close

စရဖ

close

October 11, 2022

ရခိုင်ပြည်နယ်လွှတ်တော်ရုံး ဦးစီးအရာရှိနှင့် ၁ နှစ်သားတို့ကို စစ်ကောင်စီ ဖမ်းဆီး

ရခိုင်ပြည်နယ်၊ မောင်တောမြို့က စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင် တဦးရဲ့ ဇနီးလည်းဖြစ်၊ ရခိုင်ပြည်နယ်လွှတ်တော်ရုံးမှ ဦးစီးအရာရှိဖြစ်သူ နဲ့ ၁ နှစ်အရွယ်သားဖြစ်သူအား အောက်တိုဘာ ၁၁ ရက် မနက်မှာ စရဖ တပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း အမည်မဖော်လိုတဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

“သူတို့သားအမိကို (စရဖ)တပ်ဖွဲ့ဝင်တွေက ကား ၂ စီးနဲ့ ဒီနေ့ အောက်တိုဘာ ၁၁ ရက် မနက် ၈ နာရီလောက်မှာ စစ်တွေမြို့က  ရခိုင်ပြည်နယ်လွှတ်တော်ရုံးခြံဝင်း ဝန်ထမ်းလိုင်းခန်းက ဖမ်းဆီးခေါ်ဆောင်သွားတာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူမှာ ရခိုင်ပြည်နယ်လွှတ်တော်ရုံးမှ ဒုဦးစီးဖြစ်သူ ဒေါ်စောပုံ့ပုံ့အောင် (၃၁ နှစ်) နဲ့ သူမရဲ့ ၁ နှစ်အရွယ် သားငယ်တို့ဖြစ်ပြီး သူမရဲ့အမျိုးသားဖြစ်သူ ဦးအောင်မြတ်သိန်းမှာ မောင်တောမြို့(စရဖ)တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး လက်ရှိ ရန်ကုန်၌ သင်တန်းတက်ဖို့ သွားနေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

သူမတို့ သားမိနှစ်ဦးအား စစ်တွေ(စရဖ) တပ်ဖွဲ့က ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသလို မောင်တောမြို့မှ သူမရဲ့ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။

“သူမတို့သားမိနှစ်ဦးကို ဖမ်းဆီးသွားပြီး (စရဖ)တပ်ဖွဲ့ဝင်များက ဘယ်ကိုခေါ်သွားလဲတော့ မသိရဘူး။ သူမဖုန်းကိုလည်း ဖုန်းဆက်လို့မရဘူး။" 

ဒေါ်စောပုံ့ပုံ့အောင်တို့ သားအမိကို အခုလို စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)တပ်ဖွဲ့က ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

10 hours Ago

May 9, 2022

စရဖနှင့် ရဲခွင့်ပြုချက်ဖြင့် မူးယစ်ဆေးဝါးသယ်လာသည့် စက်လှေကို တနင်္သာရီ PDFက ဖမ်းဆီး

စစ်ကောင်စီလက်အောက်ခံ စရဖနဲ့ ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ မူးယစ်ဆေးဝါးတွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို မေလ ၇ ရက်က တနင်္သာရီမြို့နယ်မှာ  ဖမ်းဆီးရမိခဲ့တယ်လို့ တနင်္သာရီ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။ 

အဆိုပါ မူးယစ်ဆေးဝါးတင်ဆောင်လာတဲ့ စက်လှေကို တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာအနီးနားက တနင်္သာရီမြစ်ဝမှာ တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့အချိန်  ဖမ်းဆီးရမိခဲ့တာပါ။ 

လှေသား ၃ ဦးပါဝင်တဲ့ အဲဒီစက်လှေပေါ်မှာ ဘိန်းစာမှုန့်အထုပ် ၁၂၀၀၀ ကျော်နဲ့ WY စိတ်ကြွဆေးပြားတချို့ ဖမ်းဆီးရမိခဲ့ပြီး ဒေသ တန်ဖိုး ကျပ်  သိန်း ၆၀၀ ကျော်ဖိုးရှိတယ်လို့ သိရပါတယ်။ 

အဆိုပါ ဘိန်းစာမှုန့် သယ်ဆောင်လာသူတွေဟာ စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ငွေကြေးပေး လမ်းကြောင်းရှင်းလင်းပြီးမှ သယ်ဆောင်လာတယ် ဆိုတာကို စစ်ဆေးသိရှိရလို့ အဆိုပါ မူးယစ်ဆေးဝါးတွေကို မေလ ၈ ရက်မှာ မီးရှို့ ဖျက်ဆီးလိုက်တယ်လို့ တနင်္သာရီ ပြည့်သူကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ 

တနင်္သာရီမြို့နယ်အတွင်း ကျေးရွာတချို့မှာ စရဖ တပ်ဖွဲ့တွေကို လိုင်းကြေးပေးပြီး မူးယစ်ဆေးဝါးရောင်းချနေတဲ့ သူတွေရှိသလို အဲဒီလူတွေကိုလည်း စစ်ကောင်စီက လက်နက်တွေ ထုတ်ပေးထားပြီး ဒေသတွင်း PDF တွေရဲ့ လှုပ်ရှားဆောင်ရွက်နေတာတွေကို ပြန်လည်သတင်းပေးနေလို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရတယ်လို့ အဆိုပါတာဝန်ရှိသူက ဆိုပါတယ်။

လက်ရှိမှာ မူးယစ်ဆေးဝါးတင်ဆောင်လာတဲ့ အဆိုပါစက်လှေကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းထားပြီး ဖမ်းဆီးရမိတဲ့ သုံးယောက်ကိုတော့ လုံခြုံရေးအခြေအနေအရ သတိပေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

5 months Ago
Up