စစ်ဘေးရှောင်ကလေးတွေအတွက် ကရင်နီပြည်နယ် တနေရာမှာ ဖွင့်လှစ်ထားတဲ့ နွေဦးဂုရုလေးများ ပညာရေးစင်တာမှာ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတာမို့ ပါဝင်လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ကရင်နီပြည်နယ်ကတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ မကြာခဏ တိုက်ခိုက်ခြင်းခံရတဲ့၊ နေအိမ်၊ ကျေးရွာတွေကို မကြာခဏ မီးရှို့ခံရတဲ့ ဒေသတွေထဲက တခုဖြစ်နေပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် နေအိမ်ကို စွန့်ခွာထွက်ပြေးကြရသူတွေလည်း တနေ့ထက်တနေ့ များပြားနေပါတယ်။
အဲဒီထဲမှာ နေရပ်စွန့်ခွာ စစ်ရှောင်မိသားစုတွေရဲ့ ကလေးငယ်တွေဟာလည်း ပညာရေးတပိုင်းတစ ဖြစ်လာခဲ့ပြီး အဲဒီလိုအပ်ချက်အတွက် နွေဦးဂုရုလေးများ ပညာရေးစင်တာက အဆိုပါ စစ်ရှောင်ကလေးငယ်တွေအတွက် ပညာရေးအခွင့်အလမ်းပေးနေတဲ့ ကျောင်းတကျောင်း ဖြစ်လာခဲ့တာပါ။
အဆိုပါကျောင်းကို တက်ရောက်လိုပါက ဝင်ခွင့်ဖြေဆိုရမှာ ဖြစ်တဲ့အပြင် တက်ရောက်မယ့်သူဟာ စစ်ဘေးရှောင်ဖြစ်ရမှာဖြစ်ပြီး အသက် ၁၅ နှစ်နဲ့ ၂၂ ကြား ဖြစ်ရမှာပါ။ ဒါ့အပြင် သင်ယူလိုမှု ရှိ၊ မရှိ စတာတွေကို ကြည့်ရှုရွေးချယ်တာ ဖြစ်ပါတယ်။
နွေဦးဂုရုလေးများ ပညာရေးစင်တာမှာ မိခင်ဘာသာဖြစ်တဲ့ ကရင်နီ (ကယား) စာပေနဲ့ English 4 skills ကို အဓိကဘာသာရပ်အဖြစ် သင်ကြားပေးပြီး ဖြည့်စွက်ဘာသာရပ်အဖြစ် အနုပညာနဲ့ လက်မှုပညာ၊ သိပ္ပံနဲ့ သုတေသန အခြေခံ၊ Organic Farming (သဘာဝစိုက်ပျိုးရေး)၊ Social Study နဲ့ Learning Skill တို့ကို သင်ကြားပေးနေတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ကျောင်းအနေနဲ့ အပတ်စဉ် ၂ ခု သင်ကြားပေးပြီးဖြစ်လို့ ကျောင်းသား ကျောင်းသူ ၁၁၂ ယောက်ကို သင်ကြားပေးပြီးဖြစ်ကာ လာမယ့် စက်တင်ဘာ ၁ ရက်မှာတော့ အပတ်စဉ် ၃ စတင်ဖွင့်လှစ်တော့မှာမို့ လိုအပ်တဲ့ ပညာရေးသင်ထောက်ကူပစ္စည်းတွေကို အလှူခံနေကာ ကျောင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကတဆင့် ဆက်သွယ်နိုင်ဖို့ ဖိတ်ခေါ်ထားတာပါ။
လိုအပ်နေသည့် သင်ထောက်ကူပစ္စည်းများစာရင်း
၁) Eng-Myan Dictionary - ၅၅ အုပ် ( ကျောင်းသားများကို တယောက်တအုပ်ပေးရန်။ အိတ်ဆောင်အဘိဓာန်မဟုတ်ဘဲ သူ့ထက်အရွယ်နည်းနည်းကြီးပြီး စုံတာမျိုးဆိုပိုကောင်းပါတယ်။)
၂) Mini-Tablet အဟောင်း ၂ လုံး (အဂ်လိပ်အဘိဓာန် application ထည့်ပြီး အသံထွက်အသုံးပြုရန်အတွက် စာကြည့်တိုက်တွင်ထားရန်)
၃) English Grammar in Use by Raymind Murphy -၁၀ အုပ် (5th edition ဝယ်လို့မရရင်၊ 4th edition လည်းအဆင်ပြေပါတယ်။) , Advanced Grammar in Use -၁၀ အုပ် (ကျောင်းစာကြည့်တိုက်ထားရန်နှင့် ဆရာမများအတွက်)
