close

စတိတ်ရှိုးပွဲ

close

December 8, 2022

စစ်ကောင်စီကကျင်းပမည့် ရခိုင်ပြည်နယ်နေ့ စတိတ်ရှိုးပွဲ ဝေဖန်မှု မြင့်တက်နေ

၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် စစ်ကောင်စီက ထင်ရှားကျော်ကြားတဲ့ ရခိုင် အဆိုတော် ၆ ဦးအပါဝင် အဆိုတော်ပေါင်းများစွာနဲ့ စတိတ်ရှို့ပွဲ ကျင်းပဖို့ စီစဉ်နေတဲ့အပေါ် ဒေသခံတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေကြပါတယ်။

ရခိုင်ပြည်နယ်နေ့ပွဲကို ရခိုင်ပြည်နယ်က နာမည်ကြီးအဆိုတော်တွေနဲ့ စင်တင်စတိတ်ရှိုးအပါဝင် အားကစားပြိုင်ပွဲတွေနဲ့ ကျင်းပမယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ကြေညာထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့အကြား ၄ လကျော်ကြာ ဖြစ်ပွားခဲ့တဲ့ တကျော့ပြန်တိုက်ပွဲရပ်စဲထားတာ ရက်ပိုင်းသာရှိသေးတဲ့အပြင်  ပြည်သူတွေ စစ်ဒဏ်ရာတွေ မပြေပျောက်နိုင်သေးတဲ့အချိန်မှာ စစ်ကောင်စီကကျင်းပမယ့် စတိတ်ရှိုးပွဲမှာ သွားရောက်ဖြေဖျော်တာက ရခိုင်ပြည်သူတွေကို စော်ကားရာရောက်တယ်လို့ ဒေသခံ လူ့အခွင့်အရေးဆောင်ရွက်နေသူ တစ်ဦးကပြောပါတယ်။

"စစ်ကောင်စီ ကျင်းပမယ့် ရခိုင်ပြည်နယ်နေ့ပွဲမှာ ရခိုင်က နာမည်ကြီး အဆိုတော်တွေ ပါမယ်ကြားတော့အံသြသွားတာပေါ့။ တိုက်ပွဲရပ်တာ တလမပြည့်သေးဘူး။ အသက်သေကျေသွား သူတွေရဲ့သွေးတွေမခြောက်သေးဘူး။ စစ်ဘေးရှောင်တွေ နေရပ်မပြန်ကြရသေးဘူး။ ဒီလိုအချိန်မှာ စစ်ကောင်စီက ပေးတဲ့ငွေနည်းနည်းလေးကိုမက်ပြီး စစ်ကောင်စီ အလိုကျ သီချင်းဆိုကြမယ်ဆိုရင်လည်းသူတို့ရဲ့ သမိုင်းပဲ။ ဒီလိုပြည်သူတွေကို ရက်ရက်စက်စက်သတ်ထားတဲ့ သူတွေနဲ့ အတူပေါင်းပြီး ပွဲမှာသွားရောက်ဖြေဖျော်တယ်ဆိုတာက ရခိုင်ပြည်သူတွေကို တမင်တကာစော်ကားလိုက်တာ" လို့ ပြောပါတယ်။

စစ်ကောင်စီက ကျင်းပမယ့် ၄၈ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် စင်တင်စတိတ်ရှိုးမှာ ရခိုင်အဆိုတော်ကြီးတွေဖြစ်ကြတဲ့  ဦးမောင်သိန်း၊ မြတ်ခိုင်ကျော်၊ ညှာစိမ်းခိုင်၊ ရီလှိုင်းပြာ၊ စစ်ငြိမ်းနိုင်၊ စောနှင်းနွယ်နဲ့ အဆိုတော်များစွာက ပါဝင်​ဖျော်ဖြေသွားမယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်နယ်အတွင်းက စစ်ဘေးရှောင်းတွေကို ကူညီထောက်ပံ့မှုတွေ တစ်ခုမှ မလုပ်ဘဲ ပွဲလမ်းသဘင်အတွက် ငွေကြေးမြောက်မြားစွာသုံးနေတာက ပြည်သူကို ကိုယ်စားမပြုတာဖြစ်တယ်လို့ လူမှုကူညီရေး ဆောင်ရွက်နေသူတစ်ဦးကပြောပါတာ်။

