close

စဉ့်ကူးမြို့

close

May 20, 2022

စဉ်ကူးမြို့နယ်တွင် ရဲကင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း မေ ၂၀ ရက် မနက်အစောပိုင်းက ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ဖောက်ခွဲမှုတွေကြောင့် မီးသတ်၊ ရဲနဲ့ စစ်သား အများအပြား ကျဆုံးဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။

စဉ့်ကူးမြို့နယ် ရွှေပြည်ရဲကင်းကို မေလ ၂၀ ရက် မနက်တနာရီခွဲလောက် ဒေသကာကွယ်ရေး ပူးပေါင်းတပ်က ၂၅ မိနစ်လောက် ပစ်ခတ်ခဲ့တာကြောင့် ရဲကင်းက စခန်းမှူး အပါအဝင် ရဲ ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဥဒေါင်းမင်းအဖွဲ့က ပြောပါတယ်။

အဲ့ဒီနောက် လာကူတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း လက်ပံလှကျေးရွာအနီးရှိ ငွေတောင်တိုးဂိတ်အနီးမှာ မနက်သုံးနာရီခွဲလောက် မိုင်းသုံးလုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ပေမဲ့ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကျန်တဲ့မိုင်းတွေကို ရှာဖွေရှင်းလင်းနေစဉ် မနက် ငါးနာရီလောက် ပေါက်ကွဲခဲ့တာကြောင့် သုံးဦး သေဆုံးသွားကြောင်း၊ ဒီနောက် မွန်းတည့် ၁၂ နာရီလောက် နောက်တကြိမ် ထပ်မံရှင်းလင်းရာမှာလည်း မိုင်းပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ပွင့် ဗိုလ်တဦး၊ လက်ပံလှမှ မီးသတ်ဦးစီးတဦး၊ မီးသတ်တပ်သားတဦး ထပ်မံသေဆုံးခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပကဖရဲ့ လက်အောက်ခံ ဥဒေါင်းမင်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"မနက်ကရှင်းတာ မအောင်မြင်လိုက်တော့ နေ့လယ်ပိုင်းတချက်ကို စက်သေနတ်နဲ့ရမ်းတာ၊ ရမ်းပြီးတော့မှ မိုင်းရှာတာ တွေ့သွားတော့ သူတို့ မီးသတ်ကား ခေါ်ပြီးတော့မှ ရှင်းတာ။ အဲ့မှာ မိုင်းက သုံးလုံးထကွဲသွားတော့ မီးသတ်သမားနှစ်ယောက်နဲ့ စ(--) နှစ်ပွင့်တယောက်နဲ့ လစ်သွားတာ။ လစ်သွားတော့ အဲ့မှာ သူတို့ အုံပြုံနေတဲ့အချိန်ကို ဒီက တခါ ထပ်ခွဲလိုက်တော့ ကျန်တဲ့လူတွေပါ အကုန်ထပ်လစ်တာ။"

ဒီတိုက်ခိုက်မှုကို စဉ့်ကူးမြို့နယ်အတွင်းက မဟာမိတ်တပ်ပေါင်းစုတွေ၊ မဟာမိတ်ဖြစ်တဲ့ မတ္တရာ(ပကဖ) နဲ့ လင်းယုန်တပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့ပြီး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စဉ့်ကူးမြို့နယ်အတွင်း ဧရာဝတီအနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေရဲ့ ပစ္စည်းတွေကို လုယက်ယူငင်တာတွေ လုပ်ဆောင်နေတာကြောင့် အစွမ်းကုန် တော်လှန်သွားမယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

တော်လှန်ရေးကာလအတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ လက်နက်အင်အား အင်မတန် နည်းပါးနေတာကြောင့် ဥဒေါင်းမင်းတပ်ဖွဲ့ကို အကူအညီပေးကြဖို့ကိုလည်း ဥဒေါင်းမင်းအဖွဲ့ရဲ့ တာဝန်ရှိသူက မေတ္တာရပ်ခံထားပါတယ်။

"ကျနော်တို့ကလည်း ဒါ အများကြီးမလိုပါဘူး၊ မောင်းပြန်တလက်ပဲ၊ ကျနော်တို့မှာ မောင်းပြန်တလက်ရရင် ဘုရားပေးတဲ့ ဆုလို့ပဲ ကျနော်တို့ မြင်တယ်ပေါ့ဗျာ။”

ဒီကနေ့ တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့နေရာတွေမှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်တာ၊ လမ်းကြောတွေ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူး တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

13 mins Ago

January 5, 2022

စဉ့်ကူးမြို့နယ် ကျေးရွာအချို့တွင် ခြိမ်းခြောက် ကျောင်းအပ်ခိုင်းနေ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာတချို့မှာ အခြေခံပညာအဆင့် ကျောင်းသားတွေကို ကျောင်းအပ်ကြဖို့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဆယ်အိမ်မှူးတွေက လိုက်လံဖိအားပေးနေတယ်လို့ စဉ့်ကူးနယ်ခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့ကနေစပြီး စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာမှာ  ကျောင်းသားတွေကို ကျောင်းအပ်ကြဖို့ အသံချဲ့စက်နဲ့ လိုက်လံ နှိုးဆော်ခဲ့တယ်လို့ သိရပါတယ်။

စဉ့်ကူးမြို့ခံတဦးက “ဒီရက်ပိုင်းကို နောက်ဆုံးထားပြီး ကျောင်းအပ်ဖို့နဲ့ ကျောင်းမအပ်ရင် မိဘတွေရဲ့ တာဝန်သာဖြစ်တယ်လို့ အသံချဲ့စက်နဲ့ လိုက်အော်တယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ကျောင်းသားမိဘတွေကို အစည်းအဝေးခေါ်ပြီး ကျောင်းလာအပ်ဖို့ ပြောကြားသလို ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေရဲ့ အမျိုးသမီးတွေက တစ်အိမ်တက်ဆင်း ကျောင်းအပ်ကြဖို့ လိုက်လံစည်းရုံးခဲ့ကြပြီး ကျောင်းမအပ်တဲ့သူတွေအနေနဲ့လည်း တခုခုဖြစ်လာပါက မိဘတွေရဲ့ တာဝန်သာဖြစ်ကြောင်း ခြိမ်းခြောက်တာတွေရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဆယ်အိမ်မှူး ၁ ဦးကို ကျောင်းသား ၃ ဦးရအောင် စုဆောင်းပေးဖို့ အတင်းအကျပ် ဖိအားပေးခံထားရကြောင်း၊ ကျောင်းသားမိဘတွေအနေနဲ့လည်း မိမိတို့ ကလေးကို ကျောင်းမထားပါက နေအိမ်ကို ဘူဒိုဇာနဲ့ လာဖျက်ဆီးမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိတယ်လို့ သိရပါတယ်။

အခုလို အတင်းအကျပ် ကျောင်းအပ်ကြဖို့ မလုပ်ဆောင်ခင်က ကျောင်းတွေမှာ ကျောင်းတက်သူ ကျောင်းသား ကျောင်းသူ ၂၀ ကနေ ၃၀ အတွင်းသာ ရှိခဲ့ပြီး လတ်တလော ခြိမ်းခြောက်ခံရပြီးနောက်မှာတော့ ကျောင်းအပ်သူ အများအပြားရှိလာတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

5 months Ago
Up