စပိန်နိုင်ငံ လာပယ်လ်မာကျွန်းပေါ်မှာ သိပ္ပံပညာရှင်တွေဟာ မီးတောင် အန္တရာယ်နဲ့ပတ်သက်ပြီး စက်တင်ဘာ ၁၈ ရက်က သတင်းအချက်အလက်တွေ ကောက်ယူနေကြပါတယ်။
ဒီသီတင်းပတ်ထဲမှာ ငလျင်လှုပ်အပြီး အတ္တလန္တိတ် သမုဒ္ဒရာထဲက ကျွန်းပေါ်မှာ မီးတောင် အန္တရာယ်သတိပေးချက် ထုတ်ပြန်ခဲ့အပြီးမှ သုတေသနတွေကို ပိုတိုးလုပ်နေ ကြတာပါ။
သိပ္ပံပညာရှင်တွေဟာ ကျွန်းရဲ့ တောင်ပိုင်းက ကမ်ဘရေ ဗေးဂျာ အမျိုးသား ဥယျာဉ်ထဲမှာ မြေပြင်တုန်ခါမှု အကြိမ်ရေ ၄၀၀၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့ ပါတယ်။
အဲဒီနောက် အာဏာပိုင်တွေက မီးတောင်ပေါက်နိုင်ခြေအတွက် အဆင့်လေးဆင့်ရှိတဲ့ တပ်လှန့် သတိပေးစနစ်အတွင်း ဒုတိယဖြစ်တဲ့ အဝါရောင်အဆင့် သတိပေးချက်ကို စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စနေမနက် ၃ နာရီခွဲ လောက်ကလည်း အင်အား ရစ်ချတ်တာစကေး ၃ ဒသမ ၂ ရှိတဲ့ ငလျင်လှုပ်ခဲ့ ပေမဲ့ အပျက်အစီးတော့ မရှိပါဘူး။
ဒေသခံတွေကတော့ မြေပြင် တုန်ခါနေတာကို ခံစားမိခဲ့ကြပါတယ်။ ဒေသတွင်းကနေ ဘေးကင်းရာကို အမြန်ရွှေ့ပြောင်းနိုင်ဖို့ အာဏာပိုင်တွေက ဒေသခံတွေကို မရှိမဖြစ် ပစ္စည်းတွေနဲ့ ဖုန်းပါတဲ့ အရေးပေါ် အိတ်တွေ ပြင်ဆင်ထားဖို့ သောကြာနေ့မှာ အကြံပြုခဲ့ပါတယ်။
၁၉၇၁ ခုနှစ်က ဒီမီးတောင် နောက်ဆုံး အကြီးအကျယ် ပေါက်ခွဲခဲ့ဖူးပြီး မီးတောင် ချော်ရည် ကုဗမီတာ ၁၁ သန်းဟာ ကမ်ဘရေဗေးဂျာ တောင်ကြောတလျှောက် စီးဆင်းခဲ့ပါတယ်။
စပိန်ရဲ့ ဘူမိဗေဒနဲ့ သတ္ထုရေးရာတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ သိပ္ပံဆိုင်ရာ ဒရုမ်းယာဉ်တွေကို စနေနေ့မှာ လွှတ်တင်ခဲ့ပြီး အခြေအနေနဲ့ပတ်သက်လို့ ရနိုင်သမျှ အချက်အလက် အားလုံးနဲ့ မြေပြင် အပြောင်းအလဲကို စောင့်ကြည့်ခဲ့ပါတယ်။
တကယ်လို့ဘေးကင်းရာ ရွှေ့ပြောင်းရမယ်ဆိုရင် လူအယောက် လေးသောင်းလောက်ကို နေရာ ရွှေ့ပေးရလိမ့်မယ်လို့လည်း တွက်ချက်ထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။