close

စစ်အုပ်စုဆက်နွှယ်သူ ၅ ဦး

close

March 26, 2022

စစ်အုပ်စုဆက်နွှယ်သူ ၅ ဦးနှင့် လုပ်ငန်းအဖွဲ့အစည်း ၅ ခုတို့ကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်

အာဏာသိမ်း စစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ မြန်မာနိုင်ငံသား လူပုဂ္ဂိုလ် ၅ ယောက်နဲ့ စစ်ဗိုလ်ချုပ်တွေပိုင်ဆိုင်တဲ့ လုပ်ငန်း/အဖွဲ့အစည်း ၅ ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့အ ရေးယူလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မတ် ၂၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

အောင်လှိုင်ဦး၊ နိုင်ထွဋ်အောင်၊ စစ်တိုင်းအောင်၊ ဇော်ဟိန်းနဲ့ ကိုကိုဦးတို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုစာရင်းမှာ ထည့်သွင်းလိုက်တာဖြစ်ပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ကယားပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ “ခရစ္စမတ်အကြိုနေ့ အစုအပြုံလိုက်လူသတ်မှု”နဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံတပ် တမခ (၆၆)ကိုလည်း မြန်မာနိုင်ငံမှာ ပြည်သူတွေကို မတရားဖမ်းဆီး ညှဉ်းပန်းနှိပ်စက်မှုတွေအတွက် တာဝန်ယူမှုရှိစေဖို့ ပိတ်ဆို့ဒဏ်ခတ် အရေးယူတဲ့ စာရင်းသွင်းလိုက်ပါတယ်။

ဒါ့အပြင် မြန်မာစီးပွားရေးခေါင်းဆောင်တွေပိုင်ဆိုင်တဲ့  Myanmar Chemical & Machinery Company Limited (MC&M)၊ International Gateways Groups of Company Limited (IGG)၊ Htoo Group of Companies (Htoo Group) နဲ့  the Asian Green Development Bank (AGDB)တို့ကိုလည်း အရေးယူတဲ့ စာရင်းမှာ အမေရိကန်က ထည့်သွင်းလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် တပ်မတော်နေ့မှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ် တစ်နှစ်ပြည့်ခါနီးမှာ အမေရိကန်ပြည်ထောင်စုက အခုလို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တာ ဖြစ်ပါတယ်။ 

စစ်အာဏာရှင်အဖွဲ့ရဲ့ ပိုမိုအရှိန်မြှင့်လာတဲ့ အကြမ်းဖက်မှုတွေကို တုံ့ပြန်ဖို့ မြန်မာပြည်သူတွေအတွက် အားပေးထောက်ခံမှုကို ပြသဖို့နဲ့ စစ်အာဏာရှင်တွေကျူးလွန်ခဲ့တဲ့ အာဏာသိမ်းယူမှုနဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ အခုလို လုပ်ဆောင်တာလို့ နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိတဲ့အထိ  စစ်အာဏာရှင်တွေကို ဒဏ်ခတ်အရေးယူမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ လုပ်ငန်း/အဖွဲ့အစည်း ၂၇ ခု နဲ့  စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ် ပေါင်း အယောက်  ၇၀ ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ယူကေနိုင်ငံကလည်း မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေထောက်ပံ့ပေးနေတဲ့ အဓိကကျတဲ့ လူပုဂ္ဂိုလ် နှစ်ယောက်နဲ့  ကုမ္ပဏီ သုံးခုတို့ကို   ပိတ်ဆို့ အရေးယူလိုက်တာလို့ မတ်လ ၂၅ ရက်မှာ ကြေညာပါတယ်။

ပိတ်ဆို့အရေးယူခံရသူတွေကတော့ လက်နက်ရောင်းဝယ်ဖောက်ကားရာမှာ ပါဝင်ဆောင်ရွက်သူတွေဖြစ်တဲ့ ဒေါက်တာအောင်မိုးမြင့်နဲ့ အောင်လှိုင်ဦးတို့ကို  ယူကေနိုင်ငံသို့  ခရီးသွားလာခွင့် ပိတ်ပင်တားမြစ်လိုက်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း  ကန့်သတ်လိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်  Dynasty International Company Ltd ၊ Myanmar Chemical and Machinery Company Ltd နဲ့ Miya Win International Ltd. တို့ကိုလည်း ဒဏ်ခတ် အရေးယူသွားမယ်လို့ ယူကေအစိုးရက ဆိုပါတယ်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မယ်လာနီဂျိုလီကလည်း မြန်မာစစ်တပ်အတွက် လက်နက်တွေနဲ့ စစ်ဘက်သုံးပစ္စည်းတွေ ဝယ်ယူ ပံ့ပိုးရောင်းချရာမှာ ပါဝင်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ လေတပ်ဦးစီးချုပ်တို့ကို မြန်မာနိုင်ငံဆိုင်ရာ အထူးစီးပွားရေး စည်းမျဉ်းတွေအရ ပစ်မှတ်ထားအရေးယူကြောင်း မတ်လ ၂၅ ရက်နေ့စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

Photo Credit- US Embassy

2 mins Ago
Up