မြန်မာနိုင်ငံမှာ ဆန်စပါးအထွက်နှုန်း လျော့ကျနိုင်တဲ့ အခြေအနေတွေကြောင့် ပြီးခဲ့တဲ့ စပါးပေါ်ရာသီချိန်မှာ အမြင့်ဈေးတွေနဲ့ စျေးကွက်ဖွင့်ခဲ့ကြပါတယ်။
အဲဒီနောက် စပါးဈေးဟာ အတက်ဘက်ကို ဆက်လက်ဦးတည်လာခဲ့ပြီး အခုအခါမှာတော့ မကြုံစဘူး စံချိန်တင် အမြင့်ဆုံးဈေးနှုန်းအထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။
လတ်တလော စျေးကွက်ထဲမှာ ဆန်ကြမ်းစပါးက တင်း ၁၀၀ ကို ကျပ် ၁၆ သိန်းခွဲအထိ ရက်ပိုင်းအတွင်း ထိုးတက်လာတယ်လို့ ပြည်မြို့နယ်က တောင်သူကြီးတဦးက ပြောပါတယ်။
“စပါးဈေးပြန်တက်တယ်။ စပါးစပေါ်တော့ ၉၅၀,၀၀၀ ဝန်းကျင်ပဲရှိတယ်။ အခု အနိမ့်ဆုံးတောင် ၁၅ သိန်းဖြစ်လာပြီး အရင် ၁၃ လောက်ကနေ ခုန်တက်လာတာ။ ခုချိန်မှာ ဝယ်သူကလည်း ပေါမှပေါပဲ။”
အရင်က စစ်ရေးပဋိပက္ခတွေကြောင့် နယ်မြေတည်ငြိမ်မှုမရှိလို့ ဝယ်လက် အရောက်အပေါက် နည်းနေခဲ့တဲ့ ဒေသတွေမှာပါ စပါးဝယ်ယူမှုတွေ မြင့်တက်လာတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးက တောင်သူတွေထံက သိရပါတယ်။
စစ်ကိုင်းတိုင်းက တောင်သူကြီးတဦးက “ဦးတို့ဘက်မှာ အရင်က ဝယ်သူမရှိဘူး။ လာဝယ်တော့လည်း စျေးနှိမ်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဈေးပေးပြီး ပြန်ဝယ်လာတယ်။ ရွှေဘိုပေါ်ဆန်းတင် မဟုတ်ဘူး။ တခြား ဆန်ကြမ်းစပါးဈေးတွေပါ တက်လာတာ။ အခုတော့ ဆန်စက်တွေမှာ စပါးတွေပုံနေလို့ဆိုပြီး အဝယ်တွေ နားထားတယ်လို့ကြားတယ်” လို့ ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေနဲ့ အထွေထွေကုန်ကျစရိတ်တွေကြောင့် အခုနှစ်မှာ စပါးအထွက်နှုန်း သိသိသာသာ ကျသွားနိုင်တဲ့ အခြေအနေရှိနေတာ၊ တရုတ်နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လိုက်တဲ့အတွက် မူဆယ်နယ်စပ် ဆန်ဝယ်လိုအား မြင့်တက်နေတာ၊ ပင်လယ်ရေကြောင်းကနေ ပြည်ပကို ဆန်ရောင်းချမှုကလည်း ပုံမှန်အတိုင်းရှိနေတာ၊ စပါးအထွက်နှုန်းအပေါ် စိုးရိမ်ပြီး ဝယ်ယူသိုလှောင်မှုတွေ မြင့်တက်နေတာ စတဲ့ အကြောင်းအရင်းတွေကြောင့် အခုလို စပါးဈေး စံချိန်တင် မြင့်တက်နေတာလို့ အဲဒီ အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
“အခုက စပါးဝယ်လှောင်မယ်၊ ဆန်ဝယ်လှောင်မယ် ဆိုသူတွေ များနေလို့ပါ။ တောင်သူကအစ စျေးတက်နိုင်ခြေရှိတော့ လှောင်ကြပါတယ်။ ဒါကြောင့်လည်း အခုလို တက်လာတာပါ” လို့ ကုန်သည်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
အခုလို စပါးဈေးတွေ မကြုံစဘူး စံချိန်တင် မြင့်တက်လာတာကြောင့် စိုက်ပျိုးထုတ်လုပ်သူ လယ်သမားတွေနဲ့ ကုန်သည်ပွဲစားတွေ တွက်ခြေကိုက်ပေမဲ့ စားသုံးသူအများစုကတော့ ဆန်စျေးကြီးမြင့်မှုနဲ့ ကြုံတွေ့နေရပါတယ်။
