စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ ဧပြီ ၂၅ ရက်နေ့လယ် ၁ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တို့ ကမ်းပြည့်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့က ပြောပါတယ်။
MKPDF တပ်ရင်း -၂ ၊ တပ်ခွဲ ၁ အဖွဲ့က ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီအဖွဲ့ ၁၅ ယောက်လောက် ကျဆုံးနိုင်သလို ဒဏ်ရာရရှိသူတွေလည်း များနိုင်တယ်လို့ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မင်းကင်းမြို့ပေါ်မှာတပ်စွဲနေထိုင်တဲ့အဖွဲ့ဖြစ်ပြီး ကလေးဝဘက်ကနေတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အကြိုသွားစဥ် မင်းကင်း - မြို့မ လမ်းပိုင်း ကမ်းပြည့်ကျေးရွာအနီးမှာ ဒေသခံ PDF အဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကမ်းပြည့်ကျေးရွာအတွင်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက်နေတာကြောင့် ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မင်းကင်းဘက်ကနေ သွားကြိုတဲ့ ကလေးဝဘက်က တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကား ၃ စီးနဲ့ ဧပြီ ၂၄ ရက်က မင်းကင်းဘက်ဆီကို မုံရွာ-ယာကြီး-ကလေးဝ လမ်းအတိုင်း လာတာဖြစ်ပြီး မိုင်တိုင်အမှတ် ၁၁၀ အနီးအရောက် ညနေ ၅ နာရီခန့်လောက်မှာ ကား ၁ စီး တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကားတိမ်းမှောက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ကလေးဝဘက်ကို ပြန်လည်သယ်ဆောင်သွားကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် လက်ပံတော(လက်ပတော)ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မတ် ၇ ရက်နေ့က စည်လှောင်ကျေးရွာအတွင်းမှာ ညအိပ်တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီနေ့ မနက်ပိုင်းကစတင်ပြီး ကျေးရွာတွေဘက်ကို လှည့်လည်စီးနင်းခြင်းတွေပြုလုပ်ခဲ့ကြရာကနေ လက်ပံတော (လက်ပတော) ကျေးရွာအတွင်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို ပစ်ခတ်ဝင်ရောက်လာစဥ်မှာ စစ်ရှောင်နေတဲ့ ပြည်သူအချို့ လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် သေဆုံးခဲ့ကြရသလို ထိခိုက်ဒဏ်ရာ ရသူလည်းရှိခဲ့တာလို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ အပြစ်မဲ့ပြည်သူ ၆ ဦးသေဆုံးခဲ့ရပြီး ၁ ဦးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
ကလေးငယ် ၂ ဦးနဲ့ မိခင် ၂ ဦးတို့ဟာ ကျေးရွာအတွင်းရှိ သူတို့ရဲ့ နေအိမ်တွေထဲမှာရှိနေစဥ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး သက်ကြီး ၂ ဦးကတော့ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းက ဓမ္မာရုံအတွင်းမှာ စစ်ရှောင်နေစဥ် လက်နက်ကြီးထိမှန်သေဆုံးခဲ့တာလို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ လက်ရှိအချိန်ထိ လက်ပံတော(လက်ပတော) ကျေးရွာအတွင်းမှာပဲ ရှိနေသေးပြီး စစ်ရေးတင်းမာမယ့် အနေအထားရှိတယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မတ် ၈ ရက်မနက်ပိုင်းကစပြီး ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတွေကို လှည့်လည်သွားလာကာ သေနတ်ပစ်ခတ်တာနဲ့ မီးရှို့တာတွေ ပြုလုပ်နေတာကြောင့် ကျေးရွာပေါင်း ၁၀ ရွာလောက် ဒေသခံပြည်သူတွေ နေအိမ်တွေမှာ မနေရဲကြဘဲ ထွက်ပြေးနေကြရပါတယ်။