ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲက ညောင်ပင်သာကျေးရွာသား ၁၉ ယောက်ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဖြစ်တဲ့ တပ်မ - ၄၄ ၊ ခလရ - ၇၃ ၊ ခမရ - ၅၉၉ ၊ ခမရ - ၅၉၀ နဲ့ ခလရ - ၄၈ တို့ဟာ အဆိုပါ ကျေးရွာမှာ တပ်စုပြီး စစ်ရေးလှုပ်ရှားဖို့ရှိတာကြောင့် ပြီးခဲ့တဲ့ မေ ၁၀ ရက်မှာ ကျေးရွာအနားကို ရောက်ရှိလာပြီး ညနေ ၅ နာရီ မိနစ် ၂၀ လောက်မှာ စစ်ကောင်စီ စုပေါင်းစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ - ၃ လက်အောက်ခံ လုံခြုံရေး စစ်ကြောင်းတို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို ထိတွေ့ ပစ်ခတ်မှုမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး ၁ ယောက်၊ ဒုဗိုလ် ၁ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက်နဲ့ တပ်သား ၂ ယောက် သေဆုံးခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ည ၈ နာရီလောက်မှာတော့ စစ်ကောင်စီ စုပေါင်းစစ်ကြောင်းဟာ ညောင်ပင်သာရွာထဲကို ဝင်ရောက်ပြီး မကြာခင်မှာပဲ ရွာထဲမှာ မီးတွေတောက်လောင်နေတာကို မြင်တွေ့ခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီနောက် မေ ၁၁ ရက်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၃ လက်အောက်ခံ စစ်ကြောင်းက ညောင်ပင်သာရွာထဲကို ဝင်ရောက်ရှင်းလင်းခဲ့ချိန်မှာတော့ အပြစ်မဲ့ပြည်သူတွေဖြစ်ကြတဲ့ ညောင်ပင်သာရွာသားတွေကို စစ်ကောင်စီတပ်က အကြမ်းဖက် မီးရှို့ သတ်ဖြတ်ထားတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မီးရှို့ သတ်ဖြတ်ခံခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူ ၁၉ ယောက်ကိုသာ ကောက် ယူထားနိုင်သေးပြီး တခြားပျောက်ဆုံးနေသူတွေ ရှိနေသေးတယ်လို့ ကေအန်ယူဗဟို ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ အခုထိတိုင် ညောင်ပင်သာရွာ အနီးအနားမှာ ရှိနေသေးတဲ့အပြင် လက်ရှိအခြေအနေအရ အဆိုပါနေရာဟာ စစ်မြေပြင်သဖွယ်ရှိနေတဲ့ အတွက်ကြောင့် နယ်မြေခံ တာဝန်ရှိသူတွေအနေနဲ့ ပျောက်ဆုံးပြည်သူတွေရဲ့ စာရင်းကို လိုက်လံကောက်ယူနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ကေအန်ယူနယ်မြေအတွင်းမှာတော့ အခု ၂၀၂၃ ခုနှစ်၊ ပထမ ၄ လတာကာလတွေအတွင်း တိုက်ပွဲအကြိမ်ရေ ၁,၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၁,၇၀၀ ကျော် သေဆုံးကာ ၁,၁၈၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က သေဆုံးခဲ့သူတွေထဲ တပ်ရင်းမှူး ၅ ယောက်ထိ ပါဝင်နေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၅၉ ယောက် ကျဆုံးခဲ့ကာ ၁၉၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကေအန်ယူနယ်မြေထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ပြီးချိန်ကတည်းက လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ နယ်ခြား စောင့်တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တနေ့တခြား ပိုမိုတိုးမြင့်လုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူ ၄ သိန်းကျော် အသက်ဘေးလွတ် ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ စာနပ်ရိက္ခာမလုံ လောက်မှု၊ နေရာထိုင်ခင်းအတွက် အမိုးအကာ မလုံလောက်မှု၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါး မလုံလောက်မှုပြသနာတွေနဲ့လည်း ရင်ဆိုင် ကြုံတွေ့နေကြရပြီး အရေးပေါ် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း လိုအပ်နေတယ်လို့ ကေအန်ယူဗဟို ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်တပ်က ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြရာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။
မေ ၉ ရက်နေ့ တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက် တပ် ဖွဲ့ဝင် ၅၈ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၁၉ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲမှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေက စာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲခဲ့ကြပြီး ဆားလင်းကြီးမြို့ နယ်မှာတော့ စစ်ကောင်စီတပ်တွေကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကလေးမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေက ဒေသခံတွေကို လေယာဉ်နဲ့ ဗုံးကြဲခဲ့ကြပြီး စစ်ကိုင်းမြို့နယ်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို PDF တပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီ ရဲစခန်းကို ဒရုန်းနဲ့ ၂ ကြိမ် ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရသလို မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီ ကားကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရပြီး ကရင်ပြည်နယ်၊ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တို့ကြား အ ပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ထားဝယ်မြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုင်မိုင်း ၄ လုံး၊ မိုင်း ၂ လုံးတို့နဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘုတ်ပြင်းမြို့နယ်မှာလည်း စစ်ကောင်စီဂိတ်ကို PDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန် မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃ သောင်းလောက် ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁ သောင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံ လာခဲ့တယ်လို့လည်း ဆိုပါတယ်။
လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသ ကြီးမှာ ၁၁ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးနဲ့ မကွေးတိုင်း ဒေသကြီးတို့မှာ ၂ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
NUG အစိုးရကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်း ဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။