မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မင်းပန်းတောင်ပေါ်ကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့ထံက သိရပါတယ်။
ဧပြီ ၁၉ ရက်ကတည်းက စစ်ကောင်စီတပ်တွေဟာ စဉ့်ကူးမြို့နယ်၊ ပျဉ်းပင်ရွာဘက်ကနေ မင်းပန်းတောင်နဲ့ ထီးကျင်တောင်ဘက်သို့ စစ်ကြောင်းထိုးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးပြီးအပြန်မှာ မင်းပန်းတောင် ဘုန်းကြီးကျောင်းဝင်း အတွင်း ဧပြီ ၂၀ ရက်က ရောက်ရှိလာတဲ့အတွက် မနက် ၁၀ နာရီခွဲလောက်မှာ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒရုန်း ၃ စီးနဲ့ ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကလည်း ၈၀ မမနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာလည်း မုံရွာ-မန္တလေးလမ်းပိုင်းက မြောင်နယ်လမ်းဆုံက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အင်တာနက်လိုင်း အခက်အခဲကြောင့် ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့တာလို့ Royal Tiger Force တပ်ဖွဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
ဧပြီ ၂၀ ရက် ညနေ ၄ နာရီခန့်မှာ မုံရွာ-မန္တလေးလမ်းပိုင်း မြောင်နယ်လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီဂိတ်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တာလို့ Royal Tiger force ပြန်ကြားရေးတာဝန်ခံ ရဲဘော်စနေက ဆိုပါတယ်။
"လက်နက်ကြီးတွေနဲ့အချက် ၂၀၀ လောက်နဲ့ ရော့ကတ် ၁၀ လုံး ကျော်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၆ လုံးက ဒီကောင်တွေ ဘန်ကာတည့်တည့်ကို ကျတာ။ ၊အသေးစိတ်သေဆုံးမှုကိုတော့ စုံစမ်းနေတုန်းပါ။ ညနေ ၅ နာရီကျော်မှာ တပ်ဖွဲ့တွေ သေနတ်နဲ့ ဝိုင်းပစ်ခဲ့ပြီးတော့ တံတားဦးဘက်က Fighter တစ်စင်းတက်လာလို့ ပြန်ဆုတ်ခဲ့ရပါတယ်။''
တိုက်ခိုက်မှုအပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အကျအဆုံး မရှိဆုတ်ခွာ နိုင်ခဲ့တယ်လို့သိရပါတယ်။
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ သဲအင်းရွာမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့သတ်ဖြတ်သွားတဲ့ PDF ရဲဘော်တဦးနဲ့ ပြည်သူ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို မတ် ၁၅ ရက် ဒီနေ့ညနေ ရွာထဲမှာ တွေ့ခဲ့ရတယ်လို့ ဗိုလ်ကျားကြီးအဖွဲ့က ဗိုလ်ကျားကြီးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက အင်အား ၅၀ ကျော်နဲ့ သဲအင်းကျေးရွာထဲကို မတ် ၁၀ ရက်နေ့က တပ်စွဲဝင်ရောက်လာပြီးနောက် မတ် ၁၂ ရက်နေ့မှာ ပြည်သူ ၁၀ ဦးကျော်ကို ဓားစာခံဖမ်းဆီးခဲ့ပြီးနောက် မီးရှို့ခံထားရတဲ့ရုပ်အလောင်းတွေကို ဒီနေ့ တွေ့ခဲ့ရတာလို့ ပြောပါတယ်။
"စစ်ကောင်စီက ပြည်သူတွေကို ဖမ်းတာ၊ ဗိုလ်ကျားအဖွဲ့ထဲက ကလေးကိုလည်းဖမ်းမိသွားတာ။ ကလေးက စစ်ကောင်စီကို ပြန်တိုက်ဖို့ မိုင်းတွေထောင်တာ၊ ဒလန်ကပြလို့ ဖမ်းမိသွားတာ။ ဖမ်းမိသွားတာကို လက်ပြန်ကြိုးတုပ်၊ ခေါင်းတွေရိုက်၊ နှိပ်စက်၊ သေတဲ့ထိရိုက်ပြီးတော့ အရှင်လတ်လတ်မီးပုံရှို့သွားတာ၊ သုံးယောက်အသတ်ခံရတာ" လို့ ဗိုလ်ကျားက ပြောပါတယ်။
ဗိုလ်ကျားကြီးအဖွဲ့က PDF ရဲဘော်တဦးနဲ့ ဆွေမျိုးတော်စပ်သူ နှစ်ဦး အသတ်ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်က ဒီနေ့ညနေမှ ရွာထဲကနေ ထွက်တာကြောင့် အရိုးပြာကို ဒီနေ့မှ သွားယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကျေးရွာအတွင်းက ပြည်သူ ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်က သူတို့နဲ့အတူ မတ္တရာတပ်ကို ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။