စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ် BGFတို့နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းအဖွဲ့ဝင်တွေကြား စစ်ရေးတင်းမာလာတာကြောင့် မွန်ပြည်နယ် ကျိုက်မရောမြို့ ဒေသခံ ထောင်ချီ ဘေးလွတ်ရာ ရှောင်တိမ်းနေရပြီလို့ ဒေသခံတွေက ပြောပါတယ်။
PDF သတင်းအရင်းမြစ်တွေက “စစ်ရေး တင်းမာနေတယ်။ ချောင်းနှစ်ခွကနေ သံပုရာရွာကို အခုရက်ပိုင်း အမြောက်တွေ ပို့ထားတယ်လို့ ကြားတာကြောင့် ဒေသခံတွေမှာ ရွာကို မပြန်နိုင်ကြ သေးဘူး”လို့ ပြောပါတယ်။
နှစ်ဘက်တိုက်ပွဲ ထပ်ဖြစ်လာမှာကို စိုးရိမ်ပြီး ကျိုက်မရောမြို့ပေါ်မှာလည်း စစ်တပ်နဲ့ ရဲစခန်းအနားနေသူတွေ တခြားနေရာတွေဆီ ညဘက်တွေ ပြောင်းအိပ်နေရတယ်လို့ သိရပါတယ်။
မြို့ခံတယောက်က "ကျိုက်မရော မြို့ပေါ်ရဲစခန်းနားဆိုတော့ ညဘက်မအိပ်ရဲဘူး ပစ်ခတ်လာလို့ရှိရင် ထွက်ကလည်းမရ။ တိုက်ပွဲတွေမဖြစ်ခင် နီးစပ်ရာ လူနေရပ်ကွက်ထဲက အသိအိမ်တွေမှာ လိုက်နေရတယ်။ တောဘက်ကိုတော့ မသွားရဲဘူး"လို့ ဆိုပါတယ်။
ဒါအပြင် KNU တပ်မဟာ ၆ နယ်မြေထဲက ရဲမွန်ရွာ၊ သရက်ကုန်းရွာအပါဝင် ကျောက်ကွဲ၊ မယ်တရို၊ အတ္ထရံ၊ ပေါလော၊ မီးသွေးကုန်း၊ ကြံတောနဲ့ လှိုင်ကမိန်ရွာတွေက ဒေသခံတွေဟာ လည်း ချောင်းနှစ်ခွ တိုက်ပွဲအပြီး တိမ်းရှောင်နေကြသလို ကော့ကရိတ်ဘက်တက်တဲ့ လမ်းဘက်က ရွာတွေနဲ့ မြစ်အရှေ့ဘက်ခြမ်းက ဖာသိမ်၊ ငါးပြေမ၊ ကြခတ်ကုန်းဘက်က ဒေသခံ တွေလည်း စစ်ရှောင်နေခဲ့ကြတာပါ။
စစ်ရှောင်ရွာသား တယောက်က"လောလောဆယ်တော့ စကစဘက်က ရွာသားတွေကို ဘာမှတော့ မလုပ်သေးဘူး။ဒါပေမယ့် စစ်ကိုင်းဘက် မကွေးဘက်ကလိုဖြစ်မှာဆိုးလို့ အသက်ကိုပဲ ဦးစား ပေးပြီး လောလောဆယ်လွတ်အောင်ပြေးထားရတာပေါ့။ စစ်ပွဲထပ်ဖြစ်မှာလည်း စိုးရိမ်ရသလို ရွာတွေဘက်ဝင်လာပြီးဆို ဖမ်းမယ်၊ ပစ်မယ် ကြောက်တာရယ်၊ အခုအခြေနေရဆို တိုက်ပွဲက ထပ်ဖြစ်နိုင်တာကြောင့် အိမ်ကိုလည်း မပြန်နိုင်တော့ အခုချိန်က စပါးရိမ်းသိမ်းချိန် ခြံလယ် လုပ်ငန်းလည်း မလုပ်နိုင်ဘူး"လို့ ပြောပါတယ်။
တောင်ကလေးကျိုက်မရော ချောင်းနှစ်ခွရွာတိုက်ပွဲအပြီး BGF အဖွဲ့က ညစဥ် ရွာတွေပါမကျန် အင်အားရာချီ ကင်းလှည့်နေပြီး စစ်ကောင်စီတပ်ကလည်း KNU တပ်မဟာ ၆ နယ်မြေတွေ ဘက်ကို လေကြောင်းကနေ မကြာခဏဆိုသလို တိုက်ခိုက်နေသလို KNLA ပူးပေါင်းအဖွဲ့ကလည်း ဝေဟင်ကနေ တန်ပြန်တဲ့အနေဖြင့် ဒရုန်းနဲ့ပါ ပြန်လည်တိုက်ခိုက်တာကြောင့် သာမန်အရပ်သား ၁ ဒါဇင်ကျော်လောက် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်က PDF ခြေကုပ်စခန်းရှိနိုင်တဲ့ နေရာတွေကိုလည်း စစ်ကောင်စီတပ်က ကင်းထောက်လေယာဥ်နဲ့ မကြာခဏဆိုသလို