ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီက စစ်အင်အားတိုးချနေတာကြောင့် တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မောင်တောဒေသခံတစ်ဦးက “နေ့တိုင်းလိုလို စစ်ကောင်စီက အင်အားတိုးချနေတာရှိတယ်။ မနေ့က မတ်လ ၃ ရက်နေကတော့ စစ်ကောင်စီတပ်အင်အား ၈ စီးအထိ လူအင်အား၊ လက်နက်အင်အား တိုးချနေတာတွေ ရှိနေတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တွေအကြား ၂၀၂၀ ရွေးကောက်ပွဲကာလက စတင်ကာ ယာယီအပစ်အခတ်ရပ်စဲထားပေမဲ့ အာဏာသိမ်းပြီးနောက် ထိတွေတိုက်ပွဲငယ်တွေ အနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိအချိန် စစ်ကောင်စီတပ်တွေက မြန်မာပြည်အနှံ့ တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားနေကြချိန် ရခိုင်ဒေသကို အပစ်အခတ်ရပ်စဲဟန်ဆောင်ပြီး အချိန်ပြည့် အင်အားတိုးချနေတာဟာ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။
စစ်ရေးလေ့လာသူတဦးက “ယုံကြည်လို့ကို မရနိုင်ဘူး။ ယုံလည်း မယုံသင့်ဘူး။ ပြည်တွင်းစစ် တိုက်ပွဲတွေ များလာတော့ ရခိုင်ကစစ်ပွဲတွေ ခေတ္တရပ်ထားတဲ့သဘောပါ။ ရိုးသားမှုမရှိဘူး။ အချိန်ပြည့် စစ်အင်အား လက်နက်အင်အား တိုးချနေတာတွေ ရှိနေတယ်။ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။
မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းတင်တံတား၊ ထိပ်တူးပေါက်တောင်၊ ၃၁ ဘုံစေတီ၊ နွားရုံတောင်စခန်းတွေရှိ တပ်မ-၂၂ နဲ့ လူချိန်းတာတွေလုပ်သလို ရသေ့တောင်မြို့ပေါ်က တပ်ရင်း ၃ ရင်း အပါအဝင် ရစိုးချောင်းဗျူဟာ၊ ထီးစွဲရွာထဲမှာပါ ယာယီတပ်စွဲထားတဲ့ စစ်သားတွေကိုလည်း လူ၊ လက်နက်၊ ရိက္ခာဖြည့်တင်းတာတွေ အပါအဝင် ရခိုင်တပြည်လုံးမှာ ဟန်ရေးပြ၊ စစ်မြူးနေတာကို တွေ့မြင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်တပြည်လုံးရှိ စစ်ကောင်စီ ကင်းစခန်းတွေနဲ့ တပ်ရင်း၊ တပ်မတွေအပြင် စစ်တိုင်းဌာနချုပ် အပါအဝင် အစိုးရဌာနဆိုင်ရာ ရုံးအားလုံးနဲ့ မီးသတ်စခန်းတွေကို အုတ်နံရံ ကာရံတာတွေ၊ CCTV တပ်ဆင်တာတွေ ပြုလုပ်ထားပြီး ၂၄ နာရီ ကင်းချ လုံခြုံရေး အထူးအလေးထား တိုးချနေတာတွေ ရှိနေတာပါ။
အေအေနဲ့ စစ်ကောင်စီစစ်တပ်တို့ အပစ်ရပ်ထားတယ်ဆိုပေမဲ့ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှ စတင်ကာ ရခိုင်မှာ စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ဖြစ်လာပြီး ၂ဝ၂၁ ခုနှစ်၊ သြဂုတ်လမှစတင်ကာ မောင်တောခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီက တပ်အင်အားတိုးချနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အားတိုးချရုံသာမက လက်နက်တွေ အပြည့်ကိုင်ဆောင်ပြီး မြို့ပေါ်ရပ်ကွက်တချို့မှာ ညအချိန်မတော် နေအိမ်တွေကို ဝင်ရောက်ကာ ဧည့်စာရင်းစစ်တာ၊ လူစည်ကားရာ လမ်းဆုံလမ်းခွတွေ၊ ကားလမ်းတွေမှာ နေရာအပြည့်ယူထားတာ၊ လမ်းသွားလမ်းလာတွေရဲ့ ဆိုင်ကယ်ဘောက်စ်တွေ၊ ဖုန်းတွေကို ဖွင့်ဖောက်စစ်ဆေးတာ၊ ဒေသတခုနဲ့တခုကို ရိက္ခာတွေ သယ်ပို့စုဆောင်းတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ချင်းပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေ လူအင်အား၊ လက်နက်အင်အား အများအပြားနဲ့ အခုသီတင်းပတ်အတွင်းမှာ စစ်အင်အားတွေ တိုးချဲ့လာတယ်လို့ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ CDF တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
ကျောက်ထု-မင်းတပ်ဘက်ကနေ မတ် ၂၅ ရက်က ထွက်ခွာလာတဲ့ စစ်ကား ၈၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီယာဉ်တန်းဟာ ဧပြီ ၇ ရက် မနေ့ညနေပိုင်းမှာ ချင်းပြည်နယ်၊ မတူပီမြို့ကို ရောက်လာတယ်လို့လည်း ပြောပါတယ်။
