close

စပါးစိုက်တောင်သူ

close

October 12, 2022

မိုးစပါးရိတ်သိမ်းချိန် အရှုံးပေါ်မည်ကို တောင်သူများစိုးရိမ်

စပါးစျေးကျဆင်းလာတာကြောင့် အခုနှစ် မိုးစပါးရာသီရိတ်သိမ်းချိန်မှာ အရှုံးပေါ်မှာကို စိုက်ပျိုးတောင်သူတွေ စိုးရိမ်နေကြပါတယ်။

မိုးစပါးမပေါ်ခင်က စပါးတင်း ၁၀၀ ကို ၁၀ သိန်းကျော်၊ ၁၄ သိန်းဝန်းကျင်အထိ စျေးပေါက်ခဲ့ပေမဲ့ အခုအခါ ကျပ် ၉ သိန်းဝန်းကျင်ထိ ကျဆင်းနေကြောင်း ပဲခူးတိုင်းက စပါးစိုက်တောင်သူတချို့က ပြောပါတယ်။

စပါးစိုက်တောင်သူတယောက်က “စက်ကျကို ၉ သိန်းဝန်းကျင်လို့ ကြားတယ်။ စပါးမပေါ်ခင်က ၁၀ သိန်းကျော်တယ်လေ။ ခုပေါ်တော့မှ ကျတာ။ မနှစ်က မြေသြဇာစျေးက ၆၀,၀၀၀ ရယ်လေ။ အခုက ၁၆၀,၀၀၀ တောင်၊ စပါးရိတ်ခကလည်း မနှစ်ကဆို ၆၀,၀၀၀၊ ခုနှစ် မရတော့ဘူး။ တဧကကို အထွက်ကောင်းမှ ၉ သိန်းစျေးနဲ့ကိုက်မှာ၊ အထွက်နည်းရင် ရှုံးတယ်” လို့ ပြောပါတယ်။

နှစ်စဉ် စပါးအသစ်ပေါ်ချိန်မှာ စျေးကျဆင်းလေ့ရှိပေမဲ့ ပြီးခဲ့တဲ့ မိုးစပါးစိုက်ပျိုးရာသီချိန်မှာ စက်သုံးဆီနဲ့ သွင်းအားစုစျေးနှုန်းတွေ နှစ်ဆကျော် သုံးဆအထိ အဆမတန် မြင့်တက်ခဲ့တာကြောင့် တောင်သူတွေဟာ သွင်းအားစုထည့်သွင်းမှုကို လျှော့ချခဲ့ရတာဖြစ်လို့ စပါးအထွက်နှုန်း လျော့ကျနိုင်ခြေလည်း ရှိနေပါတယ်။

လက်ရှိစပါးစျေးက စပါးအထွက်နှုန်းကောင်းမှသာ တောင်သူတွက်ခြေကိုက်နိုင်ပေမဲ့ အထွက်နှုန်း လျော့ကျမယ်ဆိုပါက တောင်သူအတွက် အကျိုးအမြတ် မကျန်နိုင်ဘူးလို့ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်မှ လယ်သမားတချို့က ဆိုပါတယ်။

တောင်သူတယောက်က “မြေသြဇာစျေးကကြီး၊ အကြွေးကလည်းမရတော့ တတ်နိုင်သလောက်ပဲ ကြဲရတာဖြစ်တဲ့အတွက် ဒီနှစ်စပါးတွေက ထွက်သင့်သလောက် မထွက်ဘူး။ နည်းနည်း အထွက်နည်းတဲ့သူ များတာပေါ့။ အခုစျေးက အထွက်များရင်တော့ အရှုံးမပေါ်နိုင်ပေမဲ့ တကယ်လို့ စပါးမထွက်ဘူး၊ ပိုးကျတယ်၊ ရောဂါဝင်ပြီး စပါး ၅၀ လောက်ပဲထွက်တဲ့ တောင်သူဆိုရင်တော့ အရင်းလောက်ပဲရမှာပေါ့” လို့ ပြောပါတယ်။

