ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် စျေးအနီးက မြို့နယ် စည်ပင်ရုံးကို ဒီကနေ့ ဇန်နဝါရီ ၁၀ ရက် ညနေ ၃ နာရီ၀န်းကျင်က Yangon Underground Force အဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီရဲ့ တရားမ၀င် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူရာမှာ ပါ၀င်ကူညီပေးနေတဲ့ ထောက်ကြန့်စည်ပင်ရုံးအတွင်းက စစ်ကောင်စီတွေ နေရာယူထားတဲ့ ဘန်ကာအနီးကို လက်ပစ်ဗုံးတစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်တာတွေရှိတယ်လို့ Yangon Underground Force (YUF) ရဲ့ ဝာဝန်ခံ Leo က ပြောပါတယ်။
"အဓိက ကတော့ စစ်ကောင်စီရဲ့ ထောက်တိုင်ဖြစ်နေလို့ပါ။ စည်ပင်ရုံးဝင်းအတွင်းမှာ စခတွေ အမြဲရှိတဲ့ ဘန်ကာတွေထဲကို ပစ်ထည့်ခဲ့တာပါ။ ဘန်ကာတွေလည်းပျက်စီးသွားတယ်။ စခတွေ ထိခိုက်မှုကိုတော့ သေချာ မသိသေးပါဘူး။ ကျနော်တို့ ရဲဘော်တွေတော့ ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်ရှိနေပါပြီ" လို့ ဒီဗွီဘီကို ပြောပါတယ်။
အခုတိုက်ခိုက်မှုက YUF အဖွဲ့အနေနဲ့ ၂၀၂၃ ခုနှစ်ရဲ့ ပထမဆုံးမစ်ရှင်ဖြစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်တွေ မှန်သမျှကို ဖြိုချသွားမှာဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီစနစ်တခုလုံး ပြိုကျတော့မယ်လို့ ပြောပါတယ်။
တာဝန်ခံ Leo က "ဒီတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်တဲ့အတွက် အနိုင်အရှုံးကလည်း ပြည်သူတွေအပေါ်မှာမူတည်ပါတယ်ဗျ။ ပြည်သူတွေရဲ့ အကူအညီကြောင့် ကျနော်တို့တော်လှန်ရေးမီးတောက်ကြီးဟာအခုဆို အရှိန်အဟုန်ကောင်း ကောင်းနဲ့ စကစကို လောင်မြိုက်နေပါပြီ။ စကစ စနစ်တခုလုံး ပြာဖြစ်သွားဖို့ အချိန်သိပ်မကြာတော့ပါဘူး" လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့ ဆက်လက်တောင့်ခံပြီး ကူညီပေးကြဖို့နဲ့ စစ်ကောင်စီနဲ့ သူတို့ရဲ့လက်အောက်ခံအဖွဲ့တွေနဲ့ အဝေးမှာနေကြဖို့ကိုလည်း တိုက်တွန်း မေတ္တာ ရပ်ခံထားပါသေးတယ်။
ရန်ကုန် UG အဖွဲ့တွေအနေနဲ့ကလည်း စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲအတွက် ဘယ်နေရာကမဆို ပါဝင်နေသူတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့လည်း အဖွဲ့အသီးသီးက ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း၊ ချောက်မြို့မှာ ဇန်နဝါရီ ၅ ရက် မနက်ပိုင်းက မြို့နယ်စည်ပင်ရုံးနဲ့ လျှပ်စစ်ရုံးကို ပထမဦးဆုံးအကြိမ် သေနတ်နဲ့ ပစ်ခတ်သတိပေးခဲ့တယ်လို့ ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့-CGF ကနေ သိရပါတယ်။
CGF တာဝန်ခံ ဗိုလ်ဘကွန်းက “ချောက်မြို့နယ် စည်ပင်ရုံးကို မနေ့က မနက် ၆ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်ပစ်ဗုံးနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပေမဲ့ Error ဖြစ်သွားလို့ စည်ပင်ရုံးရဲ့မှန်တွေကို သေနတ်နဲ့ ၅ ချက် ပစ်ခတ်ဖောက်ခွဲဖျက်ဆီးခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီနောက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကိုလည်း သတိပေးတဲ့အနေနဲ့ သေနတ်နဲ့ ၃ ချက် ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘဲ စုံစမ်းနေတယ်လို့ ဆိုပါတယ်။
