ပြီးခဲ့တဲ့ ၁၈ လအတွင်း စစ်အာဏာရှင်က မြန်မာနိုင်ငံကို အလွန်ရက်စက်ကြမ်းကြုတ်စွာနဲ့ အုပ်ချုပ်ခဲ့ပြီး နိုင်ငံရဲ့ စီးပွားရေးကို ချွတ်ခြုံကျစေခဲ့သလို လူထုရဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေမှာလည်း ဆုံးရှုံးနစ်နာမှုတွေ မြင့်တက်လာစေခဲ့တာကြောင့် ဒုက္ခသည်တွေ ပိုမိုများပြားလာခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်မှု၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးတာ အပါအဝင် ထောင်ပေါင်းများစွာသော အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးထောင်ချတာတွေ ဆောင်ရွက်နေပါတယ်။ လွှတ်တော်အမတ်ဟောင်းတဦး အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူ လေးဦးကိုလည်း ထောက်ထားညှာတာမှု ကင်းမဲ့စွာ သေဒဏ်စီရင်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ်ကနေ စတင်ကာ နည်းလမ်းအမျိုးမျိုးနဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်နေခဲ့တဲ့ စစ်တပ်ဟာ ကချင်ကဲ့သို့ အတိုက်အခံ တိုင်းရင်းသားလူမျိုးတွေနဲ့ လူနည်းစု ရိုဟင်ဂျာတွေကို နှစ်ပေါင်းများစွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း အစီရင်ခံ မှတ်တမ်းတွေ ရှိနေခဲ့ပေမဲ့ သေဒဏ်စီရင် သတ်ဖြတ်တာကတော့ နှစ်ပေါင်း ၃၀ ကျော် ကြာပြီးမှ ပြန်လည်ဆောင်ရွက်ခဲ့တာပါ။
နိုင်ငံတကာက ဝိုင်းဝန်းကန့်ကွက်နေသလို အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ပန်ကြားချက်တွေကြားက သေဒဏ်ကွပ်မျက်ဆောင်ရွက်ခဲ့တာဟာ မြန်မာစစ်တပ်အနေနဲ့ သူ့ရဲ့အာဏာတည်မြဲဖို့အတွက် တနိုင်ငံလုံးကို မြေလှန်မယ့်မူဝါဒ ကိုင်စွဲထားတာကို ပြလိုက်တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အာဏာတည်မြဲဖို့အတွက် ဘယ်လိုသဘောတူညီချက်မျိုးကိုမှ လိုက်နာမှာမဟုတ်ဘဲ နယ်စွန်နယ်ဖျားဒေသတွေက နိုင်ငံသားတွေကို သတ်ဖြတ်ရသည်ဖြစ်စေ၊ ထင်ရှားတဲ့ အတိုက်အခံတွေကို ကွပ်မျက်ရသည်ဖြစ်စေ တခြားနိုင်ငံတွေက ဘယ်လိုထင်မြင် သတ်မှတ်သည်ကိုမှ ဂရုမစိုက်ဘဲ ဘာမဆိုလုပ်သွားမယ့် သဘောကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ တနိုင်ငံလုံး မီးတောက်နေလျှင်တောင်မှ ဘယ်လိုသဘောတူညီမှုမျိုးနဲ့မှ အာဏာကိုလက်လွှတ်ဖို့ စိတ်ကူးမရှိဘူးလို့ မြန်မာနိုင်ငံသားတွေက ယုံကြည်ထားကြပါတယ်။ အကျိုးဆက်အနေနဲ့ ဒီလူတွေဟာ မြန်မာစစ်တပ်ကို တိုက်ခိုက်မယ့် အတိုက်အခံတွေ ဖြစ်လာကြပါတော့တယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အစွန်အဖျားဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ မြို့ပေါ်တွေကို ကူးစက်လာခဲ့ပြီး ပြင်းထန်တဲ့ မြို့ပြတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ကာလကြာ မြန်မာ့အရေးကျွမ်းကျင်သူ သုတေသီတဦးဖြစ်တဲ့ ဒေးဗစ်စကော့မက်သီဆန်က မှတ်ချက်ပြုပါတယ်။ မြို့ပြဒေသတွေမှာ ပေါက်ကွဲမှုတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်ဆောင်ထားကြပြီး ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
