မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုတွေရှိနေပေမဲ့ တရုတ်နိုင်ငံက သူ့ရဲ့ BRI စီမံကိန်းကို စစ်ကောင်စီရဲ့ အာမခံချက်နဲ့ ဆက်လက်လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားသားသုတေသီတွေက Eurasia Review မှာ ရေးသားထားပါတယ်။
ဧရာဝတီတိုင်းမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ကုန်ကျမယ့် Mee Lin Gyaing LNG စီမံကိန်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူမှာရှိတဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကုန်ကျမယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ကုန်ကျမယ့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ အမေရိကန်ဒေါ်လာ ၁၈၀ သန်းကုန်ကျမယ့် ကျောက်ဖြူလျှပ်စစ်ဓါတ်အားစီမံကိန်းတွေ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းအတွင်း အမေရိကန်ဒေါ်လာ ၁ဒသမ ၅ ဘီလီယံ ကုန်ကျမယ့် ရန်ကုန်မြို့သစ်စီမံကိန်း၊ ကချင်ပြည်နယ်မြောက်ပိုင်း အထူးဒေသမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ကုန်ကျမယ့် Kanpiketi CBECZ စီမံကိန်းတွေကိုလည်း အကောင်အထည် ဖော်ဖို့လုပ်ဆောင်နေတာပါ။
ဒီစီမံကိန်းတွေလုပ်ဆောင်ဖို့ အာဏာသိမ်းပြီးနောက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အောက်မှာ အရေးကြီးတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းများစွာအတွက် လုပ်ငန်းကော်မတီတွေကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်လို့လည်းဆိုပါတယ်။
ဒီ့နောက် တရုတ်အစိုးရနဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီတို့ အကြားမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ စီမံကိန်းများစွာကို အရှိန်မြှင့်ကာ စီစဉ်နေတယ်လို့ ထုတ်ဖော်ရေးသားထားတာတွေ့ရပါတယ်။
ဒီအခြေအနေနဲ့ပတ်သတ်ပြီး စီးပွားရေးသုတေသီတဦးက “အခုပြောနေတဲ့ ဒီလုပ်ငန်းတွေက အရင်ကတည်းက အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ MOU ထိုးထားတဲ့ ပရောဂျက်တွေလို့ပြောလို့ရပါတယ်။ပြီးတော့ တရုတ်ရဲ့ပေါ်လစီကလည်း တခုတော့ ရှိတာပေါ့။ မြွေမသေ တုတ်မကျိုး စေတဲ့ ပေါ်လစီနော်။ ဆိုတော့ ဒီစီမံကိန်းတွေကို ငါတို့တော့ မင်းတို့နဲ့မလုပ်ဘူးလို့ ပြောမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒါတွေကို အကောင်အထည်ဖော်မယ့်အဆင့်တော့ မရှိသေးဘူး။ ပြင်ဆင်နေတဲ့အဆင့်တော့ ရှိနိုင်တယ်။ စာရွက်စာတမ်းတွေနဲ့ လုပ်နေတဲ့ paper work လိုတင်ပြတဲ့ပုံစံမျိုးတော့ ရှိရင်ရှိလိမ့်မယ်။ တကယ် ဆောက်နေတဲ့အဆင့်တော့ မတွေ့သေးဘူးနော်။ ဘာလို့လဲဆို သူတို့လည်း မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကို သိနေတာ ပဲလေ။ ဆိုတော့ တရုတ်ကတော့ ဘယ်လိုလုပ်ထားမလဲဆိုရင် ရင်းနှီးမြုပ်နှံမှုတွေနဲ့ပတ်သတ်ပြီး ငါတို့ မလုပ်တော့ဘူး။ လုံးဝ ဖျက်တယ်ဆိုပြီးတော့ လုပ်မှာမဟုတ်ဘူး။ ဒါကြောင့် စစ်ကောင်စီကို မင်းတို့ တည်ငြိမ်သွားအောင်လုပ်။ တည်ငြိမ်သွား လို့ရှိရင် ဒါတွေဆက်လုပ်မယ်လို့ ပြောနေတာလေ” လို့ဆိုပါတယ်။
