close

စတင်ပိတ်

close

December 6, 2022

လှိုင်သာယာတွင် ဆိုင်ကယ်စီးနင်းခွင့် စတင်ပိတ်ပင်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဒီဇင်ဘာ ၆ ရက် ဒီနေ့ကစပြီး အများပြည်သူတွေ ဆိုင်ကယ်စီးနင်းမောင်းနှင်ခွင့် တရားဝင် ပိတ်သိမ်းလိုက်ပြီလို့ အုပ်ချုပ်ရေးမှူးရုံးတွေက ရပ်ကွက်အတွင်း လှည့်လည်သတိပေးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။ 

လူနေထိုင်ရာ ရပ်ကွက်တွေနဲ့ အဓိကကားလမ်းမကြီးတွေ ဝေးကွာတာကြောင့် ဒေသခံတွေဟာ ဆိုင်ကယ်ကို အဓိက အားထားအသုံးပြုနေရပြီး  ဆိုင်ကယ် စီးခွင့်ပိတ်လိုက်တာဟာ သွားလာရေး အလွန်ခက်ခဲသွားတယ်လို့ လှိုင်သာယာမြို့ခံတွေက ပြောပါတယ်။ 

လှိုင်သာယာမြို့ခံ တဦးက “ အခက်အခဲကတော့ လမ်း‌လျှောက်သွားနိုင်သွား။ မသွားနိုင်ရင် သုံးဘီးဆိုင်ကယ် စီးရမှာ။ ဒါပေမဲ့  သုံးဘီးလည်း မထင်ရင် ဖမ်းတာကို တွေ့ရပါတယ်။ ပိုက်ဆံ ကုန်တာ အတူတူပါပဲ၊ တယောက် တစ်ထောင်ပါ၊ သွားလာရေးခက်တာကတော့ သုံးဘီးဆိုင်ကယ် ခေါ်ဖို့ ခက်တာမျိုး ဖြစ်မယ်” လို့ ပြောပါတယ်။ 

အရပ်သားတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေကို ဆိုင်ကယ်စီးပြီး သတ်ဖြတ်သူတွေ ရှိတာကြောင့် မြို့နယ်ထဲနဲ့ ရပ်ကွက်ကျေးရွာပါမကျန် ဆိုင်ကယ်စီးခွင့်တားမြစ် လိုက်တာလို့ အုပ်ချုပ်ရေးအဖွဲ့ အသိပေးစာမှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ဆိုင်ကယ် စီးနင်းမောင်းနှင်သူတွေကို အရေးယူကာ ဆိုင်ကယ်ပါ သိမ်းမယ်လို့ ဆိုထားပါတယ်။ 

ဒေသခံ တဦးက “အခြေခံလုပ်ခစားတွေမို့ ဆိုင်ကယ် မသုံးမဖြစ်တော့ သုံးနေရမှာပါပဲ။ အရင်ကလည်း စာတွေ ထုတ်ပြန်တယ်။ ဖမ်းတာတွေလည်း ရှိတယ်ဆိုပေမဲ့ အခုလို တိတိပပကြီး ကြေညာတာမျိုးမရှိဘူး။ ဆိုင်ကယ်မောင်းတဲ့သူတွေကတော့ အများကြီးဆိုတော့ တနည်းမဟုတ်တနည်းတော့ အသုံးပြုနေကြဦးမယ်လို့ ထင်ပါတယ်။ ဆိုင်ကယ်ဖမ်းမိလို့ အရေးယူတာမျိုးဆိုရင်တော့ ကိုယ့်ဘာသာ ညှိနှိုင်းလို့ရချင်ရမယ် အခြေအနေက မစိုးရိမ်ရဘူးလေ။ ဒါပေမဲ့ ပစ်ခတ်ဖမ်းဆီးလာမှာ စိုးရိမ်တယ်” ဆိုပါတယ်။ 

နိုဝင်ဘာလကလည်း ရန်ကုန်တိုင်းထဲက ခရမ်း၊ သန်လျင်၊ တွံတေးနဲ့ ဒလမြို့နယ်တွေကို စစ်ကောင်စီက ဆိုင်ကယ်စီးခွင့် ပိတ်တယ်လို့ ကြေညာခဲ့ပေမဲ့ အခုလို သတိပေးတာတွေတော့ မရှိသေးဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

31 mins Ago
Up