ကလပ်အသင်း ပြိုင်ဘက်ကစားသမားတွေနဲ့ နိုင်ငံအသင်းမှာ ပြန်လည်ဆုံတွေ့ချိန် စိတ်လှုပ်ရှားမိကြောင်း အာဆင်နယ်ကွင်းလယ်လူ စမစ်ရိုးက ပြောပါတယ်။
စမစ်ရိုးဟာ အင်္ဂလန်ယူ ၂၁ အသင်းအတွက် ရွေးချယ်ထားပေမယ့် အသင်းကြီးမှာ ဒဏ်ရာ ပြဿနာတွေရှိခဲ့တာကြောင့် နည်းပြဆောက်ဂိတ်က အစားထိုးရွေးချယ်ခဲ့တာပါ။
စမစ်ရိုးအတွက် ပထမဆုံးအကြိမ် လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံရတာဖြစ်ပြီး သူ့အတွက်ရော မိသားစုအတွက်ပါ ဂုဏ်ယူမိတယ်လို့ စမစ်ရိုးက ပြောပါတယ်။
“ဒီကစားသမားတွေနဲ့က ပြိုင်ဘက်တွေအနေနဲ့ အပတ်စဉ်တွေ့ခဲ့ဖူးပေမယ့် အင်္ဂလန်အတွက် ကစားပေးချိန်မှာတော့ အမြဲတမ်း ကွဲပြားခြားနားပါတယ်။ တခဏအတွင်းမှာပဲ နေသားကျသွားပေမယ့် အစပိုင်းမှာတော့ စိတ်လူပ်ရှားခဲ့တယ်။ လာမယ့်ရက်တွေအတွင်းမှာ ပိုပြီး သက်သောင့်သက်သာရှိလာမှာတော့ သေချာပါတယ်” လို့ စမစ်ရိုးကပြောပါတယ်။
အသက်၂၁နှစ်ရှိ စမစ်ရိုးဟာ ဒီရာသီပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၄ ဂိုးသွင်းပြီး ၂ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။
မေဆန့်မောင့်၊ ဝက်စ်ပရောက်နဲ့ ရက်ရှ်ဖို့ဒ် တို့မပါဝင်နိုင်ချိန်မှာ နည်းပြဆောက်ဂိတ်က စမစ်ရိုးကို အစားထိုးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် ကွင်းလယ်ကစားသမား စမစ်ရိုးဟာ ဘောလုံးနဲ့အတူ ဆွဲပြေးရာမှာ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ကာရေဂါနဲ့ နဗီးလ်တို့က ချီးကျူးပါတယ်။
အာဆင်နယ်က အက်စ်တန်ဗီလာကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ စမစ်ရိုးက အနိုင်ဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှု တကြိမ် လုပ်ဆောင်နိုင်ခဲ့ပြီး အကောင်းဆုံးကစားသမားဆု ရခဲ့ပါတယ်။
အဲဒီပွဲစဉ်ကို စကိုင်းစပေါ့ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ ကာရေဂါနဲ့ နဗီးလ်တို့ဟာ စမစ်ရိုးရဲ့ခြေစွမ်းကို အထူးတလည် ချီးကျူးခဲ့ပြီး အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရသင့်တယ်လို့ သုံးသပ်ခဲ့ပါတယ်။
“အမ်မလီစမစ်ရိုးဟာ အင်္ဂလန်အတွက် ရွေးချယ်ခံရသင့်ပါပြီ။ လုံးဝသံသယဖြစ်စရာမရှိပါဘူး။ တခြားခြေစွမ်းပြနေတဲ့ လူငယ်တွေလည်းရှိပေမဲ့ သူ့ရဲ့အချိန် ရောက်လာပါပြီ။ သူဟာ ဘောလုံးနဲ့အတူ ဆွဲပြေးရာမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားပါပဲ” လို့ ကာရေဂါက ချီးကျူးပါတယ်။
နဗီးလ်ကလည်း ကာရေဂါရဲ့သုံးသပ်ချက်ကို ထောက်ခံခဲ့ပြီး စမစ်ရိုးနဲ့ ဆာကာရဲ့ လူပ်ရှားမှုတွေကို ကြည့်နေရတာက ဘောလုံးကို ပိုပြီးချစ်မြတ်နိုးလာလိမ့်မယ်လို့ ချီးကျူးခဲ့ပါတယ်။
အသက်၂၁ နှစ်ရှိ စမစ်ရိုးဟာ အင်္ဂလန် ယူ-၂၁ အသင်းမှာလည်း ခြေစွမ်းပြနေပြီး အသင်းကြီးမှာတော့ ရွေးချယ်ခံရခြင်း မရှိသေးပါဘူး။