" ရခိုင်ပြည်နယ် စစ်ကောင်စီက ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်တွေ သိန်းနီးပါးရှိနေသေးတယ်။ အဲဒီ စစ်ရှောင်တွေအတွက်တွေ ဘာထောက်ပံ့မှုမှလုပ်တာမရှိဘူး။ အခု ပွဲချဖို့အတွက် ငွေကြေးများစွာသုံးတော့ ဒါက ပြည်သူအတွက်ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်မဟုတ်ဘူးဆိုတာ ထင်ရှားစေတယ်။ အခု ဝင်ရောက်ဆိုမယ် အဆိုတော်တွေကလည်း ပြည်သူတွေဒုက္ခရောက်ချိန်မှာ ဘာအသံမှမထွက်ကြဘူး။ စစ်ကောင်စီက ပွဲလုပ်မယ်ဆိုတော့ သီချင်းဆိုကြမယ်ဆိုရင်လည်း သူတို့ရဲ့လုပ်ရပ်က သူတို့သမိုင်းပေါ့ဗျာ" လို့ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ မိုင်းဒဏ်ကြောင့် အရပ်သား သေဆုံးသူ ၅၀ နီးပါးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၂၀ နီးပါးအထိရှိခဲ့ပါတယ်။

လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်မှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ ၉၀,၀၀၀ ကျော်ရှိနေသေးတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုရုံး UNOCHA က ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဓာတ်ပုံ- သိကြားစေချင်ငွေသဇင်

15 mins Ago

October 24, 2022

ဖားကန့်တွင် ကေအိုင်အို ၆၂ နှစ် ပြည့်အထိမ်းမှတ် စတိတ်ရှိုးပွဲကို စစ်တပ် ဗုံးကြဲ၊ ကချင်အနုပညာရှင်များအပါအ၀င် ၅၀ ကျော်သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့၊ ကေအိုင်အေ တပ်မဟာ ၉ မှာ  အောက်တိုဘာ ၂၃ ရက်က  ကေအိုင်အိုရဲ့ ၆၂ နှစ်ပြည့် အထိမ်းမှတ်နေ့အကြို ညပိုင်း စတိတ်ရှိုးပွဲ ကျင်းပနေချိန်  စစ်ကောင်စီက လေယာဉ်နဲ့‌ ဗုံးကြဲလို့  ကချင်အနုပညာရှင်တွေအပါအ၀င် အယောက်  ၅၀ ထိခိုက် သေဆုံးသွားတယ်လို့ ကေအိုင်အေနဲ့  ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံလူကြီးတဦးက "မနေ့ည ၈ နာရီလောက်မှာပါ။ စစ်ကောင်စီဘက်က လေယာဉ်သုံးစင်းနဲ့ ဗုံးကြဲလာတယ်။ အဲဒီအချိန် အဆိုတော်အောင်ရာလီ သီချင်းဆိုတဲ့အချိန်ကြီးမှာ ဗုံးလာကြဲတာ။ အောင်ရာလီက ပွဲချင်းပြီး သေဆုံးတယ်။ ။ အားလုံး ၅၀ ကျော် သေတယ်။ ထိခိုက်ဒဏ်ရာရတာက ၅၀ အထက်ရှိတယ်"လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် တပ်မဟာ ၉၊ တပ်ရင်း ၆က ကေအိုင်အေ လူကြီးတချို့လည်း သေဆုံးသွားတယ်လို့  ကေအိုင်အေအရာရှိ တဦးက ပြောပါတယ်။

"တပ်ရင်း ၆ လူကြီး၊ တပ်မဟာ ၉ လူကြီးတချို့လည်းပါသွားတယ်။ ထမင်းချက်လိုက်လာတဲ့ မိခင်တွေ၊ လောပန်းတွေ၊ ကချင်အဆိုတော်၊ မင်းသားတွေနဲ့ ဖိတ်ကြားထားတဲ့ပြည်သူတွေ ထိခိုက်သွားတယ်။ ဒါက လူမျိုးတုံးသတ်ဖြတ်ခံတာပါ။”

ဖားကန့်မှာ  ကေအိုင်အေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေချိန်မှာ  ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)ရဲ့ ၆၂နှစ်ပြည့်အထိမ်းမှတ်ပွဲပြုလုပ်နေတာကို ကချင်ပြည်သူတချို့က ဝေဖန်နေကြပါတယ်။

"ခုချိန်က ပွဲကျင်းပရမဲ့အချိန်မဟုတ်ဘူး။ တနိုင်ငံလုံးက စစ်အာဏာရူးတွေကို တော်လှန်ချိန်ကြီးမှာ ပွဲလုပ်တယ်။ ပွဲစီစဉ်သူတွေ ဘယ်လိုဦးနှောက်နဲ့စီစဉ်တာပေါ့လေ။ ခုဖြစ်ရပ်အတွက် ၀မ်းနည်းစရာတောင် မရှိရလောက်အောင် ခံစားရတယ်။ ဒီဖြစ်ရပ်က ကချင်လူမျိုးကို လူမျိုးတုံးသတ်ဖြတ်တာဖြစ်တယ်လို့" ကချင်ပြည်သူတစ်ဦးကလည်းဆိုပါတယ်။

ကချင်ပြည်နယ် နေရာအနှံ့အပြားမှာ KIA၊PDFပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး  အခုရက်ပိုင်းက မိုးမောက်မြို့နယ်မှာ တိုက်ပွဲ ၃ ရက်ဆက်ဖြစ်ကာ စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

2 months Ago
Up