close

စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်

close

February 1, 2022

အာဏာသိမ်းပြီး ၁ နှစ်ကြာအထိ စစ်ကောင်စီက လူထုကို ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တစ်နှစ်ကြာတဲ့အထိ ပြည်သူ့ဆေးရုံတွေနဲ့ ဆေးခန်းတွေက လူထုရဲ့ လိုအပ်ချက်ကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးဘူးလို့ နယ်စည်မထားဆရာ၀န်များ အဖွဲ့( MSF)က ထုတ်ပြန်ပါတယ်။

လူထုဟာ ကုန်ကျစရိတ်နည်းတဲ့ အစိုးရဆေးရုံတွေအစား ကုန်ကျစရိတ် ကြီးမားတဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေကိုသာ တစ်ခုတည်းသော ရွေးချယ်စရာအဖြစ် အားကိုးနေရတယ်လို့ ဆိုထားပြီး အများပြည်သူ ကျန်းမာရေး စောက်ရှောက်မှုနဲ့ပတ်သက်တဲ့ အချက် ၅ချက်ကို မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ဖြစ်တဲ့ ဒီနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နယ်စည်းမထားဆရာ၀န်များ အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံရဲ့အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှုစနစ်က ပြင်းထန်တဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို မထိန်းနိုင်ခဲ့တာကြောင့် လိုအပ်တဲ့ ကျန်းမာရေးအကူအညီ မရရှိသူ ထောင်ပေါင်းများစွာဟာ သေဆုံးခဲ့ရကြောင်း၊ စစ်အာဏာသိမ်းမှု ဖြစ်ပွားချိန်ကစပြီး အစိုးရရဲ့ အိတ်ချ်အိုင်ဗွီနဲ့ တီဘီတိုက်ဖျက်ရေး စီမံချက်တွေလည်း ကောင်းကောင်း လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိတော့တဲ့အတွက် မြန်မာနိုင်ငံမှာ အိတ်ချ်အိုင်ဗွီ နဲ့တီဘီတိုက်ဖျက်ရေးအတွက် နှစ်ပေါင်း ၂၀ ကျော်ကြာ ဆောက်ရွက်ခဲ့တဲ့ တိုးတက်မှုတွေ အားလုံးထိခိုက်ခဲ့ရ ကြောင်း စတဲ့အချက်တွေပါ၀င်ပါတယ်။

တိုက်ပွဲတွေ၊ လုံခြုံရေး ပြဿနာတွေ၊ စီးပွားရေး အခက်အခဲတွေနဲ့ ကိုဗစ်-၁၉ ဆိုင်ရာ အသွားအလာ ကန့်သတ်မှုတွေက လူထုကျန်းမာရေး စောက်ရှောက်မှု ရယူနိုင်မှုကို အဟန့်အတား ဖြစ်စေခဲ့တဲ့အချက်ကိုလည်း ထည့်သွင်းဖော်ပြထားပြီး၊ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောက်ရှောက်မှု စနစ်အပေါ် တိုက်ခိုက်ခံရမှုပေါင်း ၂၈၆ ခုရှိခဲ့ကာ ကမ္ဘာ့နိုင်ငံတွေထဲမှာ အများဆုံး အရေအတွက် ဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် ကျန်းမာရေးဝန်ထမ်းတွေဟာ အလုပ်တွေကို စွန့်ခွာပြီး အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်းကို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဲဒီနောက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ကောင်းစွာအလုပ်မလုပ်တော့သလို ဆရာဝန်တွေ၊ သူနာပြုတွေဟာလည်း ဖမ်းဆီးခံရ၊ တိုက်ခိုက်ခံခဲ့ရပြီး ကိုဗစ်-၁၉ အစုလိုက်အပြုံလိုက် ကူးစက်ပြန့်ပွားမှုမှာ လူထောင်ပေါင်းများစွာ မသေသင့်ပဲ သေဆုံးခဲ့ရပါတယ် အဆိုပါအဖွဲ့ကဆိုပါတယ်။

MSF အနေနဲ့ အဲ့ဒီအခြေအနေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဝန်ဆောင်မှုကွက်လပ်တွေကို ကြားဝင်ကူညီပေးရင်း မျက်မြင်ကြုံတွေ့ခဲ့ရတဲ့  အခြေအနေတွေကို အာဏာသိမ်းမှုတစ်နှစ်ပြည့်တဲ့နေ့မှာ အခုလိုမျှဝေတာဖြစ်တယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာရုံး (ILO)ရဲ့ ခန့်မှန်းချက်မှာလည်း  ၂၀၂၁ခုနှစ်မှာ မြန်မာနိုင်ငံမှာ အလုပ်အကိုင် ဆုံးရှုံးမှု ၁ ဒသမ ၆သန်း ရှိကြောင်းဖော်ပြထားပါတယ်။

မကြာသေးခင်က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာလည်း စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ အခြေအနေ တွေကြောင့် မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်မှုကို အဟန့်အတားဖြစ်စေပြီး  ဆင်းရဲမွဲတေမှု ပမာဏဟာလည်း ကိုဗစ် −၁၉ ကူးစက် ရောဂါ မဖြစ်ပွားခင်ကထက်နှစ်ဆ ပိုမိုများပြားလာတယ်လို့   ခန့်မှန်ထားပါတယ်။

