ယူကရိန်းနိုင်ငံအပေါ် ရုရှားက စစ်ပွဲဆင်နွှဲနေချိန်မှာ နှုတ်ဆိတ်နေတဲ့ ရုရှားအသင်းခေါင်းဆောင်နဲ့ အသင်းဖော်တွေကို ယူကရိန်းနောက်ခံလူ မိုင်ကိုလန်ကိုက ဝေဖန်ပါတယ်။
ဥရောပက ဘောလုံးလိဂ်ပွဲစဉ်တွေမှာ ပရိသတ်တွေနဲ့ ကစားသမားတွေက ယူကရိန်းနိုင်ငံဘက်က ရပ်တည်ပြီး အားပေးခဲ့ကြတာပါ။
ဒါပေမယ့် ရုရှားဘောလုံးအသင်းခေါင်းဆောင် ဒီဇူဘာနဲ့ ရုရှားကစားသမား အများစုက နှုတ်ဆိတ်နေတဲ့အပေါ် အဲဗာတန်အသင်းမှာ ကစားနေတဲ့ ယူကရိန်းနောက်ခံလူ မိုင်ကိုလန်ကိုက အင်စတာဂရမ်ကနေ အပြင်းအထန် ဝေဖန်ခဲ့တာပါ။
“ယူကရိန်းက အပြစ်မဲ့ပြည်သူတွေ သေဆုံးနေရတဲ့အပေါ်မှာ ရုရှားအသင်းခေါင်းဆောင်နဲ့ အသင်းဖော်တွေအားလုံးက ခုချိန်ထိ နှုတ်ဆိတ်နေကြဆဲပါပဲ။ ခင်ဗျားတို့ရဲ့ တဘဝလုံးနဲ့အတူ ပိုအရေးကြီးတဲ့ သား၊ သမီးတွေရဲ့ ဘဝတလျှောက်လုံးကို မြေအောက်အကျဉ်းထောင်ထဲမှာ သော့ခတ်ခံရလိမ့်မယ်။ အဲဒီလိုဆိုရင် ငါဝမ်းသာကျေနပ်မိမှာပဲ” လို့ မိုင်ကိုလန်ကိုက အင်စတာဂရမ်ကနေ ရေးသားခဲ့ပါတယ်။
ရုရှားလက်ရွေးစင် ဘောလုံးသမားတွေထဲမှာ ဒိုင်နမိုမော်စကိုမှာ ကစားနေတဲ့ တိုက်စစ်မှူး စမိုလော့ဗ်ကတော့ ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲမှုအပေါ် လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကတော့ ရုရှားအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့ပြီး ကလပ်အသင်းတွေကိုလည်း ဥရောပပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့ပါတယ်။