စီးပွားရေးလေ့လာသုံးသပ်သူတဦးကလည်း “အရင်နအဖခေတ်တုန်းကလည်း ဒီလိုပဲလုပ်ခဲ့ကြတာ။ ဆိုတော့ တရုတ်လည်း သင်ခန်းစာယူမယ်ဆိုရင် ယူလို့ရနေပြီပေါ့နော်။ မြစ်ဆုံဆိုရင် နအဖခေတ်မှာ MOU ထိုးခဲ့တဲ့တာလေ။ နှစ်တွေသာ ကြာလာတာ အကောင်အထည်ဖော်လို့မှ မရတာ။ အခုစစ်ကောင်စီက သူတို့လည်း လုပ်ချင်မှာပဲ။ ဘာလို့ဆို သူတို့ လက််ထက်မှာ ဖြစ်စေချင်တာပေါ့။ အဲ့တော့ လွယ်လွယ်နဲ့ပေးမှာပဲလေ။ ဒါပေမဲ့ စီမံကိန်းကြီးတွေက အချိန်အားဖြင့် ကြာသလို အရင်းအနှီး ကလည်း များတယ်။ ပြီးတော့ အရင်းကျေဖို့ကလည်း ကြာဦးမှာလေ။ ဒီတော့ သေချာမှ ဖြစ်မှာပေါ့နော်။ ဆိုတော့ ကျနော့်အမြင်ကတော့ သူတို့ ၁ဝဝရာခိုင်နှုန်းအပြည့် လုပ်မယ်လို့တော့ မထင်ဘူး” လို့ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီကြီးတွေက အနောက်နိုင်ငံတွေရဲ့ဖိအားကြောင့် မိမိတို့ရဲ့ရင်းနှီးမြုပ်နှံမှုတွေကို ပြန်လည်ရုတ်သိမ်းပြီး ထွက်ခွာနေကြတာပါ။
ဒါကြောင့် လက်ရှိအခြေအနေအရ ရင်းနှီးမြုပ်နှံမှုအသစ်တွေ ဝင်လာဖို့က မဖြစ်နိုင်တဲ့အကြောင်း အဆိုပါပုဂ္ဂိုလ်ကသုံးသပ်ပြောပါတယ်။
“တော်ရုံတန်ရုံကတော့ ဝင်လာဖို့ မဖြစ်နိုင်ဘူး။ အခုက ထွက်တောင်ထွက်နေကြတာလေ။ Political risk၊ Economic risk ၊ financial risk ဒါတွေအားလုံးကို သူတို့ ထည့်သွင်းပြီး တွက်မှာပဲလေ။ ရှိပြီးသားကုမ္ပဏီတွေဖြစ်တဲ့ ဂျပန်ဆိုရင် သူတို့ ရဲ့လုပ်ငန်းလည်ပတ်မှု အရှိန်ကို လျှော့ထားရင်ထားတယ်။ ဒါမှမဟုတ် တကယ်လို့ မလုပ်ရသေးဘူးဆိုရင်လည်း ဆိုင်းငံ့ထား ရင်ထားမှာပေါ့။ ဆိုတော့ အသစ်ကတော့ ဝင်လာဖို့ မလွယ်ပါဘူး။လက်ရှိအခြေအနေကိုပဲကြည့်ရင် ဘဏ်လုပ်ငန်း တွေတောင် အဆင်မပြေသေးတာနော်။ ပြီးတော့ မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ပတ်သတ်ပြီး လုပ်ရကိုင်ရတာ ဘယ်လောက် အဆင်ပြေမလဲဆိုတဲ့ business environment အပေါ် ရင်းနှီးမြုပ်နှံသူတွေက ထည့်တွက်ကြတာထုံးစံပဲလေ” လို့ဆိုပါတယ်။
ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ကိန်း ဂဏန်းအချက်အလက်တွေ အရ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံ၏ရင်းနှီးမြုပ်နှံမှုက အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၅ ဘီလီယံကျော် ရှိတာတွေ့ရပါတယ်။
Photo Credit- People's Daily
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်းမှ ရင်းနှီးမြုပ်နှံသူတချို့ဟာ သူတို့လုပ်ငန်းတွေကို ရပ်ဆိုင်းတာ ၊ နုတ်ထွက်တာနဲ့ လျှော့ချတာတွေ ပြုလုပ်ခဲ့ပေမယ့် တရုတ်အစိုးရရဲ့ BRI ခါးပတ်လမ်း စီမံကိန်းအတွက်တော့ အခွင့်အလမ်း ဖြစ်လာတယ်လို့ The Diplomat မဂ္ဂဇင်းမှာ သုံးသပ်ရေးသားထားပါတယ်။
တရုတ်အစိုးရက အကောင်အထည်ဖော်နေတဲ့ BRI ခါးပတ်လမ်းစီမံကိန်းထဲက တခုအပါအဝင်ဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဟာ မဟာဗျူဟာကျတဲ့အစိတ်အပိုင်းတခုဖြစ်တာ ကြောင့်လည်း တရုတ်ကုမ္ပဏီ CITIC ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံရင်းနှီးမြုပ်နှံထားတာရှိပါတယ်။
ဒါကြောင့်ပဲ ပြီးခဲ့တဲ့ ၂၀၂ဝ ဇန်နဝါရီလက တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် မြန်မာနိုင်ငံဆီလာခဲ့တဲ့ ရည်ရွယ်ချက်တွေထဲမှာ BRI စီမံကိန်း တရုတ်အစိုးရရဲ့ အရေးကြီးဆုံး ကိစ္စတွေထဲမှာပါဝင်တာတွေ့ရပါတယ်။
ပိုပြီးထင်ရှားစေတဲ့အချက်ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီက တရုတ်အစိုးရက BRI စီမံကိန်းအတွက် ရေနက်ဆိပ်ကမ်း အပါအဝင် အထူးစီးပွားရေးဇုန်တွေ တည်ဆောက်ဖို့ နေပြည်တော်မှာ တိုက်တွန်းခဲ့တာရှိပါတယ်။
လက်ရှိကာလမှာဆိုရင်လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု မရှိပေမဲ့ စစ်ကောင်စီရဲ့ အာမခံချက်နဲ့ တရုတ်နိုင်ငံက BRI စီမံကိန်းကို စတင်နေပါပြီ။
