close

စည်ပင်ဥက္ကဋ္ဌဟောင်း

close

December 25, 2022

တောင်ကုတ်တွင် အကြမ်းဖက်မှုဖြင့် စွဲချက်တင်ခံရသည့် စည်ပင်ဥက္ကဋ္ဌဟောင်း အာမခံဖြင့် ပြန်လွတ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ စွဲချက်တင်ခံထားရတဲ့ စည်ပင်ကော်မတီ ဥက္ကဋ္ဌဟောင်း ဦးဇေယျကျော်ကို ဒီဇင်ဘာ ၂၃ ရက် ညနေမှာ တောင်ကုတ်မြို့နယ် တရားရုံးကနေ အာမခံနဲ့လွှတ်ပေးလိုက်ကြောင်း မိသားစုနဲ့ နီးစပ်သူထံက သိရပါတယ်။

တောင်ကုတ်အခြေစိုက် စကခ(၅) တပ်မ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဦးဇေယျကျော်ကို အာမခံ လူပုဂ္ဂိုလ်  ၃ ယောက်နဲ့ လာရောက်ထုတ်မှ ပြန်လွှတ်ပေးမယ်လို့ မိသားစုထံ အကြောင်းကြားခဲ့လို့ မနေ့က ရုံးချိန်မှာ သူ့မိတ်ဆွေတွေက သွားရောက်ပြီးအာမခံနဲ့ ထုတ်ယူခဲ့တာ ဖြစ်ပါတယ်။

 ဦးဇေယျကျော်ရဲ့မိသားစုနဲ့ နီးစပ်သူတဦးက"အာမခံနဲ့လွှတ်လိုက်တာပါ။ အမှုကတော့ တရားရုံးမှာ ဆက်ပြီးရင်ဆိုင်ရအုံးမှာလေ။ သူဖမ်းဆီးခံခဲ့ရကတည်းက မိသားစုတွေနဲ့ တွေ့ခွင့်မရခဲ့ဘူး။ သူကို အာမခံ လိုချင်ရင် လူ ၃ ဦးအာမခံနဲ့ လာခဲ့ပါလို့ စစ်ကောင်စီကခေါ်ပြောလို့ မိတ်ဆွေ အပေါင်းအသင်းတွေ မနေ့က ရုံးချိန်းမှာ အာမခံပြီး သွားထုတ်ခဲ့ကြတာပါ။"လို့ ပြောပါတယ်။

ဦးဇေယျကျော်ကို နိုဝင်ဘာ ၈ ရက်မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကလေးကစားကွင်းမှာ အကြောင့်မဲ့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ အမှုဖွင့်လှစ်ပြီး တရားစွဲတင်ခံရတာ ဖြစ်ပါတယ်။

သူ့ကို မဖမ်းခင် နိုဝင်ဘာ ၄ ရက် ညနေပိုင်းကလည်း ဦးဇေယျာ​ကျော်ရဲ့ ညီ ဖြစ်သူ ကိုမိုက်ကယ်(ခေါ်) ကိုစည်သူကျော်ဇင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလကုန်ပိုင်းမှာ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

မိသားစုဝင်တစ်ဦးက"ဇေယျာ​ကျော်က နှစ်ခါ အဖမ်းခံရပြီး အမူဖွင့်တရားစွဲခံခဲ့ရတာ။   အန်အယ်ဒီအစိုးရလက်ထက်မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ အမူဖွင့် တရားစွဲခံခဲ့ရပြီး အကျဥ်းချခံခဲ့ရပြီး ပြန်လွတ်လာခဲ့တာ။ အခု စစ်ကောင်စီလက်ထက်မှာပြန်အဖမ်းခံရပြီး တရားစွဲတင်ခံခဲ့ရတာပါ။"လို့ ဆိုပါတယ်။

ဦးဇေယျကျော်ဟာ တောင်ကုတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဟောင်းဖြစ်ပြီး ၂၀၂၀ မှ ၂၀၂၁ အထိ ရက္ခိုင့်တပ်နဲ့ ဆက်စပ်တယ်ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့  ၁ နှစ် နီးပါးကြာ မတရား အကျဥ်းကျခံခဲ့ရပြီး အခုတဖန် တရားစွဲခံရပြီးနောက် အာမခံနဲ့ ပြန်လွတ်လာတာ ဖြစ်ပါတယ်။

9 mins Ago
Up