လတ်တလောရောက်လာတဲ့ စစ်ယာဉ်တန်းမှာ စစ်သားအင်အား ၅၀၀ ကျော် ပါလာပြီး နဂိုရှိနေတဲ့အင်အားနဲ့ ပေါင်းရင် မတူပီမြို့နယ်တခုတည်းမှာ စစ်ကောင်စီတပ် စစ်သားအင်အား ၁,၀၀၀ ကျော် ရှိလာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက စစ်အင်အား တိုးချဲ့လာပေမယ့် ဒေသတွင်း CDF တွေနဲ့ တိုက်ရိုက်ထိတွေ့တိုက်ပွဲဖြစ်တာမျိုး မရှိဘဲ ဗျူဟာကုန်းတွေမှာ အခြေစိုက်နိုင်ဖို့ ကြိုးစား နေပါတယ်။
ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက စစ်တပ်ဟာ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး-ထန်တလန်ဘက်ထက် ချင်းပြည်နယ်တောင်ပိုင်း ရခိုင်ပြည်နယ်စပ် မင်းတပ်-မတူပီ-ပလက်ဝ ဒေသကို ပိုပြီး အာရုံစိုက်လာတယ်လို့ မတူပီ CDF တာဝန်ရှိသူက ပြောပါတယ်။
စစ်တပ်က ဘယ်လိုရည်ရွယ်ချက်နဲ့ ဗျူဟာဖော်ဆောင်တာပဲဖြစ်ဖြစ် ချင်းပြည်နယ်ဒေသခံ CDF တွေကတော့ အခွင့်အရေးရရင် ရသလို ကြားဖြတ်တိုက်ခိုက်တာတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ဒေသတွင်း စစ်ရေးလေ့လာသူတယောက်က “၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာစသိမ်းတုန်းက ရက္ခိုင့်တပ်တော် အေအေက သူတို့ရဲ့ ရပ်တည်ချက်ကို အတိအလင်း ထုတ်ပြန်တာမျိုး မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့အေအေဟာ စစ်အာဏာသိမ်း တနှစ်ကျော် ကာလအတွင်း လူအင်အား လက်နက်အင်အား တိုးချဲ့ခဲ့ပြီး ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခု ပုံစံမျိုး ပုံဖော်ခဲ့ပါတယ်။ စစ်ကောင်စီဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူတွေရဲ့ ဆန့်ကျင်မှုကို ခံခဲ့ရတာကြောင့် ရခိုင်ပြည်နယ်ဘက်ကို မလှည့်နိုင်ခဲ့ပေမဲ့ တဖြည်းဖြည်း အင်အားကြီးလာတဲ့ ရက္ခိုင့်တပ်တော် အခြေအနေဟာ စစ်ကောင်စီအတွက် ခြိမ်းခြောက်မှုဖြစ်လာတယ်” လို့ ပြောပါတယ်။
ဧပြီ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ အေအေပြောခွင့်ရ ခိုင်သုခရဲ့ ပြောဆိုချက်တွေအရ အေအေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ နီးစပ်လာဖို့ ရှိနေပြီး အေအေရဲ့ စစ်ရေးအရ ပြင်ဆင်ထားတာတွေကိုလည်း ခိုင်သုခက တစိတ်တပိုင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီက အင်အားတိုးမြှင့်လာတာနဲ့ အေအေရဲ့ ပြောဆိုချက်တွေအရ မကြာခင်အချိန်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်လာလိမ့်မယ်လို့ စစ်ရေးလေ့လာသူတယောက်က ခန့်မှန်းပါတယ်။
"ရခိုင်ပြည်နယ်စပ် ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီက မင်းတပ်-ကျောက်ထု စစ်မျက်နှာနဲ့ ပလက်ဝ စစ်မျက်နှာဆိုပြီး စစ်မျက်နှာ နှစ်ခု ဖွင့်ထားပါတယ်။ စစ်ကောင်စီက ပလက်ဝ နယ်မြေခံတပ်ရင်း တပ်မ ၂၈၉ မှာ အင်အားအပြည့် ဖြည့်ထားသလို ပလက်ဝမြို့နယ် ဆမီးမြို့နဲ့ ဆမီးမြို့အနီး ကန်ထောင်အရပ်တွေမှာ တပ်ရင်းအပြည့် အင်အားဖြည့်ထားတယ်" လို့ ဒေသခံ CDF တွေက ပြောပါတယ်။
မတူပီမြို့နယ် လိုင်လင်းပီမြို့မှာလည်း အင်အားအပြည့်နဲ့ ဗျူဟာချထားပြီး စစ်ကောင်စီက သူတို့အခြေစိုက်ရာ တပ်ကုန်းတွေကို အပြည့်အဝ ကာကွယ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။
စစ်ကောင်စီ လမ်းကြောင်းတွေဟာ ချင်းပြည်နယ်တောင်ပိုင်းကို မကွေးတိုင်း၊ ကျောက်ထုလမ်းကြောင်းကနေ အဓိက ဝင်ရောက်နေပြီး ချင်းပြည်နယ် မြောက်ပိုင်းကိုတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ဘက်က ဝင်ရောက်နေတာ ဖြစ်ပါတယ်။