close

စမ်းချောင်းမြို့နယ်

close

November 24, 2022

စမ်းချောင်းမြို့နယ် ဂွဈေးအနီး ဗုံးပေါက်ပြီး အမျိုးသား ၁ ဦးသေဆုံး

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောမြောက်ရပ်ကွက်၊ ဗဟိုလမ်း၊ ဂွဈေးအနီး မြိတ်ကတ်ကြေးကိုက်ဆိုင်နားမှာ နိုဝင်ဘာ ၂၃ ရက် ည ၇ နာရီခွဲက ဗုံးပေါက်ကွဲခဲ့လို့ အမျိုးသားတယောက်  သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ကျွန်းတောမြောက်ရပ်ကွက်၊ ဗဟိုလမ်းရှိ မူလတန်းကျောင်းရှေ့အုတ်နံရံကို မှီပြီး ဖွင့်လှစ်ထားတဲ့ မြိတ်ကတ်ကြေးကိုက်ဆိုင်မှာ မနေ့ည ၇ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒေသခံတဦးက “အစက ဂတ်စ်အိုး ပေါက်တယ် ထင်တာ။ နောက်မှ ဗုံးပေါက်တယ်ဆိုပြီး သိတာ ခြေထောက်နှစ်ဖက် ပြတ်သွားတယ်။ ဗိုက်ပွင့်သွားတယ်။ ဆေးရုံပို့ဖို့ လူနာတင်ကားတွေလာပေမဲ့ မရဘူး သေသွားတယ်”လို့ ပြောပါတယ်။

သေဆုံးသူမှာ မြိတ်ကတ်ကြေးကိုက်ဆိုင်ပိုင်ရှင်ရဲ့ တူဖြစ်သူ အသက် ၃၈ နှစ်အရွယ်ရှိကို အောင်ဇော်ဦး ဖြစ်ပြီး ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ဗုံးပေါက်တာတော့ မှန်တယ်၊ သေချာမသိတော့ဘူး မပြောရဲဘူး။ ကောင်လေးက အသက်မမီဘူး။ Body ကို စမ်းချောင်းအရန်မီးသတ်က သွားသယ်သေးတယ်။ တခြားပရဟိတအသင်းက လာသယ်သွားတယ်။”

ဘယ်သူဘယ်အဖွဲ့က ဘာကြောင့် အခုလို ဗုံးခွဲခဲ့တယ်ဆိုတာကိုတော့ ဘယ်အဖွဲ့ကမှ  ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်ရှိလာကာ ကျွန်းတောမြောက်ရပ်ကွက်နဲ့ ဗဟိုလမ်းတလျှောက် ပိတ်ဆို့စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။

4 mins Ago

January 18, 2022

စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က မီးလိုက်ဖြတ်နေ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းက မီတာမဆောင်တဲ့အိမ်တွေကို လျှပ်စစ်ဌာနဝန်ထမ်းတွေက စစ်ကောင်စီတပ်တွေပါ ခေါ်ပြီး တစ်လမ်းဝင်တစ်လမ်းထွက် မီးလိုက်ဖြတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဗဟိုလမ်း၊ သံတံတားလမ်း၊ အင်္ဂပူလမ်း၊ တရုတ်ကျောင်းလမ်းတလျှောက် မီတာမဆောင်တဲ့ အိမ်တွေကို လိုက်ဖြတ်နေတာဖြစ်ပြီး မီတာဆောင်ထားတဲ့ အထောက်အထား မပြနိုင်ရင် ချက်ချင်းမီးဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စမ်းချောင်းမှာ နေထိုင်သူတဦးက "မီတာစာရွက်ပြခိုင်းတာ ဆောင်ထားလား၊ မဆောင်ထားဘူးလား စစ်တာ။ မဆောင်ထားရင် မီးဖြတ်သွားတယ်။ မီတာက ဆောင်ဆောင် မဆောင်ဆောင် မီးက ခဏခဏ ပျက်နေတာ။ ဆောင်လည်း ဘာမှ သိပ်မထူးဘူး။ ပျက်ချင်တဲ့ အချိန်ပျက်နေတာလေ" လို့ ပြောပါတယ်။ 

မီတာလိုက်ဖြတ်ပြီးနောက် စမ်းချောင်းမြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကိုင်တပ်သားတွေ ကားနဲ့ လှည့်လည်နေခဲ့တယ်လို့လည်း သိရပါတယ်။

ရန်ကုန်မှာ လတ်တလော သတင်းပတ်တွေမှာ  လျှပ်စစ်မီး အကြိမ်ကြိမ်ပျက်နေတဲ့ အတွက် အိမ်ရှင်မတွေနဲ့  အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေ အခက်ကြုံနေကြရပါတယ်။

10 months Ago
Up