မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ကစလို့ ကံမကောင်း အကြောင်းမလှစွာ ပေါက်ရောက်ရှင်သန်ခွင့်ရလာခဲ့တဲ့ စစ်အာဏာရှင် အဆိပ်ပင်ကြီးဟာ တစတစ ကြီးထွားလာရင်း နှစ်ပေါင်း ၆၀ ကျော် တိုင်းပြည်ကို ကဏ္ဍပေါင်းစုံမှာ အဆိုးဝါးဆုံး ပျက်စီးထိခိုက် နိမ့်ကျစေခဲ့ရာက အခုနောက်ဆုံး ကမ်းကုန်အောင် ယုတ်မာရက်စက်တဲ့အဆင့် ရောက်လာပြီး သက်တမ်းမကုန်ခင် အမြစ်ခြောက် အသက်ပျောက်ရမယ့် လက္ခဏာတွေ ထင်ရှားသထက် ထင်ရှားလာပြီ ဖြစ်ပါတယ်။
ဒီလိုရေးရတာဟာ ကိုယ်ဖြစ်စေချင်တဲ့ဆန္ဒစွဲနဲ့ ရေးတာမဟုတ်သလို အကြောင်းအကျိုးမဲ့ ရေးတာလည်း မဟုတ်ပါဘူး။ စစ်အာဏာရှင် အဆိပ်ပင်ကြီး သက်တမ်းဘယ်လောက် ကျန်သေးသလဲ ဆိုတာကို သက်ရှိသတ္တဝါတွေနဲ့ ရှင်သန်-အဆုံးသတ်ပုံခြင်း ဆင်တူတဲ့ သစ်ပင်တွေ ပုံမှန်သက်တမ်းအတိုင်း မရှင်သန်နိုင်ဘဲ ညိှုးခြောက် သေဆုံးစေရတဲ့ အကြောင်းတရားတွေ နိှုင်းယှဉ်ကြည့်ပြီးမှ ရေးသားခြင်းဖြစ်ပါတယ်။
သစ်ပင်တွေမှာလည်း တခြားသက်ရှိသတ္တဝါတွေလိုပဲ သဘာဝသက်တမ်း (Natural Lifespan) ရှိကြသလို အချိန်မတန်ခင် သက်တမ်းတိုတိုနဲ့ မြန်မြန်ဆန်ဆန် သေဆုံးရတတ်တာလည်း ရှိကြပါတယ်။ တချို့သစ်ပင်တွေဟာ သူ့သက်တမ်းရှိသလောက် ရှင်သန်ကြပေမဲ့ တချို့သစ်ပင်တွေကတော့ ပုံမှန်မဟုတ်ဘဲ လျှင်မြန်စွာ (သို့) ရုတ်တရက် သေဆုံးရတာလည်း ရှိပါတယ်။
သစ်ပင်တွေ ပုံမှန်သက်တမ်းအတိုင်း မရှင်သန်နိုင်ဘဲ သေဆုံးစေတဲ့ အကြောင်းတရားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ မှို၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေကြောင့် အပင်ရောဂါတွေဖြစ်လာရပြီး အမြစ်ပုပ်၊ အခေါက်ပုပ်ပြီး အပင်အတွက်လိုအပ်တဲ့ ရေနဲ့ အာဟာရ မြေဩဇာတွေကို မြေကြီးထဲက စုပ်မယူနိုင်၊ အကိုင်းအခက်အရွက်တွေဆီ အပြန်အလှန် မပို့ဆောင်နိုင်တော့ဘဲ ညိှုးခြောက် သေဆုံးကြရခြင်း၊
၂။ အခေါက်နဲ့ ပင်စည်ကို ထိုးတဲ့ပိုးကောင် (Beetles နဲ့ Tree Borers) တွေ၊ အပင်ဖျက် အင်းဆက်ပိုးမွှားတွေ၊ ခူကောင် (Caterpillars) ကြောင့် အခေါက်၊ ပင်စည် အကိုင်းအခက်တွေဟာ သူတို့အလုပ်တွေဖြစ်တဲ့ အပင်ရှင်သန်ဖို့ လိုအပ်တဲ့ အစာရေစာ အာဟာရတွေ သယ်ယူပို့ဆောင်မှုတွေ မလုပ်နိုင်တာ၊ သစ်ရွက်တွေရဲ့ နေရောင်နဲ့ အစာချက်လုပ်မှု (photosynthesize) အလုပ်ကောင်းစွာ မလုပ်နိုင်ဘဲ ညိှုးခြောက်သေဆုံးရခြင်း၊
