close

စစ်အာဏာရှင်စနစ်

close

March 31, 2023

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို နိုင်ငံရေးလမ်းပြမြေပုံအဖြစ် ကိုင်စွဲ တိုက်ပွဲဝင်ရန် NUG ယာယီသမ္မတ တိုက်တွန်း

စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် မူကိုအခြေခံတဲ့ တော်လှန်ရေးတိုက်ပွဲကို ဆင်နွှဲနေတာကြောင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစ္ဆာနှင်တဲ့ ကမ္မဝါစာအဖြစ် အသုံးချ တိုက်ပွဲဝင်ရလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ၂ နှစ်ပြည့် အခမ်းအနားမှာ ခုလိုပြောလိုက်တာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ တော်လှန်ရေးအင်အားစုအားလုံး သဘောတူညီထားတဲ့ နိုင်ငံရေးသဘောတူညီချက်တခု ဖြစ်သလို အနာဂတ်နိုင်ငံတော်သစ်ရဲ့ လမ်းစဉ်မူဝါဒတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ နွေဦးတော်လှန်ရေးကာလအတွင်းမှာ ပေါ်ထွန်းလာခဲ့တဲ့ နိုင်ငံရေးပဋိညာဉ်တရပ် ဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ဆီကို ဦးတည်လျှောက်လှမ်းတဲ့နေရာမှာ နိုင်ငံရေးလမ်းပြမြေပုံအဖြစ် တည်ရှိနေပါတယ်။ ထိုနည်းတူစွာပဲ လွတ်လပ်ပွင့်လင်း၍ တရားမျှတသော၊ တန်းတူညီမျှသော လူ့ဘောင်အဖွဲ့အစည်းကို စနစ်တကျတည်ထောင်ဖို့ ရည်ညွှန်းထားတဲ့ အခြေခံမူ အပေါင်းအစုလည်း ဖြစ်ပါတယ်။ လူထုကိုယ်၌က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အပေါ်မှာ ဒီလိုနားလည်ထားသလို ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း လူထုသဘောထားနဲ့ထပ်တူ နားလည်လက်ခံထားကြောင်း ပြောကြားလိုပါတယ်။ တော်လှန်သော လူထုလှုပ်ရှားမှု လှိုင်းလုံးကြီးထဲမှာ လူထုရဲ့ အင်နဲ့အားနဲ့ တော်လှန်မှုကို ကျနော်တို့အားလုံး ထင်ထင်ရှားရှား မြင်တွေ့ရပြီး ဖြစ်ပါတယ်။ ဒီလို လူထုလှုပ်ရှားမှု အတွင်းမှာ တော်လှန်ရေးအင်အားစုအားလုံး ဝိုင်းဝန်းသဘောတူညီထားတဲ့ နိုင်ငံရေး ဘုံသဘောတူညီချက်တခုဟာ မဖြစ်မနေ ရှိထားရပါလိမ့်မယ်။ ဒီလိုအပ်ချက်ကြောင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ပေါ်ထွက်လာတာဖြစ်သလို ဒီလိုအပ်ချက်ကြောင့်ပဲ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ ခြေခြေမြစ်မြစ် ပေါ်ထွက်လာရခြင်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။”

ဒါ့အပြင် နွေဦးတော်လှန်ရေးဟာ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုရဲ့ အကျိုးစီးပွားကို အခြေခံပြီး ပေါ်ထွက်လာတဲ့ လူထုတော်လှန်ရေးကြီးဖြစ်ပြီးတော့ အုပ်စုအကျိုးစီးပွားတွေနဲ့ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေးမဟုတ်ဘူး ဆိုတာကို ပြတ်ပြတ်သားသား နားလည်ထားကြဖို့နဲ့ အုပ်စုအသီးသီးရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ လူထုရဲ့ လွတ်လပ်ခွင့်အတွက်သာ တိုက်ပွဲဝင်နေခြင်း ဖြစ်တယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