“အဲဒီလို သတိပေးရတာဟာ စည်ပင်ရုံးအနေနဲ့ ပြည်သူတွေဆီက အခွန်အခတွေမှာ သူတို့တောင်းချင်သလောက်တောင်းပြီး ရေမီတာတွေမှာကျတော့ သူတို့တွေက ပြည်သူတွေဆီက အခွန်အခတွေကို ဒဏ်ကြေးမြောက်မြားစွာ ပိုမိုတောင်းခံနေသလို ရေဘုံဘိုင်တွေကို တအိမ်ထောင် ၇၀,၀၀၀ ကျပ်နဲ့ လဲလည်ခိုင်းကာ ရေမီတာမဆောင်နိုင်တဲ့ သူတွေကို စစ်(...)၊ ရဲ(...)တွေ ခေါ်လာပြီး ရေဘုံဘိုင်တွေ ဖြုတ်သိမ်းတာတွေ ပြုလုပ်နေလို့ သတိပေးတဲ့အနေနဲ့ ပစ်ခတ်ခဲ့တာ” လို့ ဗိုလ်ဘကွန်းက ပြောပါတယ်။
မြို့နယ်လျှပ်စစ်ရုံးအနေနဲ့လည်း ပြည်သူတွေကို တနှစ်၊ တနှစ်ခွဲစာလောက်ရှိတဲ့ မီတာခွန်တွေကို နှစ်အလိုက် တနှစ်လုံးစာဆောင်ခိုင်းပြီး မဆောင်နိုင်တဲ့ မီတာတွေကို ဖြုတ်သိမ်းမယ်လို့ ခြိမ်းခြောက်ကာ အော်လန်တွေနဲ့ လိုက်အော်နေလို့ ပြည်သူလူထုအနေနဲ့ အခက်အခဲတွေဖြစ်နေပြီး မီးကလည်း ပုံမှန်မပေးနိုင်ဘဲ အခွန်အခတွေကို ဒဏ်ကြေးအပါ နိုင်ထက်စီးနင်းလုပ်ပြီး ကောက်ခံနေလို့ ပစ်ခတ်သတိပေးခဲ့တာလို့ ဆိုပါတယ်။
မြို့နယ်စည်ပင်ရုံးနဲ့ လျှပ်စစ်ရုံးက ဝန်ထမ်းတွေအနေနဲ့ နောက်နောင် စစ်ကောင်စီအလိုကျ သခင်အားရ ကျွန်ပါးဝ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် CGF ပြောက်ကျားတပ်ဖွဲ့အနေနဲ့ တွေ့ရာသင်္ချိုင်းဓားမဆိုင်း အပြတ်ရှင်းလင်းသွားမယ်လို့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာလည်း ဇန်နဝါရီ ၄ ရက် မွန်းလွဲပိုင်းက ဆိုင်ကယ်တွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
ပခုက္ကူမြို့နယ် ကန်တော်စာသင်ကျောင်းရှေ့မှာ ဇန်နဝါရီ ၄ ရက်က ခရီးသွားပြည်သူတွေရဲ့ မော်တော်ဆိုင်ကယ်တွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ အီနာဂါဗုံးသီး ၆ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီတိုက်ခိုက်မှုကြောင့် စစ်အုပ်စုတွေ ကစဥ်ကလျားဖြစ်ပြီး ထွက်ပြေးကြကာ စစ်(...) ၂ ယောက်နဲ့ ပျူ(...) တယောက် ဒဏ်ရာရရှိခဲ့ပြီး အဲဒီတိုက်ခိုက်ခဲ့တဲ့နေရာမှာ သွေးကွက်တွေလည်း တွေ့ရတယ်။ စစ်ကောင်စီဘက်က ဒဏ်ရာရရှိခဲ့တဲ့ လူနာတွေကိုတော့ ပခုက္ကူပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ဆေးဝါးကုသပေးနေတယ်လို့ သိရပြီး ကျနော်တို့ဘက်က ရဲဘော်တွေကတော့ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ပခုက္ကူမြို့နယ်အတွင်းက မြို့ဝင်မြို့ထွက်ဂိတ်တွေနဲ့ အချက်အချာကျတဲ့ နေရာတွေမှာ စစ်အုပ်စုတွေက နေ့စဥ်ရက်ဆက် ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ပြီး အပြစ်မဲ့ ပြည်သူတွေကို PDF၊ PDF ထောက်ပံ့သူ၊ မမှန်သတင်းရေးသားဖြန့်ဝေသူလို့ စွပ်စွဲကာ ဖမ်းဆီး တရားစွဲတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။