close

စမွတ်စခွန်း

close

August 1, 2022

စမွတ်စခွန်းတွင် ကွန်ကရစ်တံတားပြိုကျမှုကြောင် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်း- ဘန်ကောက် အမြန်လမ်းမကြီးပေါ်မှာ မနေ့ညက ပြုပြင်ဆဲ ခုံးကျော်တံတားပြိုကျပြီး အောက်မှာသွားနေတဲ့ကားပေါ် ပိကျလာတဲ့အတွက် ယာဉ် ၄ စီးပျက်စီးပြီး လူ ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရသွားပါတယ်။ 

အဆိုပါတံတားဟာ စမွတ်စခွန်းမြို့နယ် ဘန်ကရကျောက်ရပ်ကွက် ဝိဖားလမ်းဆေးရုံကြီးရှေ့ ဖရ လမ်းဆောင်လမ်းမကြီးပေါ်မှာတည်ရှိပြီး ကားတွေနောက်ပြန်ကွေ့တဲ့နေရာဖြစ်ကြောင်း၊ တံတားပျက်နေလို့ ပြန်လည်ပြုပြင်ဆောက်လုပ်စဉ် မနေ့ ည ၈ နာရီခွဲလောက်မှာ ပြိုကျလာတာလို့ နယ်မြေခံရဲတပ်ဖွဲ့တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

ပြုပြင်ဆဲကွန်ကရစ်တံတားဟာ အရှည် ၁၀ မီတာ အလေးချိန် ၅ တန်လောက်ရှိတာကြောင့် အပိခံရတဲ့ အောက်က  ၂ စီး လုံးဝပျက်စီးသွားကာ နောက်ကလိုက်လာတဲ့ကားတွေလည်း ရှေ့ဆင့်နောက်ဆင့်တိုက်မိလို့  ပွန်းပဲ့ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။ 

ဒီဖြစ်ရပ်မှာ ယာဉ်မောင်းသမား ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးပြီး ကားထဲက ၁ ဦး၊ ဆောက်လုပ် ရေးအလုပ်သမား ၂ ဦး ဒဏ်ရာရလို့ ဆေးရုံပို့ထားကြောင်း၊ သူတို့ထဲက ၁ ဦးမှာ ဆေးရုံရောက်ပြီး မကြာခင်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ‌ေ။ 

တာဝန်ရှိသူတွေက ထိခိုက်ဒဏ်ရာရသူတွေကို ဆွဲထုတ်ကယ်တင်ပြီး ပျက်စီးသွားတဲ့ကားတွေကို ကရိန်းတွေနဲ့ မ, ပြီးဖယ်ထုတ်ရတာကြောင့် အကွာအဝေး ၁၀ ကီလိုမီတာခန့် ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ခဲ့ပါတယ်။ 

စမွန်စခွန်း - ဘန်ကောက် သွားလာသူတွေအနေနဲ့ လောလောဆယ် အဆိုပါ ဖရလမ်းဆောင် အမြန်လမ်းကို ရှောင်ကွင်းပြီး အခြားလမ်းကနေသွားဖို့ သက်ဆိုင်ရာက ကြေညာထားပါတယ်။ 

တံတားကျိုးကျရတဲ့ အကြောင်းရင်းကိုလည်း စိစစ်နေဆဲပဲလို့ လမ်းတံတားဦးစီးဌာနက ပြောပါတယ်။ 

2 hours Ago

January 29, 2021

မြန်မာလုပ်သားအများစုရှိသည့် စမွတ်စခွန်းတွင် ခုတင် ၁၀၀၀ ဆံ့ ယာယီဆေးရုံဖွင့်လှစ်

မြန်မာရွေ့ပြောင်းလုပ်သားတွေ အများစုရှိရာ ဘန်ကောက်မြို့အနားက  စမွတ်စခွန်းမြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ နေ့စဉ် ရာနဲ့ချီတိုးပွားနေတဲ့အတွက် ခုတင် ၁၀၀၀ ဆံ့ ယာယီဆေးရုံကြီးတစ်ရုံကို ဒီကနေ့  ဖွင့်လှစ်လိုက်ပါတယ်။ 

