စပိန်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၅ ရက် နေ့လယ်ကစပြီး မတူညီတဲ့ လှေ ၄ စင်းပေါ်က ရွှေ့ပြောင်းအခြေချသူ စုစုပေါင်း ၁၈၁ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ကာနာရီကျွန်း အရေးပေါ်ဝန်ဆောင်မှုဌာနက ဖေဖော်ဝါရီ ၆ ရက်မှာ အတည်ပြု ပြောပါတယ်။
ဒီရွှေ့ပြောင်းအခြေချသူတွေကို ဂရန်းကာနာရီယာကျွန်းကနေ ရေမိုင် ၁၀၀ အကွာမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီနောက် အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၅ ဦး ပါဝင်တဲ့ ရွှေ့ပြောင်းအခြေချသူပေါင်း ၅၁ ဦးကို အာဂင်နက်ဂင်းမြို့ဆိပ်ကမ်းဆီ ကယ်ဆယ်ရေး သင်္ဘောက လွှဲပြောင်းပို့ဆောင်ပေးခဲ့ပါတယ်။
နောက်ထပ် လှေ ၃ စင်းပေါ်က ရွှေ့ပြောင်းအခြေချသူ အယောက် ၁၃၀ ကိုတော့ လန်ဇာရိုတေး ကျွန်းပေါ်မှာရှိတဲ့ လာစီဘိုယာဆိပ်ကမ်းရှိရာကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
စပိန်ပြည်ထဲရေးဌာန အချက်အလက်တွေအရ ဒီနှစ် ဇန်နဝါရီလမှာ ကာနာရီကျွန်းတွေဆီ လှေနဲ့ ဖြတ်ကျော်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအခြေချသူ စုစုပေါင်း ၅၆၆ ဦးရှိပြီလို့ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်တုန်းကလည်း ရွှေ့ပြောင်းအခြေချသူ ပေါင်း ၁၅,၆၈၂ ဦးဟာ ကာနာရီကျွန်းတွေဆီ ရောက်ရှိလာခဲ့တာကြောင့် ဒါဟာ ၂၀၂၁ ခုနှစ်ကထက်စာရင် ၂၉ ဒသမ ၇ ရာခိုင်နှုန်း လျော့နည်းသွားတာလို့ သိရပါတယ်။