ကချင်ပြည်နယ်၊ ဗန်းမော်မြို့သစ်၊ နွယ်လန်းကျေးရွာ၊ နွယ်လန်းတပ်နယ်အနီးမှာ အသက် ၅၀ အမျိုးသမီး ၁ ဦးကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ စစ်သား ၃ ယောက်ကို နယ်မြေခံတပ်မှာ ချုပ်နှောင်ထားပြီး လူသတ်မှုနဲ့ စစ်ဆေးနေတယ်လို့ ဇူလိုင် ၁၇ ရက် ဒီကနေ့ထုတ် စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြပါတယ်။
နွယ်လန်းတပ်နယ် အနောက် မြောက်ဘက်လယ်ကွင်းအနီးမှာ ဇူလိုင် ၁၅ ရက်က အမျိုးသမီးတစ်ဦး ဓားဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးရာမှာ ဒီဖြစ်စဉ်ကိုသိရှိခဲ့တာပါ။
အခင်းဖြစ်တဲ့ရက်က တပ်ပြင်ပသို့ သွားရောက်ခဲ့တဲ့ စစ်သည်တွေကို စစ်ဆေးရာမှာ စစ်သည် ၃ ယောက်ဟာ ဇူလိုင် ၁၄ ရက်က တပ်ဌာနချုပ်ရှိရာ နွယ်လန်းမှ ထွက်ခွာခဲ့ပြီး တပ်အနောက်မြောက်ဘက် လယ်ကွင်းသို့ရောက်ရှိစဉ် အသက် ၅၀ အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးနဲ့ စကားများရာကနေ ဒေါသအလျောက် ဓားနဲ့ ထိုးခဲ့ပြီး အမျိုးသမီးကို ကျေးရွာအနီးရှိ ချောင်းအတွင်းသို့ ပစ်ချခဲ့တာလို့ ဆိုပါတယ်။
လက်ရှိ အဆိုပါစစ်သည်သုံးဦးကို နယ်မြေခံတပ်မှာ ချုပ်နှောင်ထားရှိပြီး လူသတ်မှုအပြင် တခြားကျူးလွန်ပြစ်မှုရှိမရှိ ဆက်လက် စစ်ဆေး အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။