ဝင်း အပန်းဖြေစခန်းတွေရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်းနဲ့ လောင်းကစားလုပ်ငန်းရှင် သူကြွယ်ကြီး စတိဗ်ဝင်းကို တရုတ်သူလျှိုအဖြစ် ဆောင်ရွက်မှုနဲ့ အမေရိကန် တရားရေးဌာနက မေ ၁၇ ရက်မှာ တရားစွဲလိုက်ပါတယ်။
၂၀၁၇ ခုနှစ်က တရုတ်ပြည်မကြီးအစိုးရရဲ့ စေခိုင်းချက်အရ အဲဒီအချိန်က သမ္မတဖြစ်နေတဲ့ ဒေါ်နယ်ထရမ့်ကိုလည်း စည်းရုံးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဝင်းရဲ့ ရှေ့နေတွေကတော့ စွဲချက်တွေကို ငြင်းထားပြီး သူဟာ ဘယ်တုန်းကမှ တရုတ်အစိုးရ သူလျှိုအဖြစ် အလုပ်မလုပ်ဖူးဘူး၊ 'နိုင်ငံခြားအေးဂျင့်များ မှတ်ပုံတင်ခြင်း အက်ဥပဒေ' (FARA) အရ မှတ်ပုံတင်ဖို့လည်း တာဝန်မရှိဘူးလို့ ပြောပါတယ်။
၂၀၁၇ ဇွန်လကနေ ဩဂုတ်လကြားမှာ ဝင်းဟာ ထရမ့်နဲ့ရော သူ့ရဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေနဲ့ပါ တွေ့ဆုံခဲ့ပြီး အမေရိကန်မှာ ခိုလှုံခွင့်တောင်းထားတဲ့ တရုတ်စီးပွားရေးသမားတဦးရဲ့ ပြည်ဝင်ခွင့်ဗီဇာကို ထရမ့်က ပယ်ဖျက်ပေးဖို့ တရုတ်တောင်းဆိုချက်ကို ပေးပို့ခဲ့တယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။
FARA လက်အောက်က တရုတ်အေးဂျင့်အဖြစ် စာရင်းသွင်းဖို့ ဝင်းကို ၂၀၁၈၊ ၂၀၂၁ နဲ့ ဧပြီ ၂၀၂၂ ခုနှစ်တွေမှာ အကြံပေးခဲ့တယ်လို့ ဌာနရဲ့ အရပ်ဘက်တရားစွဲဆိုမှုမှာ စွပ်စွဲခဲ့ပေမဲ့ ဝင်းကတော့ ငြင်းဆိုခဲ့ပါတယ်။
သူဌေးကြီးဝင်းဟာ ၂၀၁၈ ခုနှစ် အစောပိုင်းမှာ ဝင်းအပန်းဖြေစခန်းတွေရဲ့ စီအီးအိုရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
အမေရိကန်ရဲ့ မူဝါဒ ဆုံးဖြတ်ချက်တွေကို ဩဇာလွှမ်းအောင် လုပ်ဖို့ နိုင်ငံခြားအစိုးရက အမေရိကန်နိုင်ငံသားတယောက်ကို သူ့သူလျှိုအဖြစ် သုံးတဲ့အခါမှာ FARA က အမေရိကန် ပြည်သူတွေကို သိဖို့ အခွင့်အရေး ပြန်ပေးတယ်လို့ အမေရိကန် တရားရေးဝန်ကြီးဌာန အမျိုးသားလုံခြုံရေးဌာနခွဲဆိုင်ရာ ဒုရှေ့နေချုပ် မက်သယူး ဂျီ အောလ်ဆန်က ပြောပါတယ်။
ဝင်းဟာ တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဒုဝန်ကြီးဟောင်း စွန်းလီကျန်း ကိုယ်စား လုပ်ငန်းရှင်ရဲ့ဗီဇာကို ပယ်ဖျက်ဖို့ တောင်းဆိုချက်တွေကို ထရမ့်အစိုးရအဖွဲ့ဆီ ပေးပို့ခဲ့တယ်လို့ အမေရိကန် တရားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်စီးပွားရေးသမားရဲ့ နာမည်ကို မဖော်ပြထားပေမဲ့ သူဟာ တရုတ်နိုင်ငံကနေ ၂၀၁၄ မှာ ထွက်လာခဲ့ပြီး နောက်ပိုင်းမှာ တရုတ်ပြည်မကြီး အစိုးရက အဂတိလိုက်စားမှု ပုဒ်မနဲ့ တရားစွဲတာ ခံခဲ့ရပါတယ်။
ဝင်းဟာ တရုတ်အစိုးရရဲ့ မေတ္တာရပ်ခံချက်ကို ထရမ့်ဆီ ညစာစားရင်းရော ဖုန်းနဲ့ပါ နှုတ်ဆင့်ကမ်း ပေးပို့ခဲ့ပြီး စွန်းလီကျန်းအပါအဝင် တခြား တရုတ်အရာရှိတွေနဲ့ အစည်းအဝေးလုပ်ရေး စီစဉ်ဖို့ အိမ်ဖြူတော်နဲ့ အမျိုးသားလုံခြုံရေးကောင်စီက အကြီးတန်းအရာရှိတွေနဲ့ အကြိမ်ရေ အတော်များများ ဆွေးနွေးခဲ့တယ်လို့ တရားရေးဌာနက ပြောခဲ့ပါတယ်။