close

စလင်း

close

February 9, 2023

ရေနံချောင်း၊ ငဖဲ၊ စလင်းနှင့် ဆောတို့တွင် စစ်ကောင်စီတပ်နှင့် ရဲစခန်းများ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၈ ရက် ညပိုင်းက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ရေနံချောင်းမြို့ မြို့ရှောင်လမ်းက စစ်ကောင်စီရဲ့ ယာကြီးပြင်စစ်ဆေးရေးဂိတ်ကို မနေ့ ည ၉ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေနံချောင်းဖေကံကောင်းတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုဖက်တီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက်လောက် သေဆုံးနိုင်ပြီး နောက်ထပ်လည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်လာနိုင်လို့ အသေးစိတ်အချက်အလက်တွေကိုတော့ ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မကွေးခရိုင် တပ်ရင်း-၂၊ တပ်ခွဲ-၁ ရေနံချောင်း-PDF၊ နတ်မောက်-PDF တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး PDF ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

ရေနံချောင်းမြို့နယ် လက်မှတ်ကုန်းနယ်မြေရဲစခန်းကို ဇန်နဝါရီ ၃၁ ရက် ညပိုင်းမှာလည်း မိုင်းတွေ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ယောက်သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေနံချောင်းဖေကံကောင်းတပ်ဖွဲ့ကနေ သိရပါတယ်။

အလားတူ မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် အမှတ်-၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ဖေဖော်ဝါရီ ၉ ရက်မှာ People Revolution Alliance က စစ်ကြောင်းနှစ်ကြောင်းခွဲကာ ၁၀၇ မမ လျေှာ့တိုက်ဒုံး ၂ လုံး၊ RPG ၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီယမ်းချက်စက်ရုံမှာ တိုက်ခိုက်ရေးတပ်သား အင်အား ၁၀၀ ကျော်ရှိပြီး PRA(မကွေး) က မောလုံစစ်ကြောင်းနဲ့ ဟောလုံစစ်ကြောင်း၊ စစ်ကြောင်းနှစ်ကြောင်းခွဲကာ သွားရောက်ပစ်ခတ်ခဲ့ရာမှာ အဆောက်အအုံတွေ ထိခိုက်သလို စစ်ကောင်စီတပ်သားတွေလည်း ထိခိုက်သေဆုံး ဒဏ်ရာရရှိတယ်လို့ ထုတ်ပြန်ပါတယ်။

အခုမစ်ရှင်အတွက် အချိန်အများအပြား ယူထားရပြီး ကွင်းဆင်းလေ့လာမှုတွေလုပ်ကာ ရန်သူရဲ့အားနည်းချက်၊ ဟာကွက်တွေကို သေချာလေ့လာပြီး ဆောင်ရွက်ခဲ့တာဖြစ်လို့ ရဲဘော်တွေ အထိအခိုက်မရှိဘဲ အလွယ်တကူ အနီးကပ်တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ PRA မကွေးရဲ့ စစ်ဦးစီးချုပ် ဟာကြူလီက ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ အနီးဝန်းကျင်တွေ၊ စစ်ကောင်စီယာဥ်တန်းတွေနဲ့ အနီးနားမှာ ပူးကပ်နေတာမျိုးတွေ မလုပ်ဖို့၊ အဲဒီလို ပြည်သူတွေနဲ့ နီးကပ်နေရင် အချိန်ယူစီစဥ်ထားသမျှ လုပ်ငန်းတွေ အကုန်ဖျက်သိမ်းရတာမျိုးတွေ ရှိတဲ့အကြောင်းနဲ့ တော်လှန်ရေးအောင်ပွဲဟာ နီးကပ်နေပြီ ဖြစ်တဲ့အတွက် ခပ်မြန်မြန်လေးပြီးသွားအောင် ပြည်သူတရပ်လုံး အားစိုက်ကြပြီး အပြောမဟုတ် လက်တွေ့လုပ်နေတယ်လို့လည်း ပြောပါတယ်။