ပြည်တွင်းဆန်ဈေးတွေဟာ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ရာခိုင်နှုန်း ၇၀ ကျော် ၈၀ ဝန်းကျင်လောက်ထိ မြင့်တက်လာခဲ့တာပါ။ လက်ရှိ စျေးကွက်မှာ ဆန်ကြမ်းတအိတ်ကို ကျပ် ၅၀,၀၀၀ ဝန်းကျင်ရှိပြီး ဆန်ချောတအိတ်ကို ကျပ် ၆၀,၀၀၀ ကနေ ၁၀၀,၀၀၀ ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်း ဆန်အဟောင်း တအိတ်ကို ကျပ် ၁၀၀,၀၀၀ ကျော်ထိ မြင့်တက်နေပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်မှာ ရွှေဘိုပေါ်ဆန်း အဟောင်း တအိတ်ကို ကျပ် ၆၀,၀၀၀ ကျော်သာရှိပြီး ဆန်ကြမ်းတအိတ်ကို ၂၆,၀၀၀ ကနေ ၃၀,၀၀၀ ဝန်းကျင်ပဲ ရှိခဲ့ပါတယ်။
ဆန်ပွဲရုံပိုင်ရှင်တဦးက “ရက်ပိုင်းအတွင်းကို ဆန်တအိတ်ကို ၁၀,၀၀၀ နီးပါးတက်တော့ လက်လုပ်လက်စား၊ ဝင်ငွေနည်းတဲ့သူတွေ ဒုက္ခရောက်တာပေါ့။ ဆန်စျေးကျပြန်ရင်လည်း စိုက်ပျိုးစရိတ် ပိုကုန်ကျထားတဲ့ တောင်သူတွေအတွက် မလွယ်ပြန်ဘူး။ အဲတော့ နှစ်ဦးနှစ်ဖက် သင့်တော်တဲ့စျေးနှုန်း ဖြစ်သင့်တယ်” လို့ ထောက်ပြ ပြောဆိုပါတယ်။
တဖက်မှာလည်း စိုက်ပျိုးတောင်သူတွေဟာ သွင်းအားစုစျေး ၄ ဆလောက် ပိုကုန်ကျခဲ့ရပြီး လုပ်အားခ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေကလည်း ပြီးခဲ့တဲ့နှစ်ထက် ပိုများခဲ့ပါတယ်။
မြန်မာ့ဆန်ပြည်ပတင်ပို့မှုကတော့ အခုဘဏ္ဏာနှစ် ဇန်နဝါရီ နောက်ဆုံးပတ်အထိ တန်ချိန် ၁ ဒသမ ၈ သန်းကျော် ရှိပါတယ်။ အဲဒီကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၇၉ သန်း ရရှိထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုနှစ်မှာတော့ မြန်မာ့ဆန်နဲ့ ဆန်ကွဲကို တရုတ်၊ ဘယ်လ်ဂျီယံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က အများဆုံး ဝယ်ယူထားတာ တွေ့ရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ စပါးစိုက်တောင်သူတွေ စပါးထွက်နှုန်းကျပြီး ဈေးကောင်းမရတာကြောင့် လယ်သမားအများစု အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်ယာလုပ်ငန်းနဲ့သက်ဆိုင်တဲ့ သွင်းအားစုတွေ ဈေး ၂ ဆကျော် မြင့်တက်လာပြီး လိုအပ်တဲ့ သွင်းအားစုတွေကို အသုံးမပြုနိုင်တော့တာကြောင့် စပါးအထွက်နှုန်း သိသိသာသာကျဆင်းခဲ့တာလို့ လယ်သမားအများစုကပြောပါတယ်။
“သွင်းအားစုဈေးတွေက ခုဆို ၃ ဆနီးပါးဖြစ်နေပြီး တက်လာတာ အဲ့တော့ ဓာတ်မြေဩဇာတို့ ပိုးသတ်ဆေးတို့ အရင်ကထက် လျှော့သုံးရတာပေါ့။ စပါးထွက်လာတော့ နည်းတာပေါ့၊ ဒါက ကြိုခန့်မှန်းပြီးသားပါ။ ဈေးနှုန်းပါ မကောင်းတော့ အရှုံးပိုပေါ်တာပေါ့” လို့ ဘိုကလေးမြို့ခံလယ်သမားတဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သွင်းအားစုတွေ ဈေးမြင့်တက်ခဲ့လို့ မသုံးနိုင်တာကြောင့် ယခင် တဧက တင်း ၁၂၀ စပါးထွက်နှုန်းရှိတဲ့ လယ်ကို ရိတ်သိမ်းချိန်မှာ တင်း ၈၀ သာထွက်တော့သလို ပေါက်ဈေးမှာလည်း တင်း ၁၀၀ ကို ၆ သိန်းကျော်သာ ပေါက်ဈေးရှိတာကြောင့် အရှုံးပိုများတာလို့ ဆိုပါတယ်။
စပါးထွက်နှုန်းနည်းတဲ့အပြင် ဈေးကောင်းမရတာကြောင့် လယ်သမားအများစု အရှုံးပေါ်ပြီး စိုက်ဘဏ်က ယူထားတဲ့ ချေးငွေကို ပြန်မဆပ်နိုင်တာတွေရှိနိုင်သလို လယ်ယာလုပ်ငန်းကို စွန့်ခွာမယ့် လယ်သမားအများစုလည်း ရှိလာနိုင်တယ်လို့ သိရပါတယ်။