မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးနဲ့ အကောက်ခွန်ဦးစီးဌာနရုံးမှာ ဇန်နဝါရီ ၃၁ ရက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ကျိုက်ထိုမြို့ ဘူတာလမ်းထိပ်က မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးမှာ ဇန်နဝါရီ ၃၁ ရက် မနက် ၉ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာကြောင့် မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံး ခြံစည်း ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။
ဒါ့အပြင် ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးဟာ ဇန်နဝါရီ ၃၁ ရက် မနက် ၁၀ နာရီခွဲလောက်ကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့လို့ စည်ပင်ရုံးအရှေ့က ပန်းခင်းထိခိုက်ပျက်စီးခဲ့သလို ရုံးအရှေ့ ကားလမ်းတစ်ဖက်ခြမ်းက ဈေးဆိုင်မှန် ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။
ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက မြို့ပေါ်ရပ်ကွက်တချို့မှာ လမ်းသွားလမ်းလာ ပြည်သူတွေ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း ကျိုက်ထိုမြို့နယ် EPC ရုံး ဗုံးပေါက်ကွဲခဲ့လို့ ဝန်ထမ်း ၄ ယောက် ဒဏ်ရာရရှိခဲ့တာပါ။