ရက်စက်ကြမ်းကြုတ်စွာ အနိုင်ကျင့်အုပ်ချုပ်နေပေမဲ့ မြန်မာစစ်တပ်ဟာ စိုးရိမ်ထိတ်လန့်မှုကို ခံစားနေရနိုင်ပါတယ်။ ရုရှားက ဝယ်ယူထားတဲ့ လက်နက်ကြီးတွေ တပ်ဆင်ပြီး စစ်သည်အင်အား တိုးမြှင့်ထားပေမဲ့ အာဏာကို လက်လွှတ်ရမယ့် အရိပ်အယောင်တွေ မြင်နေရပါတယ်။ တကယ်လို့သာ မြန်မာစစ်တပ်က အာဏာကို လက်လွှတ်လိုက်ရပြီဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိနိုင်ပေမဲ့ မြန်မာနိုင်ငံသားတွေအတွက် ပိုပြီးကောင်းတဲ့ အနာဂတ် ဖြစ်လာမှာတော့ အသေအချာပါပဲ။
မြန်မာစစ်တပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ရ ပြောက်ကျားတပ်ဖွဲ့တွေကို လျှော့တွက်ခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အများစုဟာ မြန်မာပြည်အလယ်ပိုင်း ဒေသတွေကဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဝေးလံခေါင်သီတဲ့ ဒေသတွေက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သွားရောက်ပူးပေါင်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီပြောက်ကျားတပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်ထက် တိုက်ရည်ခိုက်ရည်ပိုရှိပြီး စစ်တပ်ရဲ့ ယာဉ်တန်းတွေကို မကြာခဏ ချောင်ပိတ်တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။ စစ်စခန်းအများစု ကိုလည်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။
စစ်တပ်အရာရှိတွေနဲ့ မြန်မာနိုင်ငံအနှံ့ အစွန်အဖျားဒေသတွေကစစ်စခန်းတွေကို တိုက်ခိုက်မှုတွေဟာ စစ်တပ်အဖွဲ့ဝင်တွေကို ကြောက်စိတ်ဝင်စေခဲ့သလို တခါတရံမှာ သူတို့ရဲ့ အဆင့်အဆင့် အမိန့်ပေးထိန်းချုပ်တဲ့ စနစ်ကိုပါ ယိုင်နဲ့စေခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ လေယာဉ်တွေနဲ့ စိတ်ထင်တိုင်း ဗုံးကြဲချတာတွေ၊ မြို့လုံးကျွတ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပစ်တာတွေအပြင် အညှာတာကင်းမဲ့ ရက်စက်တဲ့ နည်းလမ်းမျိုးစုံကို သုံးပြီး တော်လှန်တိုက်ခိုက်မှုတွေကို တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းတွေဟာ ထိရောက်မှုနည်းပြီး သူတို့ရဲ့လုပ်ရပ်တွေကြောင့် နိုင်ငံသားတွေက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထဲကို ပိုမိုဝင်ရောက်သွားကြပါတယ်။
တချိန်တည်းမှာပဲ ပြည်သူလူထုနဲ့ ပတ်သက်မှုမရှိစေဘဲ မတူညီတဲ့ လူမှုရေးစနစ်နဲ့ သီးသန့်ထားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာလည်း အခုချိန်မှာ ဘက်ပြောင်းခိုလှုံမှုတွေ အများအပြား ရှိလာခဲ့ပါတယ်။ အတိုက်အခံ အဖွဲ့အစည်းတွေရဲ့ လူမှုကွန်ရက်ပေါ်က စည်းရုံးလှုံ့ဆောင်မှုတွေကြောင့် အောက်ခြေစစ်သားတွေဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သိမြင်လာခဲ့ပြီး ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေဆီ ဘက်ပြောင်းခိုလှုံတာတွေ သို့မဟုတ် တပ်ကနေ ထွက်ပြေးတာတွေ အမြောက်အမြား ရှိလာခဲ့ပါတယ်။
အခုချိန်မှာ မြန်မာစစ်တပ်ဟာ တပ်သားသစ်စုဆောင်းဖို့ ခက်ခဲတာအပြင် စစ်တက္ကသိုလ်မှာတောင် လူပြည့်အောင် စည်းရုံးဖို့ ခက်ခက်ခဲခဲ ဆောင်ရွက်နေရပါတယ်။ ဒါဟာ စစ်တပ်ရဲ့ ဂုဏ်သိက္ခာကျဆင်းနေတာကိုပြသလို သူတို့ အမြဲတိုးပြီး ပြောလေ့ရှိတဲ့ စစ်သည်အင်အားထက်လည်း အများကြီးလျော့နည်းနေလိမ့်မယ်လို့ ယုံကြည်ကြောင်း သုတေသီတွေက သုံးသပ်ထားကြပါတယ်။