၃။ လူသားတွေပရောဂနဲ့ ရာသီဥတုပြောင်းလဲခြင်း (Climate Change) ကြောင့် အပူပြင်းထန်လွန်းခြင်း၊ မိုးခေါင်ခြင်း၊ ရေလွှမ်းမိုးတိုက်စားခြင်း၊ ရေထု၊ လေထု၊ မြေထု ညစ်ညမ်းခြင်းကြောင့် သေဆုံးရခြင်း၊
၄။ လူသားတွေရဲ့ စားဝတ်နေရေး၊ စိုက်ပျိုးရေး လိုအပ်ချက်တွေအတွက် တောမီးရှို့ခြင်း၊ လူ့အသုံးအဆောင်အဖြစ် အသုံးပြုဖို့ သစ်ခုတ်ရခြင်း၊ သင်းသတ်ခံရခြင်း၊ မြို့ပြချဲ့ထွင်မှုအတွက် ခုတ်ထွင်ဖယ်ရှားခံရခြင်းတွေကြောင့် သေဆုံးရခြင်း၊
၅။ သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ မုန်တိုင်းကျခြင်း၊ မိုးကြိုးပစ်ချခံရခြင်း တောမီးလောင်ခြင်းတွေကြောင့် သေဆုံးရခြင်း စတာတွေဖြစ်ပါတယ်။
သေဆုံးသွားတဲ့သစ်ပင် (Dead Tree) တွေမှာ အောက်ပါလက္ခဏာတွေ ပြသလေ့ရှိပါတယ်။
၁။ အပင်မှာ အစိုဓာတ်ခန်းခြောက်လာပြီး အခေါက်တွေကွာလာခြင်း၊ ပင်စည်ကွဲအက်လာခြင်း၊
၂။ သစ်ပင်အခြေ၊ အမြစ်အုံတဝိုက် မှိုများပေါက်လာခြင်း၊
၃။ အကိုင်းအခက်များမှာ အတက်နု အညွန့်အဖူးများ မရှိတော့ခြင်း၊
စတဲ့လက္ခဏာတွေပြလာတဲ့ သစ်ပင်ဟာ ၃ လနဲ့ ၁ နှစ်ကြားသာခံပြီး ခြောက်သွေ့ပျက်စီးသွားရမှာ ဖြစ်ပါတယ်။
စစ်အာဏာရှင် အဆိပ်ပင်ကြီးကို မှီတွယ်ရှင်သန်နေကြရတဲ့ စစ်ကပ်ပါးမြှောင် အခွင့်ထူးခံ အသိုင်းအဝိုင်းဟာ သူတို့ရဲ့ စစ်အဆိပ်ပင်ကြီး ရှင်သန်နိုင်အောင်၊ အကြောက်တရား ဖန်တီးအုပ်ချုပ်တဲ့နည်း၊ အခွင့်အရေးနဲ့မျှား အုပ်ချုပ်တဲ့နည်း၊ တိုင်းချစ်ပြည်ချစ် မျိုးချစ်အတုအယောင်ဝါဒ အားဆေးသွင်းတဲ့နည်း၊ အမျိုးဘာသာ၊ သာသနာ ဗန်းပြ မှိုင်းတိုက်နည်း စတဲ့နည်းအမျိုးမျိုးနဲ့ သက်ဆိုးရှည်အောင် ဆွဲဆန့်ထားခဲ့ကြပါတယ်။
