close

စစ်သမီး

close

August 24, 2022

ထိုင်းရဲမေက စစ်သမီးအား အိမ်အကူအဖြစ် ခိုင်းစေပြီး နှိပ်စက်ညှဉ်းပန်း

ထိုင်းနိုင်ငံအနောက်ပိုင်း ရာ့ချ်ပူရီခရိုင်ထဲမှာ ရဲတပ်ကြပ်အဆင့်ရှိ ရဲမေ ၁ ဦးက စစ်သမီး ၁ ဦးကို ကူဖော်လောင်ဖက်အဖြစ် ခေါ်ယူထားပြီး မတရားနှိပ်စက်ညှဉ်းပန်းခဲ့တဲ့ အမှုဟာ ထိုင်းရဲတပ်ဖွဲ့နဲ့ အထက်လွှတ်တော်အမတ်အသိုက်အဝန်းထိ ဂယက်ရိုက်ခတ်နေပါတယ်။ 

အသက် ၂၀ ကျော်ရွယ် မိန်းကလေး ၁ ဦးဟာ မူလက ကော်ဖီဆိုင် ၁ ဆိုင်မှာ အလုပ်လုပ်ခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်က ရဲတပ်ကြပ်အဆင့်ရှိ ကွဏ်းဆီဘိုယဲမ့် (အသက် ၄၃ နှစ်‌)က သူမကို စစ်သမီး ဖြစ်အောင် ဆက်သွယ်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်ထဲ သွင်းပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်တဲ့အနေနဲ့ သူ့အိမ်မှာ ကူဖော်လောင်ဖက်အဖြစ် လာနေပေးရမယ်ဆိုတာကြောင့် ကတိအတိုင်း လိုက်နေခဲ့ကြောင်း၊ ပထမနှစ်မှာ ဘာပြဿနာမရှိပေမယ့် ဒုတိယနှစ်ကစ ရဲမေမှာ သူ့အလိုမကျတိုင်း စစ်သမီးကို အမြဲလိုရိုက်နှက်နှိပ်စက်တာ၊ ဘယ်မှသွားခွင့်မရှိတာ၊ လစာမပေးတာတွေ လုပ်ခဲ့ကြောင်း၊ ဒီကိစ္စ မိဘတွေကိုပြန်ပြောရင် မိဘတွေကို ဒုက္ခရောက်အောင် လုပ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့တာကြောင့် အဆိုပါစစ်သမီးက သည်းခံနေခဲ့တယ်လို့ ဆိုပါ တယ်။ 

တနေ့မှာတော့ အိမ်သာဆေးကြောတဲ့ဆေးရည်နဲ့ သူမပါးစပ်ထဲ လောင်းချတာကြောင့် ဆက်ပြီး သည်းမခံနိုင်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ဆုံးဖြတ်ပြီး မိဘတွေကို နှုတ်ဆက်စာ ပေးပို့ခဲ့ပါတယ်။ မိဘတွေက အဆိုပါအိမ်ထိ လိုက်လာကာ အကြောင်းစုံသိပြီးတဲ့နောက် သက်သေအထောက်အထားတွေနဲ့အတူ ရဲစခန်းမှာ တိုင်ချက်ဖွင့်လိုက်ပြီး  ချနယ်လ်  ၃ တီဗွီ သတင်းဌာနမှာလည်း အင်တာဗျူး ဖြေကြားလိုက်ပါတယ်။ 

အဆိုပါရဲမေမှာ သူ့ကိုယ်သူ အထက်လွှတ်တော်အမတ်ရဲ့ဇနီးလို့ အမြဲပြောဆိုတာက တကြောင်း၊ သူမဟာ အသက်လွန်မှ ရဲမေဖြစ်လာတာကတကြောင်း၊ ရဲတပ်ဖွဲ့ထဲကနေ စစ်တပ်ထဲကလူကို အစေခံပြုနေတာတွေဟာ လူမှုအသိုက်အဝန်းကြားမှာ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။ 

ရဲမေမှာ အစပိုင်းက ထွက်ပြေးတိမ်းရှောင်နေပြီး ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့မှာတော့ ရဲစခန်းကို ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပါတယ်။ စစ်သမီးကို နှိပ်စက်ခဲ့ကြောင်း ဝန်ခံပြီး ခုလိုလုပ်ရတာဟာ သူမမှာ စိတ်ရောဂါအခံရှိကြောင်း လောလောလတ်လတ် ထုတ်လာတဲ့ ဆေးထောက်ခံစာကိုပါ ပြသခဲ့ပါတယ်။ 

သူမ လာရောက်အဖမ်းမခံခင်ကတော့ သတင်းဌာနပရီစင်တာနဲ့ စစ်သမီးဘက်က အမှုလိုက်ပေးမယ့်ရှေ့ နေတွေဟာ တယ်လီဖုန်းကနေ ခြိမ်းခြောက်မှုတွေ ခံခဲ့ရပါတယ်။ 