၄) ဘာသာပြန် ဝတ္ထုစာအုပ်၊ ကဗျာစာအုပ်များ (မြသန်းတင့်၊ မောင်မိုးသူ၊ မောင်ထွန်းသူ၊ ကျော်အောင်၊ သင့်လူ၊ မောင်ဒေး)
၅) ပန်းချီအခြေခံဆွဲနည်းစာအုပ်များ၊ color theory စာအုပ် ( စိတ်ကူးချိုချိုစာအုပ်တိုက်တွင် မှာလို့ရပါတယ်။)
၆) Water Color Paper -၃ ထုပ်, Sketch books -၂၀ အုပ်, Dawing Pencils- ၄၀ ချောင်း, Water Color- ၃ ကတ်(ပစ္စည်းပုံတွေပြထားပါတယ်။ ရန်ကုန် ၊ ၃၃ လမ်းအပေါ်ဘလောက်က AKAN Art Center မှာ ဝယ်လို့ရပါတယ်၊ အွန်လိုင်ကနေမှာပို့လည်း ရပါတယ်။ ဆိုင်ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ရှိပါတယ်။)
၇) ချစ်သမီးထံသို့ -ပါရဂူ ဘာသာပြန်သည် - အုပ် ၆၀ ( ။အဂ်လိပ်-မြန်မာ ၂မျိုးစလုံးပါသည်၊ ပန်းဆက်လမ်းစာအုပ်တိုက်မှ ထုတ်သည်။ ကျောင်းဆင်းပွဲတွင် ကျောင်းသားများကို လက်ဆောင်ပေးရန်)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာ အုပ်စုအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့နယ်က ကျေးရွာတွေဘက်ကို စစ်ဘေးတိမ်းရှောင်နေရတဲ့ မိသားစု၀င်တွေထဲက ကလေးသူငယ်အများစုဟာ တုပ်ကွေးဖျားနာတာတွေဖြစ်နေပေမယ့် ကျန်းမာရေးစောင့်ရှောက်မှု မရကြသေးဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။
“ရာသီဥတုက မိုးရွာလိုက် နေပူလိုက်ဆိုတော့ ကလေးတွေအများစုက တုတ်ကွေးမိပြီး ဖျားနေကြတယ်။ ကုပေးမယ့် ဆရာ၀န်မရှိဘူး။ ပရဟိတဆေးအဖွဲ့တွေလောက်ပဲ လာကြည့်တာ ရှိတယ်။ ဆေးဝါးလုံလောက်မှုမရှိတော့ အခက်အခဲတွေ အများကြီးရှိတယ်” လို့ လွိုင်လင်လေးမြို့၊ သာယုရွာဘက်ကို စစ်ဘေးရှောင်လာသူတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် စစ်ရေးနယ်မြေတွေအတွင်းက ကျေးရွာတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ်တွေမှာ ကာကွယ်ဆေးတွေ မထိုးကြရလို့ ကိုယ်ဝန်ဆောင်နေစဥ်နဲ့ မွေးကင်းစကလေး သေဆုံးတာတွေလည်း ရှိနေပါတယ်။
လွိုင်ကော် ကုန်းသာစစ်ရှောင်စခန်းတာဝန်ခံတဦးက “ကျနော်တို့ စစ်ဘေးရှောင်စခန်းမှာ မွေးပြီးပြီးချင်း အသက်ပါမလာတဲ့ ကလေးမွေးလာတာ ရှိတယ်။ မွေးကင်းစအရွယ် လပိုင်း၊ ရက်ပိုင်းနဲ့ သေဆုံးသွားကြတဲ့ ကလေးတွေလည်း ရှိတယ်။ ကျနော်တို့ စစ်ရှောင်စခန်းတခုတည်း ၅ ဦးရှိတယ်” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာ အုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အနီးအနားကျေးရွာပေါ င်း ၃၀ ၀န်းကျင်က ပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။ အဲဒီမိသားစုတွေထဲမှာ ကလေးသူငယ် ၁၀၀၀ ၀န်းကျင်ပါ၀င်ပါတယ်။
အခုလက်ရှိ သူတို့တွေဟာ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ အနောက် ပဒေါင်ဒေသဘက်က ကျေးရွာတွေကို တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။