ဒါပေမဲ့လည်း ဒီစစ်အာဏာရှင် အဆိပ်ပင်ဟာ သက်တမ်းများများစားစား မကျန်တော့တဲ့ လက္ခဏာတွေ ပြသလာရုံသာမက နေ့ချင်းညချင်း ပြိုလဲနိုင်မယ့် အကြောင်းတရားတွေ ထင်ရှားလာပြီ ဖြစ်ပါတယ်။ သစ်ပင်တပင်ရဲ့ ရေသောက်မြစ်က ပုပ်၊ သစ်ခေါက်တွေခြောက်ပြီး အလုပ်မလုပ်နိုင်တော့ဘဲ မြေကြီးထဲက ရေအပါအဝင် အာဟာရဓာတ်တွေ မစုပ်ယူနိုင် မရနိုင်တော့သလို စစ်အာဏာရှင်အဆိပ်ပင်ဟာ မြေကြီးနဲ့တူတဲ့ ပြည်သူလူထုအများစုရဲ့ ဝိုင်းဝန်းငြင်းပယ်ဆန့်ကျင်ခြင်း ခံရတာမို့ ရေသောက်မြစ်ပုပ်သွားတဲ့ သဘောပါပဲ။
ပြည်သူလူထုထောက်ခံမှု မရတာကြောင့် အခွန်ကောက်လို့မရ၊ မီတာခပုံမှန်ကောက်လို့မရ အောင်ဘာလေထီ ရောင်းလို့မရ၊ စစ်တပ်ပိုင်ထုတ်ကုန်တွေ အားမပေး၊ ဝိုင်းဝန်းသပိတ်မှောက်ကြတာမို့ အာဟာရမြေဩဇာနဲ့တူတဲ့ ဝင်ငွေရပေါက်ရလမ်းတွေ နည်းလာပြီး ဘတ်ဂျက်လိုငွေတွေ ကြီးမား တနေ့တခြား ဘဏ္ဍာချို့တဲ့လို့ ညိှုးခြောက်လာနေတာ အားလုံးမြင်တွေ့နေကြရပါတယ်။
သစ်ပင်က အကိုင်းအခက်အရွက်တွေ နေရောင်နဲ့အစာချက်လုပ်မှု (photosynthesize) အလုပ်ကို ကောင်းစွာမလုပ်နိုင်သလိုဘဲ ပြည်သူကိုသတ်၊ ရွာလုံးကျွတ်မီးရှို့၊ အရပ်သားပစ်မှတ်တွေကို လေယာဉ်နဲ့ဗုံးကြဲ စတဲ့ တရားမဲ့ ရိုင်းစိုင်းယုတ်မာမှု အကျိုးဆက်တွေဟာ စစ်အာဏာရှင်အဆိပ်ပင်ရဲ့ အကိုင်းအခက်အရွက်တွေနဲ့တူတဲ့ စစ်ဗိုလ် စစ်သား၊ ရဲ၊ စသုံးလုံး၊ အစိုးရဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကို ယိမ်းယိုင်ပျက်ပြားစေခဲ့တာမို့ သူတို့ထမ်းဆောင်ရမယ့် တာဝန်တွေကို မထမ်းဆောင်နိုင်တော့တဲ့ အခြေကို ရောက်လာပါပြီ။ စစ်သား ရဲသားတွေရဲ့ တိုက်ရည်ခိုက်ရည်ကျ၊ စစ်စွမ်းရည် သိသိသာသာ ကျလာတာမို့ အခုဆို PDF တွေ၊ စစ်မှန်တဲ့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်တပ်တွေနဲ့ အာဏာရှင် ခါးပိုက်ဆောင်စစ်တပ်ရဲ့ စခန်းကုန်းတွေကို အလွယ်တကူ သိမ်းပိုက် အောင်ပွဲခံလာကြတဲ့ သတင်းတွေ ခပ်စိတ်စိတ် ကြားလာကြရပါပြီ။
အရင်တုန်းကဆိုရင် “ငါမသေ ငါ့စခန်းမကျစေရ” လို့ ကြွေးကြော်ခဲ့တဲ့ စစ်ဓားပြတပ်ဟာ အခုဆို အလွယ်တကူ စခန်းကို စွန့်ခွာထွက်ပြေးကြ၊ လက်နက်ချ အညံ့ခံလာကြပြီး လက်နက်ကြီးပစ်ကူမပါရင်၊ လေကြောင်းပစ်ကူမပါရင် စစ်မတိုက်ရဲလောက်အောင် စစ်စွမ်းရည်ကျ တိုက်စွမ်းရည်မဲ့လာခဲ့တာ အာဏာလုသက်တမ်း ၂ နှစ်အတွင်း သိသာလာပါပြီ။