ဒါကတော့ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် လည်ပတ်ဖို့အတွက် လိုအပ်တဲ့လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖို့ ကျောက်ဖြူမှာ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကုန်ကျမယ့် ဓာတ်ငွေ့နဲ့ရေနွေးနွေ့သုံးပေါင်းစပ်ဓာတ်အားပေးစီမံကိန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက စတင်နေတာပါ။
အလားတူ ဧရာဝတီတိုင်းမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကုန်ကျမယ့် မီးလင်းချိုင် သဘာဝဓာတ်ငွေ့စီမံကိန်းကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လက ထပ်မံ ခွင့်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် BRI နဲ့ ဆက်စပ်တဲ့တခြားစီမံကိန်းတွေကလည်း အနှေးနဲ့အမြန် ဝင်လာဖို့ မီးစိမ်းပြထားပြီ ဖြစ်ပါတယ်။
ပြည်ပရောက် စီးပွားရေးသုတေသီတဦးက “ဒါကတော့ သေချာတယ်ဗျ။ ဒီမိုကရေစီထွန်းကားတဲ့ တိုင်းပြည်တွေက လာမှာ မဟုတ်ဘူး။ စစ်အစိုးရနဲ့ ရင်းနှီးတဲ့သူ ဒါမှမဟုတ် စစ်အစိုးရနဲ့ အကျိုးစီးပွား ချင်းတူတဲ့သူတွေကတော့ လာကြမှာပဲ။ အရင်တုန်းကလည်း ပေါချောင်ကောင်း ပရောဂျက်အကြီးကြီးတွေ တရုတ်ဆီပေးလိုက်တာ ရှိတယ်လေ။ ကိုယ့်အကျိုးစီးပွားပဲ ကြည့်တဲ့သူတွေက သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီး တာတွေလည်း ဂရုမစိုက်ဘူးပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘာပြဿနာ တက်လာနိုင်လဲဆိုရင် နည်းနည်းလွတ်လပ်လာတဲ့အချိန်မှာ ဒါတွေက တာဝန်ခံမှု၊ တာဝန်ယူမှု ရှိတဲ့ ရင်းနှီးမြုပ်နှံမှု မဟုတ်ဘူး။ ဒါ့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုရှိသလို လူ့အခွင့်အရေးကိုလည်း မလိုက်နာဘူးဆိုတဲ့ စွပ်စွဲချက်တွေပေါ်လာတဲ့အခါ သူတို့ ပြန်ဖြေရှင်းရလိမ့်မယ်” လို့ ပြောပါတယ်။
အရင်စစ်အစိုးရလက်ထက်တွေတုန်းကလည်း လက်လွတ်စပယ် စီမံကိန်းတွေကို ချပေးလိုက်လို့ နိုင်ငံအတွက် များစွာနစ်နာဆုံးရှုံးခဲ့ရပြီး နိုင်ငံသူ၊ နိုင်ငံသားတွေမှာ ဆင်းရဲတွင်းထဲက အခုအချိန်အထိ ရုန်းမထွက်နိုင်ခဲ့တဲ့အပြင် လူထုရဲ့ အသက်တွေလည်း ဆုံးရှုံးခဲ့ရတဲ့ သာဓကတွေများစွာ ရှိနေတာပါ။
ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီက ခွင့်ပြုလိုက်တဲ့ တရားမဝင်ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်း ၈ ခုကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ ရက်ပိုင်းက သတိပေးထားတာရှိပါတယ်။
နိုင်ငံတော်အာဏာကို အကြမ်းဖက်စစ်ကောင်စီက တရားမဝင်လုယူလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့စပ်လျဉ်းတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ထုတ်ပေးခြင်းကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီးက မေလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။
အတွက် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အနေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတည်ပြုမိန့်၊ ခွင့်ပြုမိန့်တွေကို အလျင်စလို လက်လွတ်စပယ် ထုတ်ပေးနေတာဟာ ပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုစနစ်ကို မျက်ကွယ်ပြုပြီး ကျော်လွန်ဆောင်ရွက်ရာ ရောက်တဲ့အတွက် သည်းခံခွင့်လွှတ်နိုင်ဖွယ် မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။
ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်တဲ့အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်အထိ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံထားတဲ့ပမာဏက အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၃,၁၆၈ ကျော်ရှိပါတယ်။
Photo- Supreme Group