PRA မကွေးအနေနဲ့ မင်းဘူးခရိုင် အပါအဝင် မြစ်အနောက်ခြမ်း လွတ်မြောက်ရေးကို ဦးတည်ထားပြီး ဒေသတွင်း မဟာမိတ်တွေနဲ့လည်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ တော်လှန်ရေးရဲဘော်တွေ အထိအခိုက် အကျအဆုံး လုံးဝမရှိစေရေး ဦးတည်ထားပြီး စနစ်တကျ အချိန်ယူ ပြင်ဆင်ထားတာတွေလည်း ရှိနေသေးတယ်လို့ ပြောပါတယ်။

People Revolution Alliance (PRA) ဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ မင်းဘူးခရိုင်အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၈ ရက် ညက ကံပြားရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ မင်းဘူးခရိုင် ပ.က.ဖ ကနေ သိရပါတယ်။

စလင်းမြို့နယ် စလင်း-စေတုတ္တရာ ကားလမ်းပေါ်က ကံပြားနယ်မြေရဲစခန်းကို မနေ့က ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက်မှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် ပ.က.ဖ တာဝန်ခံ ဗိုလ်မိုးသီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ရဲစခန်းအဆောက်အဦနဲ့ ဝန်ထမ်းလိုင်းခန်းတွေ မီးလောင်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၂၀ လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရဲစခန်းအနီး ပတ်ဝန်းကျင်က ဒေသခံတွေရဲ့ ပြောပြချက်အရ သိရတယ်လို့ ဆိုပါတယ်။

အဲဒီရဲစခန်းမှာ စစ်ကောင်စီဘက်က အင်အား ၅၀ လောက် တပ်စွဲထားတာဖြစ်ပြီး နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီကျော်လောက် ဖြစ်ပွားခဲ့ပြီး စခန်းကိုတော့ မသိမ်းပိုက်နိုင်ခဲ့ဘူးလို့ ဗိုလ်မိုးသီးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် ပ.က.ဖ၊ မင်းဘူးခရိုင် တပ်ရင်း-၁၊ ပွင့်ဖြူ ပ.က.ဖ၊ စလင်းပ.က.ဖ၊ မကွေးခရိုင်တပ်ရင်း-၁ နဲ့ ရိုးမပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုဒေသမှာလည်း ဖေဖော်ဝါရီ ၇ ရက် မနက်က စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ၃ ယောက်သေဆုံးကာ ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ်-၉ တပ်ရင်း၊ ကျောက်ထု-PDF (YRFA) ကနေ သိရပါတယ်။

ကျောက်ထု-PDF YRPA ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရန်ကင်းက “ကျောက်ထုဒေသအတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို မနေ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၉ နာရီ ၄၈ မိနစ်လောက်မှာ သရက်ချည်ရွာဘက်ကနေ ကျောက်ထုဘက်ကို ပြန်တဲ့အချိန် ငလွန်းရွာနဲ့ ကျောက်ထုမြို့ကြားမှာ ကျနော်တို့ဘက်က ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ တပ်မ ၅၅၊ ၁၁၊ ၁၀၁ ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး အသင့်ထောင်ထားတဲ့ ပဒေသာမိုင်း ၁၀ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၃ ယောက် ပွဲချင်းပြီး သေဆုံးကာ ၈ ယောက်ကတော့ ဒဏ်ရာရရှိပြီး ထမ်းစဥ်တွေနဲ့ သယ်သွားကြတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ကျောက်ထုဒေသအတွင်းက ကျေးရွာတွေကို လှည့်ပတ် စစ်ကြောင်းထိုးပြီး ပြည်သူတွေရဲ့ နေအိမ်တွေက အဖိုးတန်ပစ္စည်းတွေကို ခိုးယူကြသလို ကြတ်တွေ ဝက်တွေကိုပါ စိတ်ကြိုက် သတ်ဖြတ်စားသောက်ခဲ့ကြတယ်လို့ ပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်ပြီးတဲ့နောက် အထိနာသွားတာကြောင့် အဲဒီစစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့ပေမဲ့ ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