ရာသီဥတုပြောင်းလဲခြင်း (Climate Change) ကြောင့် အပူပြင်းထန်လွန်းခြင်း၊ မိုးခေါင်ခြင်း၊ ရေလွှမ်းမိုးတိုက်စားခြင်း၊ မုန်တိုင်းကျခြင်း၊ မိုးကြိုးပစ်ချခံရခြင်းတွေကြောင့် သစ်ပင်တွေ သက်တမ်းတိုတိုနဲ့ သေဆုံးရသလို နိုင်ငံတဝန်းလုံးက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၅၀၀ ကျော်၊ တိုင်းရင်းသားတော်လှန်ရေးတပ်တွေဖြစ်တဲ့ KNU၊ KIA၊ CDF၊ KNPP စတဲ့ EAOs တွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုတွေ၊ မိုင်းဆွဲတိုက်ခိုက်မှု၊ ဒရုန်းချတိုက်ခိုက်မှုတွေကြောင့် စခန်းသိမ်းတိုက်ပွဲတွေကြောင့် စစ်ကြောင်းအလိုက်၊ တပ်ရင်းအလိုက်ပြုတ်ပြီး စစ်ဓားပြတပ်သား ၂ သောင်းကျော်ဟာ သက်တမ်းတိုတိုနဲ့ သေဆုံးခဲ့ပြီးပြီ ဖြစ်ပါတယ်။
စစ်အဆိပ်ပင်ကြီးရဲ့ သစ်ရွက်တွေထဲက Non CDM ဝန်ထမ်းတွေ ဆိုတာကလည်း ပြည်သူကို ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းအလုပ်ကို မလုပ်ကြတော့ အမြစ်ပုပ်၊ အခေါက်ပုပ် သစ်ပင်က သစ်ရွက်ခြောက်များပမာ ပြည်သူ့ထံက တောင်းစားရာကနေ ခိုးဆိုးလုယက် ဓားပြတိုက်ယူလာကြတာမို့ လူထုရဲ့ အမုန်းမီးတောက်အောက်မှာ ကျက်သရေခြောက်ကပ်စွာ ညိှုးခြောက်သထက် ညှိုးခြောက်လာနေပြီ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အရာရာဟာ ဖြစ်ပြီးပျက်ကြရတဲ့ လောကဓမ္မတာနဲ့ သင်္ခါရတရား သဘောသာလျှင် ရှိတာမို့ ဖြစ်ချိန်တန်ဖြစ်ပြီးရင် ပျက်ချိန်တန်ရောက်ရင် ပျက်ကြရမှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပြည်သူတွေကို ရာစုနှစ်ဝက်ကျော် ညှဉ်းပန်းနှိပ်စက် ဒုက္ခပေးခဲ့တဲ့ စစ်အဆိပ်ပင်ဟာ သမ္မတရူး မင်းအောင်လှိုင် အာဏာလုယူပြီးတဲ့နောက် သေဆုံးသွားတဲ့သစ်ပင်ကြီး ဖြစ်ပါတယ်။
လက်နက်ကိုင်စစ်တပ်တတပ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ စစ်စည်ကမ်းတွေ အကုန်ဖောက်ဖျက်၊ စစ်သည်တော်ကျင့်ဝတ်တွေ တချက်မကျန်အောင် ကင်းမဲ့သွားတဲ့ စစ်တပ်ဆိုတာ အသက်မဲ့သွားတဲ့ သစ်ပင်ပမာလိုပါပဲ။ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ တိုက်ခိုက်ရေးစွမ်းရည်၊ ကာကွယ်ရေးစွမ်းရည် စတဲ့ ရှိရှိသမျှစွမ်းရည်တွေ အားလုံး ပျောက်ဆုံးသွားပြီဖြစ်တဲ့ ပြည်သူလူထုက လက်မခံတော့တဲ့ တပ်ပျက်တပ်သေကြီး ဖြစ်သွားပါပြီ။
