close

စစ်ရေးအထောက်အပံ့

close

April 7, 2022

ယူကရိန်းကို စစ်ရေးအထောက်အပံ့ တိုးပေးရန် နေတိုး နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်မှာ ဧပြီ ၆ ရက်နေ့က ဆုံတွေ့ခဲ့ကြပြီး ယူကရိန်းနိုင်ငံဆီ စစ်ရေးအထောက်အပံ့ တိုးပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။

တချို့မဟာမိတ်တွေက ယူကရိန်းအတွက် အဆင့်မြင့် လက်နက်ကြီးတွေကို သိသာတဲ့ ပမာဏနဲ့ ပံ့ပိုးပြီးနေပြီ၊ နေတိုးက ယူကရိန်းကို ဘယ်လိုထပ်ပံ့ပိုးနိုင်မလဲဆိုတဲ့ ပိုများတဲ့ ကတိတွေပေးဖို့ မျှော်လင့်တယ်လို့ နေတိုး အတွင်းရေးမှူးချုပ် ယန်း စတော့တန် ဘာ့ဂ်က ၂ ရက်ကြာ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေး မတိုင်ခင်က ပြောခဲ့ပါတယ်။

တကယ်လို့ ဖင်လန်နဲ့ ဆွီဒင်က နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားခဲ့မယ်ဆိုရင် မဟာမိတ်အားလုံးက ကြိုဆိုမယ်လို့လည်း စတော့တန်ဘာ့ဂ်က အစည်းအဝေးအတွင်း ပြောပါတယ်။

ဒီနှစ်နိုင်ငံဟာ လက်နက်ကိုင်တပ်တွေကို ဒီမိုကရေစီနည်းကျ ထိန်းချုပ်ပြီး အချင်းချင်း ညှိနှိုင်း လုပ်ကိုင်နိုင်စွမ်းမှာ နေတိုးစံချိန်နဲ့ ညီတယ်လို့လည်း သူက အလေးအနက် ပြောခဲ့ပါတယ်။

အရင် အစည်းအဝေးမှာတုန်းကတော့ ရုရှားနဲ့ ယူကရိန်းတို့ ညှိနှိုင်းရေးစားပွဲကို ပြန်ကြဖို့ နေတိုးက ဆော်ဩခဲ့တာပါ။

ပဋိပက္ခမှာပါတဲ့ တဖက်ကို လက်နက်တွေလွှဲပေးရင် ပိုများတဲ့ ထိပ်တိုက်တွေ့မှုကို အားပေးရာ ရောက်နိုင်တယ်လို့ အရင်က နေတိုးအစည်းအဝေးအတွင်း ပြောဖူးပါတယ်။

ရုရှားပြည်ထောင်စု နိုင်ငံခြားရေးရာ ကော်မတီရဲ့ ဒုဥက္ကဋ္ဌ ဗလာဒီမီယာ ဒီဇာဘာရို့ဗ်ကလည်း နေတိုးအဖွဲ့ဝင် နိုင်ငံတွေက ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့ တိုးပေးရင် ပဋိပက္ခ ပိုအရှိန်မြင့်လာလိမ့်မယ်လို့ ဧပြီ ၆ ရက်နေ့က တက်စ်သတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းအတွင်း ပြောခဲ့ပါတယ်။

နေတိုးက ယူကရိန်းဆီ လက်နက်ကြီး အများအပြား အပါအဝင် ခဲယမ်းမီးကျောက်တွေနဲ့ လက်နက်တွေကို ရထားနဲ့ သယ်ပို့နေတဲ့အတွက် ပဋိပက္ခကို ပိုအရှိန်မြင့်အောင် မီးလောင်ရာ လေပင့်နေတယ်လို့လည်း ဒီဇာဘာရို့ဗ်က မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

ခုတကြိမ် နေတိုး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနဲ့ နယူးဇီလန် အပါအဝင် အာရှ-ပစိဖိတ် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေလည်း ပါဝင်တက်ရောက်ပါတယ်။

ကမ္ဘာ့စိန်ခေါ်မှုတွေကို ပူးတွဲဖြေရှင်းတဲ့နေရာမှာ အာရှ-ပစိဖိတ် မဟာမိတ်တွေနဲ့ ပိုအားကောင်းတဲ့ ဆက်ဆံရေးကို လိုအပ်တယ်လို့ နေတိုးဘက်က ပြောပါတယ်။

57 seconds Ago
Up