9 hours Ago

စစ်အာဏာသိမ်းတနှစ်ပြည့် နိုင်ငံတကာသံရုံးဖေ့စ်ဘွတ်ခ်စာမျက်နှာတချို့ ဝမ်းနည်းကြောင်း အနက်ရောင်ကာဗာပုံ ပြောင်းလဲ

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းမှုခဲ့တဲ့ တနှစ်ပြည့်တဲ့နေ့မှာ နိုင်ငံတကာသံရုံးတချို့က သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွေပေါ် မြန်မာ ပြည်သူတွေနဲ့အတူ ဝမ်းနည်းကြောင်းအထိမ်းအမှတ် အနက်ရောင်ပရိုဖိုင်နဲ့ ကာဗာပုံတွေ ပြောင်းလဲခဲ့ကြတာကို တွေ့ရပါတယ်။

အဲဒီလိုပြောင်းလဲထားကြတဲ့ သံရုံးစာမျက်နှာတွေထဲမှာတော့ အမေရိကန်၊ ကနေဒါနိုင်ငံ တွေနဲ့အတူ ဥရောပနိုင်ငံတွေဖြစ်ကြတဲ့ ယူကေ၊ ဖင်လန်၊ စပိန်၊ ဆွီဒင်၊ ဒိန်းမတ် စတဲ့ နိုင်ငံတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်း ဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာ သိမ်းယူလိုက် ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင် မီးထွန်းဆုတောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြခဲ့ကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှု တွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြဖို့ ကြေညာထားခဲ့ပြီး နိုင်ငံတဝန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အ ကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက် အရ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၅၀၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံ ရသူပေါင်း ၁၁၈၃၈ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

13 hours Ago

မြန်မာစစ်အာဏာရှင် နောက်ကြောင်းပြန်လှည့်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တောင်းဆို

မြန်မာစစ်အာဏာရှင်အနေနဲ့ လက်ရှိ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကနေ နောက်ပြန်လှည့်ဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က တောင်းဆိုလိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ပြည့်မြောက်တဲ့အပေါ် သမ္မတ ဂျိုးဘိုင်ဒင်က အခုလို  ထုတ်ပြန်ပြောကြားလိုက်တာဖြစ်ပြီး စစ်အာဏာရှင်အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနည်းကျထုတ်ဖော်ပြောဆိုတဲ့ အသံတွေကို  ဆက်လက် ပိတ်ပင်တားဆီးနေမယ်ဆိုပါက စစ်တပ်နဲ့ တပ်ထောက်ခံသူတွေကို ဒဏ်ခတ်အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မိမိတို့ မေ့လျော့ခြင်းမရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ကြဉ်းနိုင်ဖို့ မဆုတ်မနစ် ကြိုးစားအားထုတ်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်အားပေးထောက်ခံသွားမယ်လို့လည်း သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် အဂတိလိုက်စားမှုတွေ အကြီးအကျယ် ဖြစ်ပွားနေသလို ပြည်တွင်းပဋိပက္ခဟာလည်း ဆိုးသထက် ဆိုးလာနေတယ်၊ စစ်အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံတဝန်း ကြီးမားတဲ့ ဆင်းရဲဒုက္ခတွေကို ဖြစ်ပေါ်စေပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းသာယာမှုကိုလည်း ထိခိုက်စေတယ်၊ မြန်မာနိုင်ငံတဝန်း သန်းနဲ့ချီတဲ့ ပြည်သူတွေ အသက်ကယ်ဆယ်ရေးအကူအညီ အကြီးအကျယ်လိုအပ်နေပေမဲ့ စစ်အာဏာရှင်က ဟန့်တားပိတ်ပင်နေတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်အနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်တဲ့ အဖွဲ့တွေကို အတားအဆီးမရှိ အကူအညီပေးအပ်ခွင့်ပြုဖို့၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိစေရေးအတွက် သက်ဆိုင်သူများအားလုံးနဲ့ ထိထိရောက်ရောက် အပြန်အလှန်ဆွေးနွေးမှုကို အလျင်အမြန်လုပ်ဆောင်ဖို့လည်း သမ္မတ ဘိုင်ဒင်က တိုက်တွန်းထားပါတယ်။

မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းယူခဲ့တာဖြစ်ပြီး သက်တမ်း ၁ နှစ်ပြည့်ချိန်မှာ  အာဏာသိမ်းသက်တမ်းကို  ၆ လ ထပ်တိုးထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ  ၁,၅၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး သောင်းနဲ့ချီ မတရားဖမ်းဆီး ထောင်ချခံခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အကြာမှာ မြန်မာနိုင်ငံတဝန်း စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး  နယ်ပယ်အားလုံးမှာ ယိုယွင်းပျက်စီးသွားခဲ့တာလည်း ဖြစ်ပါတယ်။ 

13 hours Ago
Up