လက်ရှိ ဧရာဝတီတိုင်းမှာ နေရာဒေသအပေါ်မူတည်ပြီး စပါးတင်း ၁၀၀ ကို ၉ သိန်းကနေ ၁၀ သိန်းဝန်းကျင်ထိ စျေးရှိနေတယ်လို့ တောင်သူတွေထံက သိရပြီး ကုန်သည်အဝယ်လည်း ရှိနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှ တောင်သူတယောက်က “စျေးကတော့ နည်းနည်းကျပါတယ်။ အစောပိုင်းရက်ကတော့ ၁၀ သိန်းကျော်တာပေါ့။ ခုကတော့ ၉ သိန်း၊ ၉ သိန်းကျော်ဝန်းကျင် ရှိပါတယ်။ နေရာအလိုက်ပေါ့။ လမ်းမနဲ့နီးတယ်၊ မြို့နဲ့နီးတဲ့နေရာတွေတော့ ၉ သိန်းခွဲပေါ့။ ခက်ခက်ခဲခဲသယ်ရတဲ့ နေရာတွေကျ ၉ သိန်းလောက်ရှိတယ်။ သုခပြည်တွင်းစား ဆန်စပါးကတော့ ၁၀ သိန်းစျေးလောက်ရှိတယ်။ အစောပိုင်းက ဒီထက်ကျတယ်။ အခု စျေးနည်းနည်းပြန်မာလာတာ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့အမျှ ဒေါ်လာဈေးနှုန်း မြင့်တက်လာတာကြောင့် ပြည်ပကတင်သွင်းရတဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးလို စိုက်ပျိုးရေးသွင်းအားစုတွေဟာ လက်ရှိမှာတော့ ဈေးနှစ်ဆကနေ နှစ်ဆကျော်အထိ မြင့်တက်နေတာပါ။

သွင်းအားစုတွေ ဈေးမြင့်တက်လာသလို ပြည်တွင်းမှာ ဆန်ဈေးနှုန်းလည်း မြင့်တက်နေပေမဲ့ စပါးစျေးတွေက ပြန်လည်ကျဆင်းနေတာပါ။ မကြာခင်မှာ နယ်စုံက မိုးစပါးအသစ်တွေ လှိုင်လှိုင်ထွက်ရှိတော့မှာ ဖြစ်တဲ့အတွက် စပါးဈေး ထပ်မံကျဆင်းလာမှာကို တောင်သူတွေ စိုးရိမ်နေကြပါတယ်။

နှစ်စဉ် မိုးစပါးအတွက် အောက်တိုဘာလဆန်းပိုင်းမှာ အခြေခံရည်ညွှန်းစပါးစျေးနှုန်းကို သတ်မှတ်ထုတ်ပြန်ပေးလေ့ရှိပေမဲ့ အခုနှစ်မှာတော့ သတ်မှတ်ထုတ်ပြန်ပေးခြင်း မရှိသေးပါဘူး။

စပါးစျေးကျဆင်းနေပေမဲ့ သွင်းအားစုစျေးနှုန်း ပြန်လည်ကျဆင်းခြင်း မရှိပါက လာမယ့် နွေစပါးမှာလည်း စိုက်ပျိုးစရိတ် အရင်းအနှီး ကြီးမြင့်နိုင်တာကြောင့် စိုက်ရေးပျိုးရေး အခက်အခဲ ကြုံတွေ့နိုင်တယ်လို့ တောင်သူတွေက ဆိုကြပါတယ်။

တဖက်မှာလည်း ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာ စိုက်ပျိုးရေးကောင်းကောင်း မလုပ်နိုင်တာကြောင့် စပါးစိုက်ဧကတွေ ကျဆင်းနေသလို ဒေသတချို့က ထွက်ရှိလာတဲ့ စပါးတွေကိုလည်း လုံခြုံရေးအခြေအနေအရ လာရောက်ဝယ်ယူသူ နည်းပါးနေတာကြောင့် ပြန်လည်ရောင်းချနိုင်ရေး ခက်ခဲနေကြပါတယ်။

စစ်ကောင်စီဘက်ကတော့ ဆန်စပါးကဏ္ဍကို ဦးစားပေးလုပ်ငန်းတခုအနေနဲ့ ဆောင်ရွက်နေပြီး ဆန်စပါးကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ဖို့နဲ့ ပြည်ပကို ပိုမိုတင်ပို့နိုင်ဖို့ စီမံနေတယ်လို့ ကြေညာထားပါတယ်။

