မန္တလေးတိုင်း၊ စဥ့်ကူးမြို့ကနေ ငပျဥ်းအင်းကျေးရွာကို ထွက်ခွာလာတဲ့ စစ်ကောင်စီကား ၇ စီးပါ ယာဥ်တန်းကို ဒေသခံကာကွယ်ရေးတပ်တွေက မတ် ၃၀ ရက် မနက်မှာ ပဒေသာမိုင်း ၁၀ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဥဒေါင်းမင်း ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။
အဲဒီ စစ်ယာဥ်တန်းမှာ စစ်ကောင်စီတပ်အင်အား ၁၅၀ လောက် လိုက်ပါလာကာ စဥ့်ကူးမြို့နယ် ငပျဥ်းအင်းကျေးရွာကို စစ်ကြောင်းထိုးဖို့ ထွက်ခွာလာတာဖြစ်ပြီး ခူလယ်ရွာအဝင် တံတားနားမှာ မိုင်းဆွဲတိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်က စဥ့်ကူး-ကျောက်မြောင်း လမ်းပိုင်းကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေပြီး သေနတ်တွေ ရမ်းသန်းပစ်ခတ်နေတယ်လို့ သိရပါတယ်။
“ပြည်သူတွေအနေနဲ့တော့ စဥ့်ကူး-ကျောက်မြောင်းလမ်းကို အသုံးမပြုကြဖို့ ပြောချင်ပါတယ်။ အသုံးပြုတယ်ဆိုရင်လည်း စစ်ကောင်စီယာဥ်တန်းတွေနဲ့ အဝေးဆုံးက သွားလာတာမျိုး၊ ဒေသခံကာကွယ်ရေးတပ်တွေကို အကြောင်းကြားပြီး သွားတာမျိုးတွေ လုပ်ကြဖို့ တိုက်တွန်းပါတယ်” လို့ ဥဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုဒေါင်းမင်းက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်ကလည်း ခူလယ်ရွာက ပျူစောထီးတွေနေထိုင်တဲ့ နေရာအဆောက်အဦကို မိုင်းခွဲသတိပေးခဲ့တယ်လို့ ဥဒေါင်းမင်းပြောက်ကျားတပ်က ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ရပ်ကွက် ၃ မှာ မတ် ၃၀ ရက် မွန်းတည့် ၁၂ နာရီလောက်က ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်က ကြိုစောင့်ပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ် ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
ကင်းပုန်းဝပ်ဖို့ စစ်ကောင်စီတပ်အင်အား ၃၀ နဲ့ ရပ်ကွက် ၃ ဘက်ကို ထွက်လာတာကို တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
“အတွင်းသတင်းပေးချက်အရ ကျနော်တို့ လက်ဦးမှုရယူပြီး ပစ်ခတ်နိုင်ခဲ့တယ်။ စခဘက်ကတော့ ၂ ကောင်သေပြီး ၂ ကောင် ဒဏ်ရာပြင်းထန် ရသွားတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ကနီမြို့နယ် ကျောက်လုံးကြီးတပ်မဟာအဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီကတော့ ကနီမြို့နယ်ကို ဖုန်းလိုင်းနဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုတိုက်ပွဲကို ကျောက်လုံးကြီး KLG တပ်မဟာ၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂၊ DRPA အဖွဲ့နဲ့ နယ်မြေခံ ပကဖတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့လည်း သက်ဆိုင်ရာ ခေါင်းဆောင်တွေက ပြောပါတယ်။
ပဲခူးတိုင်း အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဗိုလ်မိုးကြိုးဦးဆောင်တပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးကာ အများအပြားဒဏ်ရာ ရရှိခဲ့တယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။
ဂမုန်းဆည်နားက တာဝါတိုင်ရွာနားမှာ စစ်ကောင်စီစစ်ကြောင်းကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ၅ (ဗိုလ်မိုးကြိုးအဖွဲ့)က ဦးဆောင်ပြီး ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ၅ ၊ တပ်စု ၂ နဲ့ ပူးပေါင်းကာ မတ် ၂၄ ရက် မနက် ၁၀ နာရီကျော်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ၆ ယောက် သေဆုံးကာ ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ နေရာတွေကို လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ ပဲခူး PDF က သတင်းထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်းထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား နေ့စဥ်လိုလို တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွာသာယာရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မတ် ၂၄ ရက်ည ၇ နာရီလောက် လက်နက်ကြီးလက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ကျားကြီးအဖွဲ့က ဗိုလ်ကျားကြီးက ပြောပါတယ်။
ကြက်တူရွေးကျေးရွာကနေ အင်အား ၈၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
"ရွာသာယာရွာကို သူတို့စစ်ကြောင်းထိုးလာတာ၊ ရွာသာယာက ပျူရွာဆိုတော့ သူတို့နဲ့ပေါင်းလိုက်ရင် အင်အား ၁၀၀ လောက်ရှိတယ်၊ ည ၇ နာရီကနေ ၁၂ နာရီအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ၊ လက်နက်ငယ်ကတော့ စနိုက်ပါနဲ့ပစ်ခဲ့တာ" လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။
ရွာသာယာရွာကို ရောက်နေတဲ့ စစ်သားတွေကလည်း လက်နက်ကြီးနဲ့ ၁၀ ချက်လောက် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။