close

စစ်ရေးနှင့် စီးပွားရေး

close

March 14, 2022

ရုရှားအစိုးရက တရုတ်ထံမှ စစ်ရေးနှင့် စီးပွားရေး အကူအညီတောင်း

ရုရှားအစိုးရဟာ စစ်ရေးနဲ့ စီးပွားရေး အကူအညီတွေကို တရုတ်အစိုးရဆီကနေ တောင်းခံခဲ့တယ်လို့ မတ်လ ၁၄ ရက်နေ့ အမေရိကန်အစိုးရက ပြောတဲ့အကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

တကယ်လို့ ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားတာတွေကို ရှောင်တိမ်းဖို့ တရုတ်အစိုးရက ကူညီခဲ့ရင် ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေကို ခံစားရမယ်လို့ အမေရိကန်အစိုးရက သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားရေတပ်ဟာ ယူကရိန်းရဲ့ ပင်လယ်နက်ကမ်းရိုးတန်းကို ပိတ်ဆို့ထားပြီး နိုင်ငံတကာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးနဲ့ ယူကရိန်းကို အဆက်ဖြတ်ထားလိုက်ပြီလို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၃ ရက်နေ့မှာ ပြောပါတယ်။

ယူကရိန်းနဲ့ ရုရှား နှစ်ဘက်စလုံးကတော့ ဆွေးနွေးပွဲတွေကို မတ် ၁၄ ရက်နေ့မှာ ရုပ်သံကနေတဆင့် ပြန်စမယ်လို့ ပြောထားပါတယ်။

ပိုလန် နယ်စပ်နားက ယူကရိန်းရဲ့ ယာဗိုရစ်ဗ်စစ်စခန်းကို ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၃၅ ယောက် သေဆုံးတယ်လို့ လတ်ဗိဗ် ဒေသန္တရ အုပ်ချုပ်ရေးမှူးက မတ် ၁၃ ရက်နေ့မှာ ပြောပါတယ်။

အဲဒီစစ်စခန်းဟာ ယူကရိန်းမှာ အကြီးဆုံး စစ်တပ်အခြေစိုက်စခန်းတွေထဲက တခုဖြစ်ပြီး ရုရှားက မကျူးကျော်ခင်က နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်တာတွေ အများဆုံး လုပ်ခဲ့တဲ့ စခန်းလည်း ဖြစ်ပါတယ်။

ရုရှားဟာ လူဟန့်စ်ဒေသ ညတွင်းချင်း စီးနင်းတိုက်ခိုက်မှုအတွင်း တားမြစ်ပိတ်ပင်ထားတဲ့ ဖော့စ်ဖရပ်စ် လက်နက်တွေကို သုံးခဲ့တယ်လို့ ယူကရိန်း လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက ရုရှားကို စွပ်စွဲခဲ့ပါတယ်။

သူ့စွဲချက်ကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။ တကယ်လို့ ရုရှားဟာ ဓာတုလက်နက်တွေကို ယူကရိန်းနိုင်ငံထဲမှာ သုံးခဲ့ရင် ဆိုးရွားပြင်းထန်တဲ့ ပေးဆပ်မှုတွေနဲ့ ပြန်ပေးဆပ်ရမယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလေဗန်က မတ် ၁၃ ရက်နေ့မှာ ထပ်ပြောခဲ့ပါတယ်။

ကိယက်မြို့တော် အနောက်မြောက်ပိုင်းက အာရ်ပင်မြို့မှာ မတ် ၁၃ ရက်နေ့က အမေရိကန် သတင်းထောက်တယောက် ပစ်သတ်ခံရပြီး သူနဲ့ လုပ်ဖော်ကိုင်ဖက် ယူကရိန်း နိုင်ငံသား ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကိဗ်ဒေသ ပေရေမိုဟာရွာကနေ အမျိုးသမီးတွေနဲ့ ကလေးတွေကို ဘေးကင်းရာ သယ်ထုတ်လာတဲ့ ယာသ်တန်းကို ရုရှားစစ်တပ်က မတ် ၁၂ ရက်နေ့မှာ ပစ်ခတ်ခဲ့တာကြောင့် ကလေးတယောက် အပါအဝင် လူ ၇ ယောက် သေဆုံးတယ်လို့ ယူကရိန်း ထောက်လှမ်းရေးဌာနက ပြောပါတယ်။

ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားဟာ တာဝန်ခံရစေရမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းတို့က မတ် ၁၃ ရက်နေ့မှာ ထပ်လောင်း ကတိပြုခဲ့ပါတယ်။

ဥရောပကော်မရှင်ဟာ ယူကရိန်းအတွက် အီးယူရဲ့ စစ်ရေးအကူအညီကို နှစ်ဆတိုးဖို့ ရည်မှန်းထားပြီး နောက်ထပ် ယူရို သန်း ၅၀၀ လျာထားဖို့ အဆိုပြုထားပါတယ်။

ရုရှား ကျူးကျော်စစ် စကတည်းက ယူကရိန်းကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်ဦးရေ ၂ ဒသမ ၆ သန်းကျော်သွားပြီလို့ ကုလသမဂ္ဂက ပြောထားပါတယ်။

3 mins Ago
Up