ဂုဏ်သိက္ခာကျဆင်းလာတာနဲ့အမျှ ပြောက်ကျားတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကလည်း ပိုမိုအောင်မြင်လာပြီး မြန်မာစစ်တပ်ဟာ တချိန်ချိန်မှာ အလုံးစုံပြိုကွဲသွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ဖွယ် ရှိနေပါတယ်။ တပ်ရဲ့ ထိပ်ပိုင်းအရာရှိတွေကတော့ အလျှော့ပေးဖို့ ဆန္ဒရှိမှာ မဟုတ်ဘဲ လူသားမျိုးနွယ်ထုတရပ်လုံးအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် နိုင်ငံတကာက တရားစွဲတာကို မြေကြီးလက်ခတ်မလွဲ ကြုံတွေ့ခံစားရမှာ ဖြစ်ပါတယ်။ အလယ်ပိုင်းက အရာရှိတွေနဲ့ အောက်ခြေစစ်သားတွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့သာမက စစ်တပ်ကိုစွန့်ခွာပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းခဲ့တဲ့ သူတို့ရဲ့ မိတ်ဆွေဟောင်းတွေနဲ့ ယှဉ်ရင် အလွန်အမင်း အင်အားနည်းနေကြပြီ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ လက်နက်အင်အား သာနေသေးပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဟာလည်း အရင်တနှစ်ကထက်စာရင် ပိုပြီး ကောင်းမွန် အင်အားများတဲ့ လက်နက်တွေ တပ်ဆင်ထားပြီးကြပြီ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာလည်း မျက်နှာစာအတော်များများမှာ တိုးတက်မှုတွေ ရရှိနေပြီ ဖြစ်ပါတယ်။ ကစဉ့်ကလျား ဖရိုဖရဲ အစပြုခဲ့ရပေမဲ့ နောက်ပိုင်းမှာ စနစ်တကျဖွဲ့စည်းကာ မြန်မာနိုင်ငံမှာ မှန်ကန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အမှန်တကယ်ကျင့်သုံးဖို့ လက်ခံထားခဲ့ကြပါတယ်။ ဒါဟာ အနာဂတ်အတွက် ခိုင်မာအားကောင်းတဲ့ အဆုံးသတ်ခြေလှမ်းတခုလည်း ဖြစ်ပါတယ်။ NUG ရဲ့ အရာရှိတွေဟာ အမေရိကန်အစိုးရရဲ့ အကြီးတန်းခေါင်းဆောင်တွေအပြင် တခြားသောနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီးခဲ့ကြပြီ ဖြစ်ပါတယ်။ ဩစတြေးလျအစိုးရကလည်း သူ့နိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင်ရုံးခန်း ဖွင့်ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပိုမိုပူးပေါင်းပြီး စစ်ကောင်စီကို နိုင်ငံရေးဇာတ်ခုံကနေ ပိုမိုဝေးကွာသွားအောင် ဖယ်ထုတ်ဖို့ ခြေတလှမ်းတိုးလိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။ ပြင်သစ်လွှတ်တော်နဲ့ ချက်ရီပတ်ဘလစ်နိုင်ငံတို့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ် ပြုထားကြပြီး ဖြစ်ပါတယ်။
ပြည်ပရောက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကသာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီနည်းလမ်းတကျ ဖက်ရယ်ပြည်ထောင်စုစနစ် ဖော်ဆောင်ရေး လမ်းပြမြေပုံကို ရေးဆွဲထုတ်ပြန်နိုင်မယ်ဆိုရင် အမေရိကန်နဲ့ တခြားဒီမိုကရေစီအင်အားကြီး နိုင်ငံတွေက အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ လက်နက်ကိုင် အတိုက်အခံအင်အားစုတွေကို ပွင့်ပွင့်လင်းလင်း အသိအမှတ်ပြုသင့်တယ်လို့ သုတေသီအချို့က ထောက်ပြပြောဆိုကြပါတယ်။
မြန်မာစစ်အာဏာရှင်ရဲ့ စည်းလွတ်ဝါးလွတ် ရက်စက်ကြမ်းကြုတ်မှုတွေကိုကြည့်ပြီး ဒီမိုကရေစီနိုင်ငံကြီးတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံရေးအရ လက်ခံပြီး ထောက်ခံအားပေးရမယ့်အချိန် ရောက်နေပြီ ဖြစ်ပါတယ်။
မြန်မာစစ်တပ်အပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေဟာ မထိရောက်သလို မြန်မာစစ်တပ်ဟာ ဘယ်လိုညှိနှိုင်းမှုကိုမှ လိုက်နာဆောင်ရွက်လိုပုံ မရှိပါဘူး။ စစ်အာဏာရှင်တိုက်ဖျက်ရေး တပ်ဖွဲ့တွေလည်း အင်အားကောင်းနေတဲ့ ဒီလိုအချိန်မှာ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်အုပ်ချုပ်ရေးစနစ်ကို အပြီးတိုင် ချေဖျက်ပစ်နိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။
