မွန်ပြည်နယ်၊ ရေးမြိုနယ်၊ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဓမ္မဘာလဖလံကျေးရွာအနီးအနားမှာ ဇန်နဝါရီ ၈ ရက် ဒီနေ့မနက်က စစ်ကောင်စီတပ်တွေ ဝင်ရောက် စစ်ရေးစတင်လှုပ်ရှားခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။
ဒေသခံ ခြံသမားတယောက်က “ရာဘာခြံလမ်းတွေမှာ စစ်ကောင်စီတပ်သားတွေ ဖြတ်သန်း လှုပ်ရှားသွားလာနေတဲ့အခါ ဒီနယ်မြေက မွန်ပြည်သစ်ပါတီလှုပ်ရှားနယ်မြေလည်း ဖြစ်တယ်။ ပြီးတော့ ကေအန်ယူ ဘက်ကလည်း ဒီနယ်မြေဘက်ကို လှုပ်ရှားသွားလာနေတဲ့ နယ်မြေဖြစ်တော့ လက်နက်ကိုင်ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်ရသလို ခြံလုပ်ငန်းလည်း မလုပ်ရဲဘူး”လို့ ပြောပါတယ်။
အခုလို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဘက်ကို စစ်ကောင်စီတပ်က ဝင်ရောက်လာတာဟာ ရေး PDF တွေရှိနိုင်မယ့်နေရာကို ရှာဖွေတာဖြစ်နိုင်တယ်လို့ ဒေသခံတချို့က သုံးသပ်ပြောပါတယ်။
လက်ရှိအခြေအနေအထိတော့ စစ်ကောင်စီတပ်နဲ့ ရေး PDF လက်နက်ကိုင်တွေအပါဝင် မွန် ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေ ဒီနယ်မြေထဲမှာ ထိပ်တိုက်တွေ့ တိုက်ပွဲဖြစ်တာ မရှိသေးပါဘူး။
ကယားပြည်နယ် ဒီးမာ့ဆိုအရှေ့ဘက်ခြမ်းနဲ့ လွိုင်ကော်မြို့နယ်အထဲပိုင်းခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့အတွက် ကျေးရွာနေပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒီးမော့ဆိုမြို့နယ်ဒေသခံ PDF ပြောခွင့်ရသူတဦးက ပြောပါတယ်။
“တရက်ပြီးတရက် သူတို့ရဲ့ စစ်ကြောင်း၊ ထိုးစစ်လို့ပြောရမှာပေါ့။ သူတို့ရဲ့စစ်ရေးလှုပ်ရှားမှုက အဓိကနယ်မြေ စိုးမိုးမှုကို သူတို့ပိုပြီးတော့ လုပ်လာတယ်။ ဒီကနေ့မှာဆိုလို့ရှိရင်တော့ ဒေါလော့ခူ (ကျေးရွာ) ဘက်ကို ရောက်လာပြီပေါ့။ ဒါတွေက အရင်က တခါမှ သူတို့မရောက်လာဘူး။ လှုပ်ရှားတဲ့နေရာမဟုတ်ဘူးပေါ့။ ဒီဘက်မှာတော့ လက်ရှိအခြေအနေက သူတိုတွေက တရက်ပြီးတရက် နယ်မြေစိုးမိုးမှုအတွက် တိုးစစ်တွေက လုပ်လာတာပေါ့။ တခါတလေကျရင် တဖွဲ့တည်းလာတာရှိတယ်။ တခါတလေကျရင် နှစ်ဖွဲ့ပေါင်းပြီးတော့ လာတာရှိတယ်။”
ဒီလို ထိုးစစ်တွေ တိုးမြှင့်လာမှုကြောင့် အဲဒီနားတလျှောက်က ကျေးရွာတွေလည်း အစကတည်းက ထွက်ပြေးတိမ်းရှောင်ရာကနေ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