သေသွားတဲ့သစ်ပင်တပင်မှာ ပြတတ်တဲ့ လက္ခဏာတွေဖြစ်တဲ့…
၁။ အစိုဓာတ်ခန်းခြောက်လာပြီး အခေါက်တွေကွာလာ၊ ပင်စည်ကွဲအက်လာတဲ့ လက္ခဏာလို ဓားပြတပ်ကိုစွန့်ခွာပြီး ပြည်သူ့ရင်ကို ခိုလှုံလာတဲ့ CDM စစ်သည် သောင်းကျော်ရှိလာခြင်း၊
၂။ အပင်အခြေအမြစ်အုံတဝိုက်မှာ မှိုများပေါက်လာတဲ့ လက္ခဏာလို စစ်အဆိပ်ပင်ရဲ့ အမိန့်နာခံမှု အခြေခံအမြစ်အုံမှာ စစ်မတိုက်လိုတဲ့ ငြင်းဆန်မှု၊ တပ်တွင်းအာဏာဖီဆန်မှု မှိုများ ပေါ်ပေါက်လာခြင်း၊
၃။ အကိုင်းအခက်များမှာ အတက်နု အညွန့်အဖူးများ မရှိတာ့တဲ့ လက္ခဏာလို ဓားပြတပ်ထဲကို ဝင်ရောက်လိုတဲ့ တပ်သားသစ်များ မရှိတော့ခြင်း၊
အထက်ပါလက္ခဏာတွေပြနေတဲ့ ပြည်သူ့အမုန်းနဲ့ ကျိန်စာသင့် ဓားပြတပ်ဟာ သေသွားတဲ့ သစ်ပင်ခြောက်တပင်လိုပဲ ၂၀၂၃ ခုနှစ်မကုန်ခင် လပိုင်းအနည်းငယ်အတွင်း ညိှုးခြောက်သထက် ညိှုးခြောက်လာဖို့မှတပါး အခြားမရှိတော့ပါဘူး။ ဒီထက်ပိုမြန်ချင်ရင်တော့ နိုင်ငံသူနိုင်ငံသားတိုင်း မိမိပါဝင်နိုင်တဲ့ နည်းလမ်းတွေမှာ အခုထက်ပို ပါဝင်ကြပြီး သေပြီးသား စစ်အဆိပ်ပင်ကြီး အမြန်ပြိုလဲအောင် ညီညီညွတ်ညွတ် ဝိုင်းတွန်းလှဲကြဖို့လိုပါကြောင်း။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသစ် မုချပေါ်ထွန်းရမည်။
မင်းကောင်းချစ်
လူသားတွေအနေနဲ့ အသုံးမဝင်တော့တဲ့ အပင်ကြီးတွေ၊ လူ့လောကကို အကျိုးမပြုတဲ့အပြင် အနှောင့်အယှက် (သို့) အဆိပ်အတောက်ဖြစ်စေတဲ့ အပင်ကြီးတွေကို အမြစ်ပြတ်ပြီး နောက်ထပ် ပြန်မပေါက်လာအောင်၊ မရှင်သန်နိုင်အောင် ရှင်းလင်းနိုင်တဲ့နည်းလမ်းက (၃) မျိုးရှိတယ်လို့ greenwaymyanmar.com မှာ ဖတ်ခဲ့ဖူးပါတယ်။
ပထမနည်းလမ်း - အခေါက်ခွာခြင်း
ဒုတိယနည်းလမ်း - ပုဆိန်နဲ့ပေါက်ခြင်း
တတိယနည်းလမ်း - အမြစ်ပြတ်စေခြင်း အမြစ်သတ်ခြင်းတို့ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲ့ဒီ ၃ နည်းစလုံးမှာ ပေါင်းသတ်ဆေးသုတ်လိမ်းဖို့ လိုအပ်ပါတယ်။ စက်ယန္တရားတွေ တတ်နိုင်တဲ့ တိုင်းပြည်တွေမှာတော့ အမြစ်ဆုံကို စက်နဲ့ခြေမွှတဲ့နည်းကတော့ အမြန်ဆုံး ဖြစ်ပါတယ်။ တခြားနည်းကတော့ အပင်ရဲ့အမြစ်ဆုံကို တူးထုတ် မီးရှို့ပစ်နိုင်ပါတယ်။