5 mins Ago

November 1, 2022

ထီးလင်းနှင့် စလင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၆ ယောက်ခန့်သေဆုံးကာ ၁၄ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ထီးလင်းမြို့နယ် ကျားခဲရွာမှာ မနေ့ အောက်တိုဘာ ၃၁ ရက်မှာ ညအိပ်စခန်းချပြီး ဒီနေ့ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းမှာ နေအိမ် ၁၈ လုံးလောက် မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို မနက် ၉ နာရီခွဲလောက်က ပါးမျဥ်းကျေးရွာနားမှာ YDF-ထီးလင်းက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်သေဆုံးကာ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့-YDF ရဲ့ဗျူဟာမှူး သခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ အစောပိုင်းမှာ ရဲဘော်တယောက် ပျောက်နေပြီး အခု လူပြန်စုံသွားတဲ့အတွက် အထိအခိုက် အကျအဆုံး မရှိခဲ့ဘူး။ ထီးလင်းမြို့နယ်ထဲမှာတော့ ဂန့်ဂေါ ခလရ ၅၀ က စစ်(...)တွေနဲ့ ပျူ(...) အင်အား ၁၀၀ လောက် ပေါင်းထားတဲ့ စစ်ကြောင်းတကြောင်းသာရှိပြီး တလကျော်အတွင်းမှာ ကျေးရွာ ၈ ရွာက အိမ်ခြေ ၁၀၀ ကျော်လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်။”

အဲဒီ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ ပါးမျဥ်းကျေးရွာနဲ့ အနီးနား ကျေးရွာ ၃ ရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပြီး YDF-ထီးလင်းအနေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ လုပ်ဆောင်ပေးနေသလို သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူတွေက စားဝတ်နေရေးအတွက် ကူညီဆောင်ရွက်ပေးထားတယ်လို့ ဆိုပါတယ်။

စလင်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ ပေါင်းပြီး စစ်ဆေးနေတဲ့ ကံပြား မြောက်ဘက်ဂိတ်ကို မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်းက တပ်ခွဲ-၃ PPUG နဲ့ တပ်ခွဲ-၄ စလင်း-PDF တောင်ပိုင်းတို့က မိုင်းအပြင်းစား ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်း တပ်ခွဲ-၄ ရဲ့ တပ်ခွဲမှူး ဗိုလ်ထူးလေးက ပြောပါတယ်။

“အဲဒီမိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၂ ယောက် ပွဲချင်းပြီးသေဆုံးကာ ၉ ယောက်လောက် ဒဏ်ရာရရှိခဲ့ပြီး ကျနော်တို့ဘက်က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ လုံခြုံတဲ့နေရာကို ဆုတ်ခွာနိုင်ခဲ့ကြတယ်။ မိဘပြည်သူတွေအနေနဲ့ သတင်းတွေကို ကျနော်တို့ လုံခြုံတဲ့နေရာကို မရောက်သေးဘဲနဲ့ မသေချာသေးဘဲနဲ့ မတင်ကြဖို့နဲ့ မေတ္တာရပ်ခံ တောင်းဆိုချင်တယ်။ ကျနော်တို့တပ်ဖွဲ့တွေအနေနဲ့ လက်နက်ခဲယမ်းသာ ပြည့်စုံမယ်ဆိုရင် အဲဒီ မိုင်းခွဲတိုက်ခိုက်မှုအတွင်းမှာ လက်နက်တွေကို ကောက်ယူနိုင်မှာဖြစ်ပြီး လက်နက်ခဲယမ်း အားနည်းချက်ကြောင့် အဝေးကနေပဲ ပြန်လည်ဆုတ်ခွာခဲ့ရလို့ မိဘပြည်သူတွေအနေနဲ့ တတ်နိုင်သရွေ့ ထောက်ပံ့ကူညီပေးကြဖို့ တောင်းဆိုပါတယ်။”

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်းအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ YDF/PDF ထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး နယ်မြေပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။

3 months Ago
Up