စုံစမ်းထောက် လှမ်းနေခဲ့တယ်လို့ ရေးဘီးလူး အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ရေးရဲစခန်းမှူးနဲ့အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးပြီးနောက် PDF တွေရဲ့ ခြေကုပ်စခန်းတွေကို ခြေရာခံလိုက်ပြီး စုံစမ်းထောက်လှမ်းနေတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “လေယာဥ်သံက ည ၁၀ နာရီကျော်ဆို ကြားရပြီး ဘယ်ကိုသွားလဲတော့ မသိဘူး။ အခုလိုအချိန်မှာ ညဘက်လေယာဥ်သံကြားတော့ ဘယ်နေရာမှာ ဗုံးလာကြဲမလဲဆိုတာ စိုးရိမ်ရတာပေါ့” လို့ ပြောပါတယ်။
မွန်-ကရင်ပြည်နယ်ဘက်တွေကို လေကြောင်းကနေ ပိုမိုတိုက်ခိုက်လာတာတွေ့ရပြီး မြေပြင် စစ်တပ်ကို အထိနာမခံချင်တာကြောင့် လေယာဥ်နဲ့သာ တိုက်ခိုက်ရေးမှာ ပိုမိုအသုံးချ လာနေတယ်လို့ စစ်ရေးလေ့လာနေသူတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ တနိုင်ငံလုံး စစ်မျက်နှာ ဖွင့်ထားခဲ့ရာ မြေပြင်တိုက်ခိုက်ရေးထက် လေကြောင်း တိုက်ခိုက်ရေးကို ပိုလုပ်လာတာဖြစ်ပါတယ်။
ရှမ်း-ကရင်နီ (ကယား) နယ်စပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်ဘက်က လူအင်အားလက်နက်အင်အား အများအပြား အသုံးပြုပြီး ဝင်ရောက်နေရာယူထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့ မနက် အစောပိုင်း ၁ နာရီအချိန်ကစပြီး မိုးဗြဲမြိုပေါ်ကို စစ်ကောင်စီတပ်ဘက်က တာဝေးပစ်လက်နက်ကြီးတွေ စတင်ပစ်ခတ်ခဲ့ပြီး မနက် ၂ နာရီလောက်မှာတော့ စစ်ကြောင်း ၂ ကြောင်းနဲ့ မိုးဗြဲမြို့ထဲ ဝင်ရောက်နေရာယူခဲ့တာလို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။
မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာစဉ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှု တချို့ရှိပေမယ့် အရေအတွက် မသိရသေးပါဘူး။
စစ်ကောင်စီဘက်က တာဝေးပစ်လက်နက်ကြီးတွေ၊ တင့်ကား အသုံးပြုပြီး အဆမတန် သာလွန်ပစ်ခတ်မှုကြောင့် ပူးပေါင်းအဖွဲ့မှ ရဲဘော် ၂ ဦး ကျဆုံးသွားပြီး တဦးကတော့ စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဘက်က မိုးဗြဲမြို့ စက်တော်ရာဘုန်းကြီးကျောင်းနဲ့ မွေတော်ဘုန်းကြီးကျောင်းတွင်းက အပြစ်မဲ့ပြည်သူလူထု ၁၀၀ လောက်ကို ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း မိုးဗြဲ PDFက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ သာလွန်အင်အားအသုံးပြုခဲ့မှုကြောင့် ပူးပေါင်းတပ်ဖွဲ့တွေဟာ မိုးဗြဲမြို့ကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“တကယ်တမ်းကျတော့ မိုးဗြဲက ကယားပြည်နယ်ရဲ့ လမ်းဆုံလမ်းခွနေရာပဲလေ။ အဲတော့ PDF က ဝင်လာရင်လည်း ထိန်းချုပ်ထားနိုင်ဖို့က မလွယ်ဘူး။ ဒါပေမဲ့ အဲဒီမိုးဗြဲထဲမှာတော့ PDF, KNDF လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ စစ်တပ်ကလည်း မလာနေဘူး။ PDF ကလည်း ထိုင်နေလို့ မရဘူး။ ထိုင်ရင်လည်း သူတို့က လက်နက်ကြီးတွေနဲ့ ထုတယ်။ အဲဒါကြောင့်မို့လို့ စစ်တပ်ကလည်း လာမနေဘူး။ PDF လည်း လာမနေဘူး။ ဒါပေမဲ့ လှုပ်ရှားတာမျိုးတော့ ရှိတာပေါ့။ သူတို့ အလုံးအရင်းနဲ့ ဝင်လာတဲ့အချိန်မှာ ကျနော်တို့က စစ်ရေးအရတော့ တမျိုးတော့ လုပ်မှာပေါ့။”
လတ်တလောက်မှာတော့ မိုးဗြဲမြို့ပေါ်နေရာအနှံကို စစ်ကောင်စီဘက်က နေရာယူထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကစပြီး မိုးဗြဲမြို့မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအင်အားအများအပြား သေဆုံးခဲ့ရသလို လက်နက်ခဲယမ်း အများအပြားကိုလည်း ပူးပေါင်းတပ်ဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၃ ရက်ကစပြီး အင်အားလုံးအရင်းနဲ့ စစ်ကြောင်းတွေ ပြန်လည်ထိုးလာတဲ့အတွက် မိုးဗြဲကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြန်ဆုတ်ခွာရတဲ့ အနေအထား ဖြစ်နေတာလို့လည်း ဆိုပါတယ်။
“ပြီးခဲ့တဲ့တခေါက်က လက်နက်ခဲယမ်းပါတာများတယ်။ နောက်သူတို့ဘက်က ကျဆုံးတာ အဆမတန် များတဲ့အခါကျတော့ ဒီနယ်တဝန်းမှာ နယ်မြေရှင်းလင်းရေးလုပ်ပါဆိုတဲ့ပုံစံနဲ့ လာပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်တာ။ တင့်ကားတွေ ဘာတွေနဲ့ပါ လာတော့ ကျနော်တို့ဆီက မိုးဗြဲ ပါတယ်ဆိုတာ မဟုတ်ပါဘူး။ လိုအပ်လို့ ဆုတ်ကာ၊ တက်ကာ လုပ်တာမျိုးကတော့ ရှိမှာပဲလေ။ အခုက တိုက်ပွဲက ကောင်းကောင်းတောင် မဖြစ်ရသေးဘူး။ လွိုင်ကော်ကနေကော မိုးဗြဲ ၄၂၂ ထဲကကော လက်နက်ကြီးတွေနဲ့ အဆမတန်ထုတော့ နေရာယူတဲ့နေရာမျိုးတွေ နောက်ဆုတ်တာတွေ ဘာတွေ ရှိတာပေါ့။”
မိုးဗြဲကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေချိန် ဖယ်ခုံမြို့ပေါ်မှာလည်း နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု အသေးစိတ် မသိရသေးပါဘူး။
စက်တင်ဘာ ၁၇ ရက်နေ့ကလည်း လွိုင်ကော်မြို့အထွက် နွားလဝိုင်းနဲ့ ပဒါးညေးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ပြည်သူကာကွယ်ရေးတပ်ဘက်က ၁ ဦး သေဆုံးခဲ့ရသလို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိမိုးဗြဲမြို့မှာ စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံစိတ်ချရသောနေရာတွေမှာ နေထိုင်ပေးကြဖို့နဲ့ ခရီးသွားမိဘပြည်သူများအနေနဲ့ မိုးဗြဲလမ်းကို အသုံမပြုကြသေးဖို့ သတင်းပေးထုတ်ပြန်ထားပါတယ်။