ဒီဆောင်းပါးမှာ အဓိကရေးချင်တာက ၈၈၈၈ အရေးတော်ပုံကြီး ဆွဲနှုတ်လို့ ကျန်ရစ်ခဲ့တဲ့ စစ်အခွင့်ထူးခံ အမြစ်ကြွင်း အမြစ်ကျန်တွေဟာ ၂၀၀၈ နာဂစ် စစ်ကျွန်ဖွဲ့စည်းပုံအခြေခံဥပဒေ အကာအကွယ်နဲ့ အညွန့်အညှောက်တွေ ထွက်ခွင့်ရလာခဲ့တဲ့ စစ်အာဏာရှင်အဆိပ်ပင်ကြီးကို အမြစ်ပြတ်ပြီး မြန်မာ့လူ့ဘောင်မှာ နောက်ထပ် ပြန်မပေါက်လာအောင် အထက်ပါ နည်းလမ်းမျိုးတွေနဲ့ ရှင်းလင်းကြဖို့ လိုပါတယ်။
ရှစ်လေးလုံး လူထုအရေးတော်ပုံဟာ ကျောင်းသားလူငယ်တွေ ဦးဆောင်ခဲ့ကြပြီး တတိုင်းတပြည်လုံး ပါဝင်ဆင်နွှဲခဲ့ကြတဲ့ တပါတီအာဏာရှင်စနစ်ဆိုး ဖြုတ်ချရေးနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုကြီးဖြစ်တယ်။ နိုင်ငံအပေါ် ၂၆ နှစ်ကြာ ဗိုလ်ကျစိုးမိုးအုပ်ချုပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အမည်ခံ တပါတီအာဏာရှင်စနစ်ကို အပြီးဖျက်သိမ်းနိုင်ခဲ့ပြီး ပါတီစုံဒီမိုကရေစနစ်ကို အုတ်မြစ်ချနိုင်ခဲ့ပါတယ်။
စစ်ဗိုလ်ယုတ်တသိုက်ဟာ ပြည်သူ့အားကို ထိပ်တိုက်မလွန်ဆန်ရဲတာမို့ စေတနာမပါပေမဲ့ ကလိန်ဉာဏ်ဆင်ပြီး ပါတီစုံပေးခဲ့တာဟာ သူတို့သေတွင်း သူတို့တူးခဲ့ကြတာပါပဲ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုရင်ထဲက မဲဆန္ဒတွေနဲ့တက်လာတဲ့ NLD ပြည်သူ့အစိုးရ လက်ထက်မှာ ဒီမိုကရေစီအရသာကို သိရှိသွားတဲ့ ပြည်သူလူထု မျိုးဆက်အားလုံးဟာ စစ်ဖိနပ်အောက်ကို ထပ်မသွားလိုကြတော့ပါဘူး။
အမျိုးဘာသာမျက်နှာဖုံးစွပ်ပြီး ဦးနှောက်နဲ့ နှလုံးသားပါ အဆိပ်ခတ်ပြီး သီတဂူ၊ ဆေကိန္ဒ၊ ဝီရသူ စတဲ့ ပင်ကိုယ်က သန္ဓေမမှန်တဲ့ ဘုန်းကြီးတချို့နဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုနိမ့်ကျ ကျန်ရစ်သူ လူနည်းစုတချို့ကို သူတို့ဘက်ပါအောင် စည်းရုံးအမှုတွဲခေါ်သွားခဲ့ကြပြီး ပြည်သူလူထုကို ငရဲတွင်းထဲ ထပ်တွန်းချလို့ နိုင်ငံထပ်မံဖျက်ဆီးခဲ့ကြတာ မဟုတ်လား။
