close

စစ်ရှောင်နှင့် မီးဘေးသင့်

close

December 12, 2021

ရေလယ်ကျွန်းကျေးရွာက စစ်ရှောင်နှင့် မီးဘေးသင့်ပြည်သူများ စားဝတ်နေရေး အခက်အခဲဖြစ်

ရေစကြိုမြို့နယ်  ရေလယ်ကျွန်းကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ ဖျက်ဆီးခဲ့တာကြောင့်  မီးဘေးသင့်ပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ စားဝတ်နေရေး ခက်ခဲနေကြတယ်လို့  ကျေးရွာဒေသခံတွေက ပြောပါတယ်။

ကျေးရွာအတွင်းက ကျွဲ နွား ဆိုင်ကယ် စတာတွေကို မီးရှို့ဖျက်ဆီးတဲ့အပြင် ဆင်ခြေရာနဲ့ ရွှေလှံကျေးရွာနှစ်ရွာကို လက်နက်ကြီးတွေနဲ့  ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာသားအချို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ဟာ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းက တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ကြပြီးနောက် နေ့လယ် ၁၂ နာရီခွဲလောက်က စတင်ကာ နေအိမ်တွေကို မီးရှို့ခဲ့ကြတာဖြစ်ပြီး ကျေးရွာပြည်သူတွေ သောင်းချီ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ နေအိမ်ဘယ်နှလုံးမီးလောင်ကျွမ်းခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။

ထွက်ပြေးတိမ်းရှောင်နေရသူတွေ စားဝတ်နေရေး အခက်အခဲတွေရှိပြီး အလှူရှင်တွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးရှောင်တစ်ဦးက “အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြရတာ။ ဘာမှ မပါလာတော့ စားဖို့လည်း စားစရာ မရှိဘူး။ ဝတ်ဖို့ကလည်း ကိုယ်မှာပါတာတော့ ပါလာပါတယ်။ မီးလောင်တဲ့ အိမ်တွေလည်း တော်တော်များများရှိတယ်။ နွားတွေလည်းသေ၊ လူတွေလည်းသေနဲ့ အိမ်ပြန်မယ်ဆိုရင်တောင် ပြန်စရာမရှိတော့ပါဘူး။ ဝတ်ဖို့က ရပါသေးတယ်။ ကလေးတွေလည်း ပါလာတာဆိုတော့ စားစရာလေး လှူပေးမယ်ဆိုရင်ကို ကျေနပ်ပါပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေအတွင်းက ရွှေနဲ့ ငွေကြေး၊ ပစ္စည်းတွေကို ယူဆောင်သွား ကြတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “လှူမှ ကူညီလို့ရမှာပါ။ ဘယ်ကမှ မလှူပဲ နဲ့ ကျနော်တို့ ကူညီလို့ မရပါဘူး။ တချို့ ကလေးတွေ ပါလာတယ်။ ဖိနပ်မပါဘူး၊ အကျီမပါဘူး၊ စားစရာမပါဘူး။ တချို့ဆို ပြန်စရာအိမ်မရှိတော့ဘူး။  တချို့က ပြန်ရင် အိမ်မှာ စောင့်နေမယ့်သူ မရှိတော့ဘူး။ တချို့က မိသားစုတွေ မစုံတော့ဘူး။ စဉ်းစားကြည့်ဗျာနော်၊ ဘယ်လောက်ထိ ရင်ဘက်တွေထဲ ပူလောင်နေလိုက်ကြမလဲ” လို့ ပြောပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့ ရေစကြို လူမှုကွန်ရက် စာမျက်နှာတွေနဲ့ PDF အဖွဲ့တွေကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက်က ကျေးရွာတွေအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီကို  ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၉ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ရာမှာ ဒေသခံ PDF အဖွဲ့က ၃ ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ကတော့ ၈ ဦး သေဆုံး၊ ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

59 seconds Ago
Up