close

စည်လှောင်ကျေးရွာ

close

March 8, 2022

ယင်းမာပင်တွင် စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်မီးရှို့နေသဖြင့် ကျေးရွာ ၁၀ ခန့် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ စစ်​ကောင်စီတပ်ဖွဲ့က စည်​လှောင်​ကျေးရွာအပါအဝင် ​အခြားကျေးရွာ​တွေကိုပါ လှည့်လည်ဝင်​ရောက်​နေတာ​ကြောင့် ​ဒေသခံပြည်သူတွေ ထွက်​ပြေး​နေကြရတယ်လို့ သိရပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့တွေဟာ မတ် ၇ ရက်​နေ့က စည်​လှောင်​ကျေးရွာအတွင်းကို ဝင်​ရောက်လာခဲ့တာဖြစ်ပြီး ဒီ​နေ့မနက် ၆ နာရီဝန်းကျင်​လောက်က​စပြီး ​စည်​လှောင်​ကျေးရွာကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကာ စတင်တပ်ဖြန့်လာခဲ့တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။ 

ဒါ့အပြင် စစ်​​ကောင်စီတပ်ဖွဲ့တွေဟာ စစ်​ဘေး​ရှောင်ပြည်သူတွေရဲ့​နောက်ကိုလည်း လိုက်လံပစ်ခတ်​တာတွေ ပြုလုပ်ခဲ့ကြသလို စစ်​ရှောင်တဲတွေကိုလည်း မီးရှို့ခြင်း​တွေပြုလုပ်​နေတာကြောင့် ​ဒေသခံပြည်သူ​တွေ အခက်အခဲတွေ နဲ့ ရင်ဆိုင်​နေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ စည်​လှောင်​ကျေးရွာနဲ့အနီးတဝိုက်မှာရှိတဲ့ ​ကျေးရွာမတွေနဲ့ အခြား​ကျေးရွာတွေကို စစ်​ကောင်စီတပ်ဖွဲ့က လှည့်လည်ဝင်​ရောက် ဒုက္ခ​ပေးနိုင်တာ​ကြောင့် အခြား​ဒေသမှာရှိတဲ့ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့​​တွေအ​နေနဲ့ ထကြွ​ပေးကြဖို့ကိုလည်း ​ဒေါင်းမင်း PDF အဖွဲ့​ခေါင်း​ဆောင် ဗိုလ်စက္ကက တိုက်တွန်းလိုက်ပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ဟာ လက်ရှိအချိန်ထိ စည်​လှောင်​ကျေးရွာ၊ ​အောင်ချမ်းသာ​ကျေးရွာနဲ့ ​အောင်ချမ်း​အေး​ကျေးရွာတို့ကို ဝင်​ရောက်ဖျက်ဆီးခဲ့ကြသလို လက်ပံ​တော​(လက်ပ​တော)ကျေးရွာကိုလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်ဝင်​ရောက်ခဲ့ကာ ထိခိုက်ပျက်စီးဆုံးရှုံးမှုအ​ခြေ​နေကို​တော့ မသိရ​သေးဘူးလို့ ​ဒေသခံ​​တွေက ​ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ လှည့်လည်လှုပ်ရှားသွားလာ​နေတာ​ကြောင့် လက်ရှိအချိန်ထိ ​ကျေးရွာ​ပေါင်း ၁၀ ရွာ​ကျော်က ​ဒေသခံပြည်သူ​တွေ ထွက်​ပြေး​နေကြရတယ်လို့ ဆိုပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့များဟာ မတ် ၇ ရက်​နေ့တုန်းကလည်း ဘန့်​ဘွေး ထန်းဇင်​တောပြင်​နေ ထန်းတက်သမား ၁ ဦးကိုလည်း ဖမ်းဆီး​ခေါ်​ဆောင်သွားတာခံခဲ့ပြီး ဒီ​နေ့ချိန်အထိ ပြန်လည်လွတ်​မြောက်လာခြင်းမ​ရှိ​သေးသလို အဆက်အသွယ်မရဖြစ်​နေတယ်လို့ သိရပါတယ်။

6 mins Ago

June 6, 2021

ယင်းမာပင်မြို့နယ် စည်​စွဲ​တောင်အနီး ပစ်ခတ်မှုကြောင့် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စည်​လှောင်​ကျေးရွာအနီးက စည်စွဲ​တောင်​မှာ ဇွန်လ ၆ ရက်​မနက်က အကြမ်းဖက်စစ်​ကောင်စီတပ်နဲ့ ​ပြည်သူ့ကာကွယ်​ရေးအဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပြီး ဒေသခံ ၁ ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ လောက်ဟာ  ဇွန် ၆ ရက်နေ့ မနက် ၁၀ နာရီ​ကျော်​လောက်က ​စည်​လှောင်ရွာဘက်ကို ​​ခြေလျင်တက်လာတာဖြစ်ပြီး စည်​လှောင်ရွာအနီးက စည်စွဲ​တောင်အ​နားမှာ ပြည်သူ့ကာကွယ်​ရေးအဖွဲ့တွေနဲ့ ပစ်ခတ်မှု စတင်ခဲ့တာဖြစ်ပွားခဲ့တာပါ။

“စစ်​ကောင်စီဘက်က လက်နက်ကြီး​တွေနဲ့ပါ ပစ်ခတ်တာ​တွေရှိတယ်။ စနိုက်ပါနဲ့ ပစ်ခံရလို့ စည်​လှောင်​ကျေးရွာက ကိုရင်​မောင်က​တော့ လည်ကုပ် ၁ ချက်နဲ့ လက်ပြင် ၁ ချက်ထိပြီး ​သေဆုံးသွားတယ်။ သူ့အသက်က​တော့ ၁၇-၁၈ ဝန်းကျင်​လောက်ပဲ ရှိမယ်”လို့ ဒေသခံပြည်သူတဦးက ​ပြောပါတယ်။

လက်ရှိအချိန်ထိ ​ဒေသခံပြည်သူ ၁ ဦးထက်မနည်း ဒဏ်ရာရရှိထားတယ်လို့ သိရပြီး ပစ်ခတ်မှု​တွေက​တော့ ဖြစ်​နေဆဲပဲလို့ ​ဒေသခံတွေက ​ပြောပါတယ်။

စစ်​ကောင်စီဘက်က စစ်အင်အား ထပ်မံဖြည့်တင်း​မှု​တွေ ရှိနေသလို ပစ်​ခတ်မှု​တွေ​ကြောင့် ​အနီးတဝိုက်မှာရှိတဲ့ ကျေးရွာ​​တွေက ​​ဒေသခံပြည်သူ​တွေ အိမ်မှာမ​နေရဲဘဲ ထွက်​ပြေး​နေကြရပါတယ်။

9 months Ago
Up