ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ဆာခွန်းခရိုင်၊ ကထုန့်ဘဲန်မြို့နယ်ထဲမှာ ဩဂုတ် ၄ ရက်က မြန်မာအလုပ်သမား ၁ ဦး ဓားနဲ့အထိုးရတာကြောင့် အဲဒီအလုပ်သမားအတွက် တရားမျှတမှု ရရေး လုပ်ဖော်ကိုင်ဘက် မြန်မာလုပ်သား ၁၀၀ ကျော်က ဆန္ဒပြခဲ့ကြောင်း Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ကထုန့်ဘဲန်မြို့နယ် ဆွန်လုံရပ်ကွက် ဖစ်ကဆဲမ်လမ်းသွယ် ၅၉ ထဲမှာ အလုပ်သမားတွေ လူစုလူဝေးဆန္ဒပြနေကြောင်း သတင်းပေးပို့ချက်ရတဲ့အတွက် လက်ထောက် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ကထုန့်ပဲင်နယ်မြေရဲစခန်း ရဲအုပ်ကြီး ဖိထူပ်း ဖတ်ချ်ရဖတ်က သတင်းထောက်ကို ပြောပါတယ်။
တာဝန်ရှိသူတွေ ရောက်ရှိသွားချိန်မှာ အစိမ်းရောင်စပို့ရှပ်ဆင်တူဝတ်ထားတဲ့ လူ ၁၀၀ ကျော်ခန့်က တိုက်ခန်းတစ်ခုရှေ့မှာ အော်ဟစ်ဆန္ဒပြနေတာတွေ့လို့ အကျိုးအကြောင်းမေးမြန်းရာမှာ ဒီမတိုင်ခင် မြန်မာအလုပ်သမား ၁ ဦးကို တိုက်ခန်းထဲမှာရှိနေတဲ့ အဖွဲ့ထဲက ဓားနဲ့ထိုးပြီး အကြမ်းဖက်တဲ့ကိစ္စ စက်ရုံက ကျူးလွန်သူကိုအရေးမယူတဲ့အပြင် ကျူးလွန်သူမှာ ထွက်ပြေးနေလို့ ဆန္ဒပြနေကြတာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက ဆန္ဒပြသူတွေကို လူစုခွဲပြီး အလုပ်သမားကိုယ်စားလှယ်၊ စက်ရုံ မန်နေဂျာနဲ့ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးရာမှာ ဓားထိုးမှုကျူးလွန်သူကို ခေါ်လာပြီး ဝန်ချတောင်းပန်စေဖို့၊ ကျူးလွန်တဲ့အဖွဲ့နဲ့ ခံရတဲ့ဘက်က အလုပ်သမားတွေ တိုက်ခန်း တစ်ခု တည်းမထားဘဲ သီးခြားစီနေထိုင်ရေး စီစဉ်ပေးဖို့၊ အလုပ်ရုံကြိုပို့ကားလည်း သပ်သပ်စီ ခွဲကြိုပို့ပေးဖို့၊ နှစ်ဘက်လုံးတရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့၊ အလုပ်သမားတိုက်ခန်းမှာ ညအချိန်လိုအပ်တာ ဆင်းဝယ်နိုင်အောင် ဈေးဆိုင်ဖွင့်ပေးဖို့ စတဲ့အချက်တွေကို အလုပ်သမားတွေ ဘက်က တောင်းဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အေအေစီ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးရဲမင်း ပြောတာကတော့ ထိုင်းနိုင်ငံသား ၆ ဦးက မြန်မာလုပ်သား ၁ ဦးကို လည်ပင်းဓားနဲ့လှီး ခေါင်းကိုရိုက်လို့ ဒဏ်ရာရခဲ့ကြောင်း၊ ဒီကိစ္စ စက်ရုံဘက်က မဖြေရှင်းပေးလို့ အလုပ်သမားတွေအလုပ်မဆင်းဘဲ ဆန္ဒပြတာလို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အကြမ်းဖက်ခံရတဲ့ မြန်မာအလုပ်သမားဟာ ဒီမတိုင်ခင်က အလုပ်သမားခေါင်းဆောင် ထိုင်းအမျိုးသမီး ၁ ဦးကို ထိုင်းအမျိုးသား ၁ ဦးက ထိုးကြိတ်နေတာကို တွေ့လို့ အမြင်မတော်ဘဲ ဝင်တားခဲ့ရာက အလုပ်ကအပြန်မှာတော့ အုပ်စုဖွဲ့အကြမ်းဖက်တာ ခံခဲ့ရတာလို့ လည်း ရေးသားထားပါတယ်။