close

စပါးတင်သင်္ဘော

close

August 8, 2022

ယူကရိန်းဆိပ်ကမ်းကထွက်လာသည့် စပါးတင်သင်္ဘော လက်ဘနွန်ဆိပ်ကမ်းသို့ မရောက်သေး

ပြီးခဲ့သည့်လက ကြားဝင်စေ့စပ်ထားလို့ ယူကရိန်းဆိပ်ကမ်းကနေ ထွက်လာတဲ့ ပထမဆုံး ကောက်ပဲသီးနှံတင်သင်္ဘောဟာ စီစဉ်ထားတဲ့အတိုင်း သြဂုတ် ၇ ရက်မှာ လက်ဘနွန်ကို ရောက်လာမှာ မဟုတ်ဘူးလို့ လက်ဘနွန်အခြေစိုက် ယူကရိန်းသံရုံးက ပြောပါတယ်။

ရာဇိုနီကုန်တင်သင်္ဘောဟာ သြဂုတ် ၁ ရက် အစောပိုင်းမှာ စပါး ၂၆,၅၂၇ တန် တင်ဆောင်ရင်း ပင်လယ်နက်ကမ်းခြေကနေ အိုဒက်ဆာဆိပ်ကမ်းကနေ ထွက်လာပြီး လက်ဘနွန်မြောက်ပိုင်း ထရီပိုလီဆိပ်ကမ်းမြို့မှာ သြဂုတ် ၇ ရက်နေ့ ဆိုက်ကပ်ဖို့ စီစဉ်ထားတယ်လို့ ယူကရိန်း အရာရှိ တွေနဲ့ လက်ဘနွန် ဆိပ်ကမ်းအာဏာပိုင်တွေက ပြောထားခဲ့ပါတယ်။

ဒါပေမယ့် သင်္ဘောဟာ ကြန့်ကြာနေပြီး ဩဂုတ် ၇ ရက်မှာ ရောက်မလာတဲ့အကြောင်း လက်ဘနွန်နိုင်ငံက ယူကရိန်းသံရုံးက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

ဆိုက်ရောက်မယ့်ရက် ဒါမှမဟုတ် နောက်ကျရတဲ့ အကြောင်းရင်း အသေးစိတ်ကို မပြောခဲ့ပါဘူး။

ဘဏ္ဍာရေးသတင်းအချက်အလက် ကုမ္ပဏီ Refinitiv Eikon ရဲ့ သင်္ဘောဆိုင်ရာ သတင်းအချက်အလက်အရ  သြဂုတ် ၇ ရက် မနက်ပိုင်းမှာ တူရကီကမ်းရိုးတန်းကို ဖြတ်လာတဲ့ ရာဇိုနီသင်္ဘောကို ပြထားပါတယ်။ 

အသေးစိတ် ကုန်စည်စာရင်းထဲမှာ ဆိုက်ရောက်မယ့်ရက်ကို ဩဂုတ် ၉ ရက်လို့ မျှော်မှန်းထားပြီး ကုန်စည်တင်ရမည့်နေရာကို "မှာယူရန်" လို့ ဖော်ပြထားပါတယ်။

ဒါဟာ ပုံမှန်အားဖြင့် သင်္ဘောတစီးကို ပိုင်ရှင်တဦးကနေ တဦးဆီ လွှဲပြောင်းပေးနိုင်တဲ့ အဓိပ္ပာယ်ပါ။

ရာဇိုနီသင်္ဘောပေါ်က စပါးကို ဘယ်သူဝယ်မှန်း မသိဘူးလို့ လက်ဘနွန်ရဲ့ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ စီးပွားရေးဝန်ကြီး အားလုံးက ပြီးခဲ့တဲ့ သီတင်းပတ်က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

ရုရှားလွှမ်းမိုးထားတဲ့ ပင်လယ်နက်ကိုဖြတ်ပြီး ယူကရိန်းကနေ စပါးတင်ပို့မှု ရပ်လိုက်ရင် ကမ္ဘာတဝန်း အငတ်ဘေး ဆိုက်သွားနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

3 mins Ago
Up