close

စမ်းရေခုံရွာ

close

January 24, 2023

ယင်းမာပင်တွင် ရွာ ၇ ရွာမီးရှို့ခံရပြီး စစ်ဘေးရှောင် ၃ ဦးသေဆုံး၊ ပေါက်မြို့နယ် စမ်းရေခုံရွာကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ကျောက်မှော်ကျေးရွာအုပ်စုရှိ ကျေးရွာ ၇ ရွာကို စစ်ကောင်စီတပ်က  ဇန်နဝါရီ ၂၃ ရက်မှာ  အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အလုံမြို့ စစ်ပင်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာပြီး ကျေးရွာ ၇ ရွာကို အခုလို မီးရှို့ခဲ့တာကြောင့်  ပြည်သူထောင်နဲ့ချီဟာ စစ်ဘေးရှောင်နေရကာ ချမ်းအေးတဲ့ ရာသီဥတုဒဏ်ကြောင့် စစ်ဘေးရှောင် ၃ ဦးလည်း သေဆုံး‌တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ဒေသခံအမျိုးသမီးတဦးက “သူတို့ မီးစရှို့တာက အင်းပတ်ရွာကနေ နေ့ခင်း ၁၁ နာရီကနေ စရှို့တယ်ရှင့်။ ကိုယ်လွတ်ရုန်းပြေးခဲ့ရတာဆိုတော့ ဘာပစ္စည်းမှမယူနိုင်ဘဲ စစ်ဘေးရှောင်ရင်း အအေးပတ်ပြီး သေဆုံးရတာရှင့်။ အသက်အရွယ်က ၅၀ ကျော်တဦးရယ်၊ ၆၀ ကျော်တဦးရယ်၊ ၇၀ ကျော်တဦးပါရှင့်။ သေဆုံးသူအကုန်လုံးက အမျိုးသမီးတွေပါ” လို့ ပြောပါတယ်။

စစ်ကောင်စီက မီးရှို့တဲ့ ကျေးရွာတွေဟာ ကျောက်မှော်ရွာ၊ ပန်းတိမ်ပြင်ရွာ၊ အင်းပတ်ရွာ၊ ကြက်ရှာရွာ၊ ကျောက်ကုန်းရွာ၊ နော်ပင်ရွာ၊ ကျွန်းပေါ်ရွာကအိမ်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက မီးရှို့လို့ ကျေးရွာ ၅ ရွာက အိမ်ခြေ ၇၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ကျန်ကျေးရွာ ၂ ရွာမှာတော့ စစ်ကောင်စီတပ် ရှိနေသေးတာကြောင့် မီးလောင်အိမ်စာရင်းဇယား အတည်မပြုနိုင်သေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာလည်း စမ်းရေခုံကျေးရွာကို ဇန်နဝါရီ ၂၄ ရက် ဒီနေ့ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ ရွာစဥ်လှည့်ပြီး စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၅ ရွာက ဒေသခံပြည်သူ ၁,၅၀၀ ကျော်လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“မီးခိုးတွေ မီးတောက်တွေကိုတော့ အဝေးကပဲ လှမ်းမြင်နေရတယ်။ စစ်(...)တွေက ရွာထဲမှာပဲ ရှိနေသေးတော့ ဘယ်သူမှလည်း မီးဝင်မငြှိမ်းရဲသလို အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းတယ် ဆိုတာကိုလည်း မသိရသေးဘူး။ ကျနော်တို့ကျေးရွာဘက်မှာ အိမ်တအိမ်ဆောက်ဖို့ဆိုတာ မလွယ်ကူဘူး။ အိမ်တလုံးဆောက်နိုင်ဖို့ ရာသစ်တလုံး၊ ဝါးတလုံးရဖို့လည်း မလွယ်ကူဘူး။ လက်သမားခနဲ့ဆိုရင် အနည်းဆုံး သိန်း ၃၀ ကျပ်လောက် ကုန်ကျမှာ။ ဒါကို သူတို့က PDF ထဲလိုက်တယ်၊ PDF ကိုထောက်ခံတယ်ဆိုပြီး ငြိုးပြီးတော့ ဇွတ်ရှို့ကြတာ။”

ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံထားရတဲ့ ပေါက်မြို့နယ် သီးခြောက်ရွာမှာလည်း ကျန်ရှိနေတဲ့ နေအိမ် ၆ လုံးကို ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

သြဂုတ် ၅ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေက စမ်းရေခုံရွာ ​ဒေသခံပြည်သူတွေရဲ့ နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေပေါင်း ၃,၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး မကွေးတိုင်းအတွင်းမှာ အများဆုံး မီးရှို့ခံရတဲ့ မြို့နယ်ဖြစ်ကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

5 mins Ago

August 6, 2022

ပေါက်မြို့နယ် စမ်းရေခုံရွာက နေအိမ် ၇ လုံးကို စစ်ကောင်စီတပ် မီးရှို့

မကွေးတိုင်း ပေါက်မြို့နယ်၊  စမ်းရေခုံရွာက နေအိမ် ၇ လုံးကို စစ်ကောင်စီတပ်က သြဂုတ် ၅ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၅ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်သား ၁၀ ယောက်ဟာ တောင်သားလေးဘုရားကုန်ပေါ်ကနေ သေနတ်ဖောက်ပြီး စမ်းရေခုံရွာကို ဝင်လာကာ နေအိမ် ၇ လုံးကို မီးရှို့ခဲ့တာလို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“ကျမတို့လည်း သူတို့ စစ်ကြောင်းထိုးလာလို့ ကြောက်ပြီး ထွက်ပြေးကြတာ။ လူမရှိတဲ့ အိမ်ကို မီးရှို့မှာလို့ ပြောပြီး PDF နေအိမ်လို့ စွပ်စွဲပြီး နေအိမ် ၇ လုံးကို မီးရှို့ ဖျက်ဆီးသွားကြတယ်။” 

လွန်ခဲ့တဲ့ ၂ လလောက်ကလည်း ရဲတယောက် မိုင်းထိပြီး ဒဏ်ရာရခဲ့လို့ PDF လာတာ မပြောရကောင်းလားဆိုပြီး ရွာသား ၁၀ ယောက်လောက်အား ဖမ်းကာ လက်ပြန်ကြိုးတုတ်ဝမ်းလျားမှောက်ခိုင်းပြီး ရိုက်နှက်ခဲ့ကြတယ်လို့ ဒေသခံ တချို့က ဆိုပါတယ်။

မကွေးတိုင်းအတွင်း စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ Data For Myanmar က ဇွန် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

6 months Ago
Up