သူမရဲ့အမှုကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်ကြီး ဆူရချေ့် ဟတ်ဖန်းကိုယ်တိုင် လာရောက် စစ်ဆေးခဲ့ပါတယ်။ ကနဦးစစ်ဆေးချက်အရ သူမဟာ စစ်သမီးအား နှိပ်စက်ညှဉ်းပန်းခဲ့တယ်လို့ ဝန်ခံထားကြောင်း၊ ရဲတပ်ဖွဲ့အနေနဲ့ ကျောသားရင်သား ခွဲခြားခြင်း မရှိဘဲ အပြစ်ရှိသူကို တရားဥပဒေနဲ့အညီ ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

သူမဟာ အသက် ၃၅ နှစ်ကျော်မှ ရဲမေဖြစ်တာကတော့ သက်မွေးဝမ်းကျောင်းတက္ကသိုလ်ကနေ စာရင်းကိုင်ဘွဲ့ရပြီး ဌာနရဲ့လိုလားချက်ကြောင့် ခန့်ထားကြောင်း၊ ရဲအရာရှိမှ စစ်သမီးကို ကူဖော်လောင်ဖက်အဖြစ် ခေါ်ထားတာကတော့ သူတို့ချင်း သဘောတူချက်အရသာ ဖြစ်ကြောင်း၊ သူမမှာ အထက်လွှတ်တော်အမတ် ၁ ဦးရဲ့ ဇနီးဖြစ်တဲ့ အထောက်အထားကိုတော့ မတွေ့ရဘဲ လုပ်ငန်းသဘောအရ အထက်လွှတ်တော်အမတ်နဲ့ ဆက်သွယ်ဖို့ တာဝန်တော့ရှိတယ်လို့ ဆိုပါတယ်။ 

လောလောဆယ် သူမကို ရာ့ချ်ပူရီခရိုင်တရားရုံးက လူကုန်ကူးမှု၊ တပါးသူအား ချုပ်နှောင်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ စိတ်ဒဏ်ရာရအောင် ညှဉ်းဆဲမှု၊ တာဝန်ဝတ္တရား အလွဲသုံးစားမှု စတဲ့ပုဒ်မတွေနဲ့ အရေးယူထားပြီး ထောင်ဒဏ် အနည်းဆုံး နှစ် ၂၀ ကျခံရဖွယ်ရှိနေပါတယ်။ 

သူမဟာ ဥပဒေအရ အရေးယူခံရပြီး ကိစ္စပြတ်သွားပေမယ့် အထက်လွှတ်တော်အမတ် ဆိုတဲ့ သူမရဲ့ခင်ပွန်းဟာ ဘယ်သူလဲဆိုတာကို လူမှုကွန်ရက်က သိလိုကြပြီး သူတို့သံသယရှိတဲ့ အချို့သော စီနိတ်တာတွေရဲ့ အမည်တွေပါ ဖော်ထုတ်လာပါတယ်။ ဖော်ထုတ်ခံရသူတွေကလည်း လုံးဝပတ်သက်ခြင်း မရှိကြောင်း ဖြေရှင်းနေရပါတယ်။

ဒီမိုကရက်ပါတီ လွှတ်တော်အမတ် ၁ ဦးကတော့ ကာယကံရှင်အနေနဲ့ ထုတ်ဖော်ပြောဆိုခြင်း မရှိသရွေ့ စီနိတ်တာတွေအပေါ် ထင်ယောင်ထင်မှား ဖြစ်နေကြောင်း၊ ဒါကြောင့် ကျန်တဲ့လူတွေပါ အထင်မှားမခံရအောင် ထုတ်ပြောလိုက်ဖို့ တိုက်တွန်းထားပါတယ်။ 

ထိုင်းစစ်တပ် တာဝန်ရှိသူ ၁ ဦးကလည်း မည်သူမဆို သတ်မှတ်ထားတဲ့အရည်အချင်းနဲ့  စစ်တပ်ထဲ ဝင်ရောက်တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း၊ ရာထူးအရှိန်အဝါနဲ့ တံစိုးလက်ဆောင် အသုံးပြုတာ လုံးဝလက်မခံကြောင်း၊ စစ်ထဲ ဝင်ရောက်လိုသူတွေ အလိမ်အညာမိမှာကို သတိထားကြဖို့ သတိပေး ပြောကြားထားပါတယ်။ 

ရာ့ချ်ပူရီခရိုင်ရဲတပ်ဖွဲ့က ရဲမေနဲ့ပတ်သက်သူတွေကိုလည်း ဆက်လက်စုံစမ်းမေးမြန်းနေရာမှာ ရဲဝန်ထမ်းဟောင်းအမျိုးသား ၁ ဦးက သူဟာ ရဲမေရဲ့ အမျိုးသားဖြစ်ကြောင်း၊ ရဲမေမှာ စီနိတ်တာ ယောကျ်ား ရှိတယ်ဆိုတာ တခါမှမကြားဖူးကြောင်း၊ စစ်သမီးကို ရိုက်နှက်နှိပ်စက်ချိန် သူလည်း အတူရှိနေပြီး စစ်သမီးက ခေါင်းမာလို့၊ အလုပ်လုပ်တာ နမော်နမဲ့ရှိလို့ သွန်သင်ဆုံးမတဲ့အနေနဲ့ ရိုက်နှက်ရတာလို့ ဝန်ခံသွားပါတယ်။ 

ကိုးကား - mgronline

3 hours Ago
Up