ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဘန်ဖရီမြို့နယ်ထဲမှာ တရားမဝင် အလုပ်သမားတွေ တင်သွင်းနေတဲ့ လူကုန်ကူးအဖွဲ့ဝင် ထိုင်းအမျိုးသား ၂ ဦး အသတ်ခံထားရပြီး သံသယရှိတဲ့ တရားခံကတော့ ထွက်ပြေးလွတ်မြောက်နေတဲ့ မြန်မာပွဲစားနဲ့ အပေါင်းပါတွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ရဲက ယူဆကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင်က ထိမ်း(ခ) နိုင်းဖန်ဖိဆစ် ( ၂၄ နှစ် ) နဲ့ ကန်း (ခ) နိုင်းမုံးခုန်းအီစမန် ( ၂၃ နှစ် ) တို့ဟာ ဒီလ၂၀ ရက်နေ့ကတည်းက အဆက်သွယ်မရဘဲ ပျောက်ဆုံးနေပြီး သူတို့နောက်ဆုံးသွားရောက်ခဲ့တဲ့ ဘန်ဖရီမြို့ ရာချာထေဝရပ်ကွက် ကင်ကယောက် ၃၉ လမ်း SP အိမ်ရာတိုက်ခန်းမှာလည်း သွေးစသွေးနနဲ့ မသင်္ကာဘွယ်ရာတွေ တွေ့တယ်လို့ သက်ဆိုင်ရာမိသားစုဝင်တွေက ရဲစခန်းကို တိုင်တန်းထားပါတယ်။
အဆိုပါတိုက်ခန်းရဲ့ အိမ်နီးချင်းဖြစ်သူကလည်း ၂၀ ရက်နေ့ ညသန်းခေါင်ကျော်မှာ အဲဒီအခန်းထဲကနေ ရန်ဖြစ်သံ၊ ကြိမ်းဝါးသံ၊ အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုသံ၊ ထုနှက်သံ ကြားရပြီး အိမ်ထဲကလူတွေ ကားနဲ့ ပြန်ထွက်သွားကြောင်း အသံဖမ်းထားတဲ့ အထောက်အထားနဲ့တကွ ရဲကို ပြောပြခဲ့ပါတယ်။
မနေ့ကတော့ ပျောက်ဆုံးနေတဲ့ သူတို့နှစ်ယောက်ကို အလောင်းအဖြစ်နဲ့ နွန်ထပူရီခရိုင် ဆိုင်းနွဲ့မြို့နယ် ရာ့ချ်ဆဒွန်းရပ်ကွက် အဝေးပြေးကားလမ်းမကြီးဘေး မြက်တောထဲမှာ တွေ့ရှိခဲ့ပါတယ်။
အလောင်းမှာ ပုပ်ပွနေပြီး ခန္ဓာကိုယ်နဲ့ လည်ပင်းမှာ ဓားထိုးရာတွေ၊ ဦးခေါင်းကိုလည်း မာကျောတဲ့အရာနဲ့ ထုနှက်ထားတဲ့ဒဏ်ရာတွေ တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူတို့နောက်ဆုံးနေခဲ့တဲ့ ဘန်ဖရီက တိုက်ခန်းကို ရဲတပ်ဖွဲ့ဝင်တွေက သွားရောက် စစ်ဆေးရာမှာ တိုက်ခန်းရှေ့နဲ့အထဲမှာ သွေးစသွေးနတွေ တွေ့ရသလို သွေးတွေ ပေကျံနေတဲ့ အဝတ်တွေထည့်ထားတဲ့ အိတ်အမည်းကိုလည်း အမှိုက်ပုံးထဲ တွေ့ပါတယ်။
အဲဒီအိမ်ရှေ့က စီစီကင်မရာကတော့ ဖျက်ဆီးခံထားရပြီး ဘေးအိမ်က စီစီကင်မရာတွေထဲ မှာ ၂၀ ရက်ညက အခန်းပိုင်ရှင် နိုင်းဆုမ်ချိုင်း ( မြန်မာလူမျိုး )နဲ့ သူ့တပည့် မြန်မာအလုပ်သမားတွေ စုစုပေါင်း ၇- ၈ ဦး ကားနဲ့အရင်ရောက်လာပုံ၊ များမကြာခင် ကန်းနဲ့ ထိမ်းတို့ရောက်လာ၊ ည သန်းခေါင်ကျော်မှာ ဆုမ်ချိုင်းနဲ့ လူအချို့ကားနဲ့ ပြန်ထွက်သွား၊ မနက် ၂ နာရီလောက် ပြန်ရောက်လာကာ အားလုံးကားနဲ့ ပြန်ထွက်သွားကြပုံတွေ တွေ့ပါတယ်။
ဆုမ်ချိုင်းမှာ တရားမဝင်အလုပ်သမားတွေ တင်သွင်းနေတဲ့ လူမှောင်ခိုပွဲစားဖြစ်ပြီး အဲဒီတိုက်ခန်းမှာ သူ့ဇနီး ထိုင်းအမျိုးသမီးတို့ အဓိကနေထိုင်ကြောင်း၊ သူ့တပည့်မြန်မာ လုပ်သားနဲ့ ပျောက်ဆုံးနေတဲ့ ထိမ်းနဲ့ ကန်းတို့ပါ ထွက်လိုက်ဝင်လိုက် အတူနေ နေကြ တယ်လို့ ထိမ်းရဲ့အမျိုးသမီး ဝနတ်ပရီယာက ရဲကို ပြောပါတယ်။