“ကျနော်တို့ဟာ အားလုံးပါဝင်ရေးမူကို ကိုင်စွဲသလို စုပေါင်းခေါင်းဆောင်မှု စံနှုန်းကိုလည်း အခြေပြုထားပါတယ်။ ဒီနေရာမှာ လက်တွေ့ကျကျ မလုပ်နိုင်တာတွေနဲ့ အကန့်အသတ်တွေ ရှိနေတယ် ဆိုတာလည်း သတိချပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ အကန့်အသတ်တွေ ရှိနေပါစေ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ စုဖွဲ့မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို စနစ်တကျ ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းနိုင်ခြင်းဟာ အောင်မြင်မှုတရပ် ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ကျနော်တို့ဟာ မူအပေါ်မှာ အခြေခံတဲ့ နိုင်ငံရေးလျှောက်လမ်းကို စနစ်တကျ လျှောက်လှမ်းနေပါတယ်။ တော်လှန်ရေးကာလအတွင်းမှာ အခြေခံမူကောင်းတွေနဲ့ ထိန်းကွပ်ဦးဆောင်နိုင်စွမ်းရှိဖို့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို နိုင်ငံရေးအခြေခံမူတွေအဖြစ် ကိုင်စွဲပြီး လျှောက်လှမ်းနေပါတယ်။”

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

1 min Ago

August 6, 2022

စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး ကြိုးပမ်းမည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကြေညာ

မြန်မာနိုင်ငံမှာ ငြိမ်းချမ်း၊ ညီညွတ်၊ တန်းတူ တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တရပ် ထူထောင်နိုင်ရေးအတွက် အခရာအကျဆုံးဟာ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးပဲဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)က ၃၄ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကေရစီ လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အခုလာမယ့်  ၂၀၂၂ ခုနှစ် ဩဂုတ် ၈ ရက်နေ့ဆိုရင်   ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး ဆင်နွှဲခဲ့တာ ၃၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အရေးတော်ပုံကြီးအတွင်း အသက် ခန္ဓာ ဘဝတွေ စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ အလွှာအသီးသီးမှ လူမျိုးပေါင်းစုံ မြန်မာပြည်သူအားလုံးတို့ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လေးစား တန်ဖိုးထားစွာ ဦးညွှတ် အလေးပြုတယ်လို့ ဆိုပါတယ်။

အရေးတော်ပုံကြီးဟာ မဆလ အရေခြုံ တပါတီအာဏာရှင်အစိုးရကို  အပြီးအပိုင် တိုက်ဖျက်ပစ်နိုင်ခဲ့ကြပေမဲ့ နောက်ကွယ်ရှိ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်ခြင်း မရှိခဲ့ပါ။ စစ်အုပ်စုက အရေးတော်ပုံကြီးကို အကြမ်းဖက် သတ်ဖြတ် အာဏာသိမ်းပြီး စစ်အာဏာရှင်စနစ်ကို သဏ္ဍာန်အမျိုးမျိုးနဲ့ ကျင့်သုံးလာခဲ့ကြတယ်လို့ လူ့ဘောင်သစ်ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြကြတဲ့ မျိုးဆက်သစ်လူငယ်တွေ၊ လူမျိုးပေါင်းစုံ ပြည်သူတွေကို စစ်အာဏာရှင်ရဲ့ ဓလေ့ဆိုးအတိုင်း အကြမ်းဖက် သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီး၊ ညှဉ်းပန်းတဲ့ နည်းလမ်းတွေနဲ့ ချေမှုန်းတိုက်ခိုက်လို့ နွေဦးတော်လှန်ရေးကြီးက ပြည်သူ့ခုခံစစ်သဏ္ဌာန် ဆင်နွှဲ ပေါ်ပေါက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပါတီအနေနဲ့ နွေဦးတော်လှန်ရေးကြီးရဲ့  နိုင်ငံရေးတာဝန်တွေဖြစ်တဲ့ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးတို့အတွက် ပုံသဏ္ဌာန်မျိုးစုံနဲ့ တိုက်ပွဲဝင်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် လူမျိုးပေါင်းစုံ မြန်မာပြည်သူလူထုနဲ့အတူ ရှစ်လေးလုံးအရေးတော်ပုံစိတ်ဓာတ်ကို ကိုင်စွဲပြီး ကျရာ တာဝန်ကနေ အစွမ်းကုန် ပူးပေါင်းအားထုတ် ကြိုးပမ်းသွားမယ်လို့လည်း ကြေညာထားပါတယ်။

8 months Ago
Up