ဆေးရုံကြီးဆောက်ဖို့  ဇန်နဝါရီလ ၅ ရက်နေ့က စတင်မြေညှိကာ ၉ ရက်နေ့မှာ ပန္နက်ချ တည်ဆောက်ခဲ့ပြီး ဒီကနေ့မှာ ဖွင့်လှစ်နိုင်တဲ့အတွက် တည်ဆောက်ချိန် ရက်ပေါင်း ၂၀ သာ ကြာမြင့်ခဲ့ပါတယ်။

ဆေးရုံထဲမှာ ဟောခန်းကျယ်ကြီး ၂ ခန်းရှိပြီး  ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ ထိုင်း လူမျိုးနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ပါ ခွဲခြားမှုမရှိဘဲ တန်းတူကုသမှုရရှိစေဖို့၊ ကိုဗစ်-၁၉ ကူးစက်မှုပျောက်ကင်းဖို့ရည်ရွယ်ပြီး  တဘက်တလမ်းကနေကြိုးပမ်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ အလှူရှင် နိုင်းဝပ်ထန ဒဲန်းမဏီးက သတင်းထောက်တွေကို ပြောပါတယ်။ 

ဆေးရုံဖွင့်ပွဲအခမ်းအနားကို ဒီကနေ့မနက် ၇ နာရီခွဲမှာ ကျင်းပပြီး ကိုဗစ်-၁၉ ကူးစက်ခံ ထားရလို့ နာမကျန်းဖြစ်နေတဲ့ စမွတ်စခွန်းခရိုင်ဝန်ကို ရည်စူးကာ သံဃာတော်တွေ ပင့်ဖိတ်ပြီး အန္တရာယ်ကင်း ပရိတ်ရွတ်ခြင်း၊ ခရိုင်ဝန်အတွက် ဇာတာဆက်ခြင်း အခမ်းအနားကိုပါ ကျင်းပခဲ့ ပါတယ်။

အဆိုပါ ခုတင် ၁၀၀၀ ခန့် ယာယီကွင်းပြင်ဆေးရုံကြီးမှာ စမွတ်စခွန်းမြို့ ဖန်းတိုက်နရ ဆင်ရပ်ကွက်ထဲမှာတည်ရှိပြီး မြို့နယ်စီမံခန့်ခွဲရေးဝန် နိုင်းဝပ်ထန ဒဲန်းမဏီးက သူ့ကိုယ်ပိုင်မြေ ကွက်ထဲမှာ အလှူငွေထည့်ဝင်ဆောက်လုပ်ထားတာလို့ ဆိုပါတယ်။ 

စမွတ်စခွန်းခရိုင်ထဲမှာ ဇန်နဝါရီလ ၂၈ ရက်အထိ  ကိုဗစ်-၁၉ လူနာသစ် နောက်ထပ် ၇၆၅ ဦးတွေ့ရှိပြီး အဲဒီထဲမှာ ထိုင်းလူမျိုး ၂၀၈ ဦးနဲ့ ရွှေ့ပြောင်းအလုပ်သမား ၅၅၇ ဦးတို့ပါဝင်ကာ အများစုဟာ ရောဂါလက္ခဏာမပြဘူးလို့သိရပါတယ်။

စမွတ်စခွန်းခရိုင်ထဲမှာ လူပေါင်း ၁၀၄၅၁၅ ဦးကို စစ်ဆေးခဲ့ပြီး  အဲဒီထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၈၈၄၅ ဦးရှိကာ  သက်သာပျောက်ကင်းသူ ၁၃၉၆ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိတယ်လို့ စမွတ်စခွန်းကိုဗစ် ၁၉ ထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ 

ထိုင်းတနိုင်ငံလုံးအခြေအနေရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာတော့ လူနာသစ် ၈၀၂ ဦးရှိပြီး အဲဒီ ထဲမှာ ရွှေ့ပြောင်းလုပ်သား ၆၉၂ ဦးပါဝင်ပါတယ်။ ထိုင်းတနိုင်ငံလုံးမှာ ဇန်နဝါရီ ၂၉ ရက်နေ့ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၁၇၀၂၃ ဦးရှိပြီး ၁၁၃၉၆ သက်သာပျောက်ကင်းကာ သေဆုံးသူ ၇၆ ဦးရှိကာ လက်ရှိဆေးရုံမှာ ကုသမှုခံယူနေသူပေါင်း ၅၅၅၁ ဦးရှိပါတယ်။ 

ကိုးကား-  prachachat

2 years Ago
Up