တကယ်တော့ သူတို့အာဏာတည်မြဲဖို့အတွက် လူ့ဂုဏ်သိက္ခာကို ရက်စက်စွာ နင်းချေစော်ကားပြီး ပြည်သူလူထုကို ရမ်းကားမိုက်ရိုင်းစွာ သတ်ဖြတ်နေကြတဲ့ စစ်အာဏာရှင် မကောင်းဆိုးဝါးတွေက အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နိုင်မယ်ထင်တဲ့ စစ်အခွင့်ထူးခံတွေ၊ မျိုးညစ် ဘာသာညစ် မဘသ လူရှင်ရဟန်းဆိုတာ ဗုဒ္ဓပြောတဲ့ အချည်းအနှီးပုဂ္ဂိုလ် မောဃပုရိသ တုစ္ဆပုဂ္ဂလ ပေတတိရစ္ဆာန်တွေပါပဲ။
၈၈၈၈ လူထုအရေးတော်ပုံကြီးကို စစ်အာဏာရှင် ဗိုလ်ယုတ်တွေ ဆန့်ကျင်တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အဓိကပစ်မှတ်ထားပြီးတော့ စစ်ထောက်လှမ်းရေးက ဖမ်းဆီးနှိပ်စက်တာတွေ ရှိခဲ့ပါတယ်။
ပင်နီဝတ်တဲ့ နိုင်ငံရေးသမား၊ အဖြူအစိမ်းဝတ်တဲ့ ကျောင်းသူ/ကျောင်းသားတွေကိုသာ ရန်သူလို့ သတ်မှတ်ပြီးတော့ သပိတ်စခန်းတွေကို ရန်သူစခန်း ဝင်စီးသလို နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့လည်း ၈၈ စစ်အာဏာ ထပ်သိမ်းချိန်တုန်းက ပြည်သူလူထုကြားက မတရားမှုကို ခေါင်းငုံ့မခံကြတဲ့ လူငယ်လူရွယ် လူလတ်တွေ အကျဥ်းထောင်ထဲ ရောက်သွားတဲ့သူရှိသလို KNU, KIA နဲ့ အိန္ဒိယနယ်စပ်က လွတ်မြောက်နယ်မြေတွေဆီ တောခိုခဲ့ကြသူတွေ ရှိခဲ့ပါတယ်။
အခု ၂၀၂၁ ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေးမှာတော့ အသက်ငင်ပြီး အဆုံးသတ်ရခါနီး ထွက်ပေါက်ပိတ်မိတဲ့ ကျားနာပမာ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ အမြင့်ဆုံးထိ ရက်စက်ကြမ်းကြုတ်လာပြီး သူတို့အပေါ်ဆန့်ကျင်သူ ဟုတ်ဟုတ် မဟုတ်ဟုတ် အကြောက်တရားကို ဖန်တီးဖို့ ပြည်သူလူထုအပေါ် လူမဆန်တဲ့ စစ်ရာဇဝတ်မှု အသိန်းအသန်းကို ကျူးလွန်လာခဲ့ကြပါတယ်။
ဆန္ဒပြတဲ့သူတွေကို ဦးခေါင်းကို ချိန်ပစ်လို့ ဖြိုခွဲနှိမ်နင်းပြီး တားဆီးရုံမက တပြည်လုံးက NLD ကို မဲပေးခဲ့ကြတဲ့ ပြည်သူအများစုက သူတို့ လက်နက်နဲ့ အာဏာလုယူတာကို လက်မခံဘဲ ဆန့်ကျင်လာကြတာကို သိတာမို့ ပြည်သူလူထုအားလုံးကို ရန်သူလို့ သတ်မှတ်ပြီးတော့ ယုတ်ညံ့နိမ့်ကျစွာ လူမျိုးတုံး သတ်ဖြတ်နှိပ်ကွပ်တဲ့ ပုံစံမျိုးတွေ ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။