ဂျော့ရှ်ခါလန်းဇစ်
Ref-The Japan Times
(The Japan Times သတင်းစာ၏ အင်တာနက်စာမျက်နှာတွင် ဆောင်းပါးရှင် JOSH KURLANTZICK ရေးသားဖော်ပြထားသည့် “Could Myanmar’s opposition forces unseat the junta” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်သည်။)
မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းဆီသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်ဖို့ အီးယူနဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၉ နိုင်ငံက မြန်မာ စစ်အာဏာရှင်ကို ထပ်မံတောင်းဆိုလိုက်ပါတယ်။
ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်နဲ့ အဲလ်ဘေးနီးယား၊ သြစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု တနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ပူးတွဲထုတ်ပြန် တောင်းဆိုလိုက်တာပါ။
မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာထားတာကို အဆုံးသတ်ဖို့ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးမရှိပေးအပ်ခွင့်ပြုဖို့နဲ့ နိုင်ငံခြားသားတွေ အပါအဝင် မတရားထိန်းသိမ်းခံထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းတောင်းဆိုပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ထိန်းသိမ်းခံန နိုင်ငံရေးသမားတွေအပေါ် ပြစ်ဒဏ်ချမှတ်တဲ့ အပေါ် လွန်စွာ စိုးရိမ်မကင်းဖြစ်ရတယ်လို့ဆိုပါတယ်။
မြန်မာစစ်တပ်အာဏာသိမ်းယူပြီးနောက် တစ်နှစ်အကြာမှာ ပြင်းထန်ဆိုးဝါးတဲ့ အကျိုးဆက်တွေ ရှင်းလင်းပြတ်သားစွာမြင်နေရကာ ပြည်သူ ၁၄ သန်းကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီများလိုအပ်နေကာ စီးပွားရေးမှာလည်း ကပ်ဆိုးကာလအတွင်းသို့ ရောက်နေတယ်လို့ ထောက်ပြထားပါတယ်။ အာဏာသိမ်းယူခဲ့ချိန်ကစပြီး အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ကြရသူ လူ ၄၀၀,၀၀၀ကျော်နဲ့ ပတ်သက်ပြီးလည်း မိမိတို့ အလွန်စိုးရိမ်ပူပန်မိတယ်လို့လည်းဆိုပါတယ်။
ဒီမိုကရေစီစနစ်ရဲ့ ရလဒ်ကောင်းတွေ ကပြောင်းကပြန်ဖြစ်ကာ နိုင်ငံတစ်ဝန်းတွင် ပဋိပက္ခတွေ ကူးစက်ပြန့်ပွားနေပြီး မြန်မာနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကိုပင် ရိုက်ခတ်နေတဲ့ ဆိုးဝါးလှတဲ့ ကပ်ဆိုက်မှုအတွက် စစ်တပ်မှာ တာဝန်ရှိတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ သက်ဆိုင်သူအားလုံး အပြုသဘောဆောင် ဆွေးနွေးမှုနဲ့ အကျပ်အတည်းကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့လည်း ထပ်မံတောင်းဆိုထားပါတယ်။
ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက်ငါးရပ်နဲ့ ဒါကို အကောင်အထည်ဖော်ရန်ကြိုးပမ်းနေတဲ့ အာဆီယံအထူးကိုယ်စားလှယ်ကိုထောက်ခံကြောင်းနဲ့ ဘုံသဘောတူချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ဖို့ ကြိုးပမ်းတဲ့အခါ အထူးကိုယ်စားလှယ်အနေနဲ့ သက်ဆိုင်သည့်လူပုဂ္ဂိုလ်အသီးသီးနဲ့ တွေ့ဆုံခွင့်ရရှိရေး ထိထိရောက်ရောက် ထိတွေ့ဆောင်ရွက်ဖို့ စစ်အာဏာရှင်ကို တောင်းဆိုတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။