အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ “ဘယ်တော့မှ လက်မလျှော့ဘူး”လို့ ပင်တဂွန်မှာ ကျင်းပတဲ့ 9/11 နိုင်းအလဲဗင်း အထိမ်းအမှတ် အခမ်းအနားမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကပြောလိုက်ပါတယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အမေရိကန်နိုင်ငံကို အယ်လ်ကိုင်ဒါရဲ့ တိုက်ခိုက်မှုအပေါ် အမေရိကန်က စည်းစည်းလုံးလုံးတုံ့ပြန်မှုကို အောက်မေ့သတိရတယ်လို့လည်း တိုင်တည် ပြောဆိုခဲ့ပါတယ်။
"ဒီမှောင်မိုက်တဲ့နေ့ရက်တွေကြားထဲမှာ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ခဲ့ကြတယ်။ အတူတူ ကျော်ဖြတ်ခဲ့ကြတယ်" လို့ဘိုင်ဒန်က ပြောပါတယ်။
အယ်လ်ကိုင်ဒါအကြမ်းဖက်သမားတွေဟာ နယူးယော့ခ်မြို့မှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မျှော်စင်ညီနောင်နဲ့ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့မှာရှိတဲ့ ပင်တဂွန်စစ်ဌာနချုပ်ဆီ လေယာဉ်နဲ့ တိုက်ချခဲ့တာမှာ တိုက်ခိုက်မှုအတွင်း လူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။
United လေကြောင်းလိုင်း Flight 93 ကတော့ ခရီးသည်တွေက ပြန်ပေးသမားတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်အပြီး ကွင်းပြင်တစ်ခုအတွင်း ထိုးချခဲ့လို့ လေယာဉ်ပျက်ကျခဲ့တဲ့အတွက် တခြားပစ်မှတ်ကို မထိမှန်ဘဲ ကာကွယ်နိုင်ခဲ့ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ထဲကို ပျက်ကျခဲ့တဲ့ အမေရိကန်လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၇၇ မှာ လူ ၅၉ ဦး လိုက်ပါလာပြီး အဲဒီနေ့မှာပဲ အဆောက်အအုံထဲမှာ သေဆုံးသူ ၁၂၅ ဦး ရှိခဲ့ပါတယ်။