သူတို့အဖွဲ့ရဲ့ အဓိကခေါင်းဆောင်မှာ မလေးရှားက နိုင်းအယ်လ် ဆိုသူဖြစ်ကြောင်း၊ လူကုန်ကူးလုပ်ငန်းကို နိုင်းအယ်လ်ရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်နေကြပြီး ငွေတွေကို ထိမ်းနဲ့ ကန်းတို့ရဲ့ ဘဏ်စာရင်းထဲမှာ ထဲ့ထားတယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင်ရှေ့က နိုင်းဆုမ်ချိုင်းက ဘဏ်အကောင့်ထဲကငွေတွေ ထုတ်ပေးဖို့ပြောရာ ကန်းနဲ့ ထိမ်းတို့က မထုတ်ပေးလို့ စကားများခဲ့တာရှိကြောင်း၊ ကန်းက ဆုမ်ချိုင်း မိန်းမကို ရိသဲ့သဲ့လုပ်လို့ မကျေနပ်တာရှိခဲ့ကြောင်း ဒါပေမဲ့ လူသတ်မှုထိ ဖြစ်သွားမယ်လို့ မထင်ခဲ့ဖူး လို့ ဝနတ်ပရီယာက ပြောပါတယ်။
လောလောဆယ် နိုင်းဆုမ်ချိုင်းနဲ့ အပေါင်းပါတွေအကုန် ထွက်ပြေးလွတ်မြောက်နေပြီး မြန်မာပြည်ထဲပြန်ဝင်သွားပြီလို့ ယူဆကြောင်း၊ ဒါပေမဲ့ သူတို့အားလုံးကို ဖမ်းဆီး အရေးယူနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့က သတင်း ထောက်တွေကို ပြောသွားပါတယ်။
ကိုးကား - siamrath/thaipost.net
ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဖရပဒဲန်းမြို့နယ်ထဲမှာ မတ်လ ၅ ရက် မနေ့ညက မြန်မာရွှေ့ပြောင်းလုပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ပုဆိန်နဲ့ခုတ်လို့ အခုတ်ခံရသူမှာ ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ချနယ်လ် ၈ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ဖရပဒဒန်းမြို့၊ ဘန်းကျတ်ရပ်ကွက်၊ ဆုခ်ဆဝဒီလမ်းထဲရှိ စနုတ်ကာကစားခန်းထဲမှာ လူတယောက် ပုဆိန်နဲ့အခုတ်ခံရကြောင်း သတင်းပေးချက်ရတဲ့အတွက် အရေးပေါ်လူနာတင်ကားနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဖရပဒဲန်းနယ်မြေ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ အသက် ၄၀ ခန့်အရွယ်ရှိ မြန်မာလုပ်သားတယောက် နောက်ကျောနဲ့ ဦးခေါင်းမှာ ခုတ်ရာတွေနဲ့ ဒဏ်ရာပြင်းထန်စွာရရှိတာတွေ့လို့ ဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အနီးနားရှိ မျက်မြင်သက်သေတွေပြောပြချက်အရ လူနာဟာ ပုဆိန်နဲ့အခုတ်ခံရတာဖြစ်ကြောင်း၊ ဒီမတိုင်ခင်ရှေ့က အဆိုပါစနုတ်ကာခန်းထဲမှာ မြန်မာလုပ်သား နှစ်ယောက်အတူရှိနေခဲ့ကြောင်း၊ စကားပြောရင်းက အငြင်းအခုံဖြစ်ကြရာက တယောက်က အပြင်ကိုထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ခဏအကြာ သူပြန်ဝင်လာတော့ လက်ထဲမှာ ပုဆိန် တလက်ပါကိုင်လာပြီး သူနဲ့ငြင်းခုံနေသူကို အနောက်ကနေ ဝင်ခုတ်ကြောင်း ၊ ၃ ချက်ခုတ်ပြီး အနားကလူတွေ ဝိုင်းဆွဲတာကြောင့် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
တရားခံဟာ အပေါ်ပိုင်းဗလာ ၊ ဘောင်းဘီတိုအနက်ရောင်ဝတ်ထားပြီး အသားအရောင် နီစပ်စပ်နဲ့ အရပ်အမြင့် ၁၆၅ မှ ၁၇၀ စင်တီမီတာခန့်မြင့်တယ်လို့ ဆိုပါတယ် ။
ရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးအရေးယူဖို့အတွက် စီစီကင်မရာအထောက်အထားနဲ့ အနီးနား တဝိုက်ကို စစ်ဆေးနေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။