close

စည်ပင်သာယာရုံး အမှုဆောင်အရာရှိအိမ်

close

December 25, 2021

ပြည်မြို့ခံ လူငယ်၄ ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်များချမှတ်

ပဲခူးတိုင်း၊ ပြည်မြို့နယ် စည်ပင်သာရုံးဝင်းထဲက  အမှုဆောင်အရာရှိအိမ်ကို ဗုံးခွဲခဲ့တဲ့ လူငယ်   ၄ ယောက်ကို  အကျဉ်းထောင်ထဲမှာ ၇ လကျော်ကြာ ဖမ်းဆီးထားပြီးနောက်  ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေ အသီသီးချမှတ်လိုက်တယ်လို့ ပြည်မြို့ အကျဉ်းထောင်ကနေ သိရပါတယ်။ 

ပြည်မြို့ခံလူငယ်တွေဖြစ်တဲ့  ကိုထွန်းဘုန်းမြင့်မြတ်ကို  ထောင်ဒဏ်  ၄၄ နှစ်၊  ကိုဟိန်းမြတ်ကို ၃၅ နှစ်၊ ကိုထွန်းလတ်ကို ၃၅ နှစ်နဲ့ ကိုအောင်ဖြိုးထက်(ခ)ဓာတ်ခဲကို ထောင်ဒဏ် ၁၇ နှစ် အသီးသီး စစ်ကောင်စီတရားရုံးက ပြစ်ဒဏ်ချလိုက်တာလို့  ပြည်ထောင်ဝန်ထမ်းတယောက်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၁၉ ရက် မနက် ၉ နာရီကျော်လောက်မှာ ပြည်မြို့ ကမ်းနားလမ်း၊ စည်ပင်သာယာရေးရုံးဝင်းထဲမှာနေတဲ့ အမှုဆောင်အရာရှိ ဦးအောင်မြင့်ဌေး နေအိမ်ကို လက်လုပ်ဗုံး ၃ လုံးနဲ့ ပစ်ပေါက်ခဲ့ရာမှာ  ၂ လုံးက ပေါက်ကွဲခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့  မြို့ခံ လူငယ် ၄ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး  ပြည်အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားခဲ့ကာ ထောင်တွင်း အထူးတရားရုံးပြုလုပ်စစ်ဆေးခဲ့ပြီး  အခုလို အမိန့်ချလိုက်တာဖြစ်ပါတယ်။ 

တရားလွှတ်တော်ရှေ့နေတယောက်က  “ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မနဲ့ပဲ ချတာ။ တမှုထဲမှာ  ၄ ယောက်၊ နောက်ထပ်လည်း  ၄ မှုကျန်သေးတယ်။ သူတို့ကို ပြည်ခရိုင်အထူးတရားရုံး တရားသူကြီး ဦးဇေယျာတင့်ညိုက အမိန့်ချတာ”လို့ ပြောပါတယ်။

လူငယ် ၄ ယောက်ကို ပြည်ထောင်အာဏာပိုင်တွေက  ထောင်ထဲမှာရှိတဲ့ ပုဒ်မ ၅၀၅ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အတူမထားဘဲ ထောင်တွင်း ပြစ်ဒဏ်ကျခံနေရတဲ့ ရာဇ၀တ်သားနဲ့အတူ သီးခြားတိုက်ဝင်းထဲမှာ ထားပါတယ်။

ပြည်မြို့ အကျဉ်းထောင်ထဲမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ တခြားနိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံနေရသူ အယောက်  ၁၅၀ လောက်ရှိတယ်လို့ ပြည်ထောင်က လွတ်မြောက်လာသူတွေ ထံက သိရပါတယ်။

2 mins Ago
Up