“သူတို့တွေက ထိုးစစ်ဆင်လာရင်းနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေနေတဲ့ အရပ်တချို့ကို သူတို့သွားတွေ့တာရှိတယ်။ ရွာထဲမှာပြန်လာတဲ့အချိန်ဆိုရင်လည်း ပြည်သူတွေရဲ့ပစ္စည်းတွေ ဖောက်ထွင်းတာတွေလုပ်တယ်။ ရှိတဲ့ စားစရာတွေယူသွားတယ်။ ဒါတွေက သူတို့လုပ်နေမြဲအတိုင်း လုပ်တာ။ ဒါပေမယ့် မနေ့က ဒေါလျာခူ ရွာမှာဆိုရင် ကျနော်တို့ ခင်များတို့ ရွာမှာနေတုန်း ကျနော်တို့ကို ခင်ဗျားတို့ တခုခုလုပ်မယ်ဆိုရင် ခင်များတို့ တရွာလုံး မီးပြာကျရမယ်တို့၊ တရွာလုံးမောင်းထုတ်မယ် ဘာညာပြောတာတွေတော့ရှိတာပေါ့။ ”
ဒါ့အပြင် စစ်ရှောင်ရှိတဲ့နေရာထိ စစ်ကောင်စီတပ်တွေ ရောက်ရှိပြီး စစ်ရှောင်တွေကို အိမ်ပြန်နေဖို့ အတင်းအကျပ် ဖိအားပေးက မောင်းပြန်တဲ့အတွက် ဒေသခံ စစ်ရှောင်တွေဟာ ကြောက်ရွံ့ပြီးမဖြစ်မနေ ရွာပြန်ကြရတာတွေရှိနေတယ်လို့ ဆိုပါတယ်။
ပြန်သွားသူ အများစုက ရွာမှာမနေရဲတော့ပဲ တခြားနေရာ ဒေသသ အသီးသီးကို ပြန်လည် ပြောင်းရွှေ့ကြရတယ်လို့ ပြောပါတယ်။
ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်း မေလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကေအန်ပီပီအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီးနောက် ဒီးမော့ဆို၊ လွိုင်ကော် နဲ့ ရှမ်းကယားနယ်စပ် မိုးဗြဲတို့မှာ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေ နေရာအနှံ့ဖြစ်ပွားခဲ့ပါတယ်။
ကယားပြည်နယ်အတွင်းမှာ ထိုးစစ်တွေ ယာယီရပ်ဆိုင်းထားမယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဇွန်လ ၁၅ ရက် ဒီနေ့နေ့စွဲနဲ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
KNDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြောင့် ကယားပြည်နယ်ထဲမှာ မြို့၊ ရွာ၊ နေအိမ်တွေ များစွာထိခိုက်ပျက်စီးပြီး စစ်ဘေးရှောင် ပြည်သူ ၁ သိန်းကျော်ရှိလာပြီးနောက် ဇွန်လ ၁၅ ရက်နေ့ကစကာ ထိုးစစ်ဆင်မှု ယာယီရပ်ဆိုင်းသွားမယ်လို့ KNDF က ကြေညာခဲ့ပါတယ်။
တိုက်ပွဲတွေ ယာယီရပ်ဆိုင်းထားချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားလုံးအရင်းနဲ့ ကယားပြည်နယ်ကို ပို့ဆောင်နေသလို ကျေးရွာတွေကို ဆက်လက်ဝင်ရောက်နေရာယူက အင်အားတိုး ထိုးစစ်ဆင်လာနေတာဖြစ်ပါတယ်။
တိုက်ပွဲတွေရပ်ထားပြီးနောက် ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်ပြည်သူအချို့ အိမ်ပြန်လာကြရာမှာ မိမိနေအိမ်တွေ မီးလောင်ပျက်စီးနေတာ၊ ဖောက်ထွင်းခံထားရတာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေ လူမသိ၊ သူမသိ သတ်ဖြတ်ထားတဲ့ ရုပ်လောင်းတွေကိုလည်း ဒီးမော့ဆိုမြို့နယ်မှာ တွေ့ခဲ့ရတယ်လို့လည်း UKSY က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကယားပြည်နယ်မှာ မတ် ၁၉ ရက်မှ ဇွန်လ ၁၁ ရက်အထိ ကျဆုံးခဲ့ရသူပေါင်း အနည်းဆုံး အယောက် ၅၀ ရှိတယ်လို့ UKSY ကရင်နီပြည်လူငယ်များသမဂ္ဂက ထုတ်ပြန်ပါတယ်။