အာဏာလုခဲ့တဲ့ ၂ နှစ်နီးပါးအတွင်းမှာ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ကယား၊ ကရင်ပြည်နယ်တွေမှာ တွေ့သမျှပြည်သူကို ရန်သူလို့ သတ်မှတ်ပြီးတော့ လုယက် ဓားပြတိုက်၊ မုဒိမ်းကျင့်၊ တွေ့သမျှအိမ်တွေ ရွာတွေအားလုံးကို မီးရှို့ဖျက်ဆီးပြီး အရှင်လတ်လတ် သတ်ဖြတ်တာမျိုးတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ မဟာရာဇဝတ်မှုကြီးတွေ စိမ်ပြေနပြေ ရမ်းကားခဲ့ကြတာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးစစ်အာဏာရှင် အဆိပ်ပင်ကြီးရဲ့ အမြစ်ကျန် အမြစ်ကြွင်းရိုင်းများ ဖြစ်ကြပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် NLD ပြည်သူ့အစိုးရလက်ထက်မှာ အမျိုးသားရင်ကြားစေ့ရေး ခေါင်းစဉ်အောက် အမှားပြင်ဆင်ခွင့် ရခဲ့ကြပေမဲ့ လူ့ဘဝကို ရခဲ့ပြီးမှ အချည်းအနှီး ဖြစ်ခဲ့ရတဲ့ မေဃပုရိသ၊ စစ်အမြစ်ကျန် အမြစ်ကြွင်းရိုင်း ပေတစစ်တိရစ္ဆာန်များဟာ ခွင့်မလွှတ်ထိုက်တဲ့ ပိုမိုမိုက်မဲတဲ့လမ်းကို ရွေးချယ်ခဲ့ကြပြီး ရလာတဲ့ အခွင့်အရေးကို လွှင့်ပစ်ခဲ့ကြတာမို့ နောက်ထပ်အခွင့်အရေး ထပ်မပေးထိုက်တော့ဘဲ အကြွင်းမဲ့ ရှင်းလင်းဖယ်ရှား အပြစ်ပေးရတော့မှာ ဖြစ်ပါတယ်။
ဒီကနေ့အချိန်မှာ မြန်မာနိုင်ငံအနှံ့အပြားက အမှန်တရားကို မြတ်နိုးကြတဲ့ ပြည်သူလူထုကြီးဟာ စစ်အာဏာရှင်အဆိပ်ပင် အမြစ်ကျန် အမြစ်ကြွင်းရိုင်းတွေကို တိုင်းပြည်မှာ နောက်ထပ် ပြန်မပေါက်လာအောင် အမြစ်ပြတ်စေဖို့ အခေါက်ခွာသူကခွာ၊ ပုဆိန်နဲ့ပေါက်သူကပေါက်၊ အမြစ်ဆုံကို တူးထုတ်သူကထုတ် စတဲ့နည်းမျိုးစုံနဲ့ အပတ်တကုတ် အားထုတ်နေကြချိန် ဖြစ်ပါတယ်။
ဒါကြောင့် အမြစ်ပြတ်တော့မယ့် စစ်အာဏာရှင် အဆိပ်ပင်ကနေ အညွန့်အညှောက်တွေ ထပ်ထွက်မလာရအောင် ခွာထားတဲ့အခေါက်တွေ၊ အမြစ်ဆုံတွေကို အမှန်တရားကို အခြေခံထားပြီး တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှု အများပြည်သူ အာဏာပိုင်စိုးမှုကို မြတ်နိုးတဲ့ ကိုယ်ကျင့်သီလကောင်းတွေ အသိဉာဏ်တွေ ဦးစီးတဲ့ နိုင်ငံရေးအသိအမြင်ဆိုတဲ့ ပေါင်းသတ်ဆေးရည်ကို အကြိမ်ကြိမ်ဖျန်းပေးခြင်းနဲ့ စစ်အခွင့်ထူးခံစနစ် မျိုးတုံးစေမှာဖြစ်ပါကြောင်း နှိုးဆော်အပ်ပါတယ်။
မင်းကောင်းချစ်