မကြာမီရောက်ရှိတော့မယ့် နွေစပါးရာသီအတွက် ဧက ၈ ဒသမ ၅ သိန်းမှာ အကျိုးတူလယ်ယာစနစ် (Contract Farming) ဆောင်ရွက်ဖို့ တဧကကို ကျပ် ၂ သိန်းနှုန်းနဲ့ အထူးချေးငွေ စီစဉ်ပေးမှာဖြစ်ကြောင်း၊ ဆန်စပါးသီးနှံအတွက် ငွေကျပ် ၁၄၀ ဘီလီယံအထိ ထောက်ပံ့ပေးအပ်သွားဖို့ စီစဉ်ထားကြောင်း ထုတ်ပြန် အသိပေးထားပါတယ်။

6 days Ago

August 2, 2022

ရခိုင်ပြည်နယ်တွင် မိုးခေါင်သဖြင့် စပါးစိုက်သူများ အခက်ကြုံ

ရခိုင်ပြည်နယ်မှာ၊ မိုးမရွာတဲ့အတွက် လယ်ကွက်ထဲက ရေတွေခန်းခြောက်ပြီး လယ်မြေတွေ မာတာ စပါးမစိုက်ပျိုးနိုင်တာတွေစတဲ့ အခက်အခဲတွေ   စပါးစိုက်တောင်သူတွေ ကြုံတွေ့နေကြရပါတယ်။ 

ဒါနဲ့ပတ်သက်ပြီး တောင်သူတွေက "အခုအချိန်မှာ မိုးလုံးဝမရွာတော့ စပါးပျိုးပင်ကို ဘယ်လိုနုတ်စိုက်မလဲ။ အရင်ရေရှိတုန်းက ထွန်ထားတဲ့ လယ်တွေကလည်း မိုးမရွာတာကြာပြီဆိုတော့ ရေတွေခန်းခြောက်ပြီး လယ်မြေတွေ မာကုန်ပြီ။ ပြန်ထွန်ဖို့ကလည်း စက်ဆီဝယ်ဖို့ ပိုက်ဆံတွေကလည်းမရှိ အရင်နှစ်တွေက အစိုးရချေးငွေ ရရှိပေမဲ့ အခုနှစ်မှာ အစိုးရချေးငွေ မရရှိတော့ ပိုပြီး အခက်တွေ့ရတယ်။ စပါးပျိုးပင်တွေကလည်း အခုစိုက်ဖို့ ကောင်းနေပြီ။ ဒီအတိုင်းဆို အရင်ထွန်ထားတဲ့ စက်ဆီဖိုးတောင် ရပါ့မလားမသိဘူး"လို့ ပြောပါတယ်။

စပါးစိုက်ပြီး တောင်သူလယ်သမားတဦးက "စပါးစိုက်လို့တော့ ပြီးသွားပြီဆိုပေမဲ့ ရေမရှိတော့ စပါးပင်တွေ ရှင်သန်မှာလားတော့ မသိဘူး။ မိုးမရွာရင် အရင်နှစ်တွေရဲ့ ထက်ဝက်တောင် စပါးထွက်မှာမဟုတ်ဘူး"လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် အထိ တောင်သူလယ်သမားတွေ အစိုးရ ချေးငွေရရှိပြီး ၂၀၂၀ နောက်ပိုင်း အခုနှစ်အထိ အစိုးရချေးငွေ မရရှိတော့တာဖြစ်ပြီး တချို့ဆိုရင် လယ်မလုပ်ကြတော့တာလည်း ရှိပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာလည်း စစ်ကောင်စီတပ်တွေက ရွာတွေကို မီးရှို့ဖျက်ဆီး ၊ လူသတ်ဖမ်းဆီးမှုတွေကြောင့် တောင်သူလယ်သမားတွေ စပါးမစိုက်ပျိုးနိုင်တော့ဘဲ စစ်ဘေးရှောင်ထွက်ပြေးနေကြရပါတယ်။

လက်ရှိ ပြည်တွင်း ဆန် စပါးဈေးကွက်မှာလည်း  အများပြည်သူ စားသုံးမှုများတဲ့ ဆန်အမျိုး အစားတွေ ဈေးနှုန်းမြင့်တက်နေပါတယ်။

3 months Ago
Up