင်း စစ်တပ်ကနေ သိရပါတယ်။
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မတ်လ ၂၉ ရက် မနက်က စစ်ရဟတ်ယာဉ် ၁ စီးပျက်ကျပြီး အရပ်ဘက် ဝန်ထမ်း ၃ ယောက်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ယောက် မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
စစ်ရဟတ်ယာဉ်ဟာ ဒီနေ့မနက် ၉ နာရီလောက်က ဟားခါးမြို့ရှိ နယ်မြေခံ တပ်ရင်းရဟတ်ယာဉ်ကွင်းမှာ ဆင်းသက်စဉ် လေထုမငြိမ်မသက်ဖြစ်ပေါ်ခဲ့လို့ ရဟတ်ယာဉ်ကွင်းအနီး ပေ ၅၀ ခန့်အကွာနေရာသို့ အမြင့်မီတာ ၂၀ လောက်ကနေ မတော်တဆ ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ရဟတ်ယာဉ်ဟာ ချင်းပြည်နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲ ဖြေဆိုဖို့ မေးခွန်းလွှာ၊ အဖြေလွှာတွေနဲ့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မယ့် ပညာရေးဝန်ထမ်းနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို သွားရောက်ပို့ဆောင်တာလို့လည်း စစ်ကောင်စီပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။
မေးခွန်းလွှာ၊ အဖြေလွှာတွေ ထိခိုက်ပျက်စီးမှု မရှိတဲ့ အကြောင်းနဲ့ ဒဏ်ရာရသူတွေကို နယ်မြေခံ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေတယ်လို့လည်း သိရပါတယ်။